Leo Nann
ဒီဆောင်းပါးကလေးက စာစရေးကြမယ့်ဂျူနီယာလေးတွေအတွက် ရည်ရွယ်ပါတယ်နော်။
စာဖတ်သူလေးတို့ ထမင်းဟင်းချက်ဖူးကြပါသလား။
ဒါမှမဟုတ် အိမ်ရှင်မ မေမေတွေ ဟင်းချက်နေတာကိုရော မြင်ဖူးကြလား။
တစ်ခါမှမချက်မပြုတ်ဖူးသူတွေဟာ
အစပိုင်းမှာဟင်းကောင်းတစ်ခွက်ချက်နိုင်ဖို့ မလွယ်ကူပါဘူး။လူတိုင်းဟာ မွေးကတည်းကဟင်းချက်တတ်လာတာ
မဟုတ်ပါဘူးနော်။
ချက်ရင်းပြုတ်ရင်းနဲ့မှ တဖြည်းဖြည်းတတ်မြောက်သွားကြတာပါ။
စာအရေးအသားကို ပျိုးထောင်ရာမှာလည်း
ဟင်းချက်ရသလိုပါပဲ။မွေးကတည်းကရေးတတ်လာတဲ့စာရေးဆရာဆိုတာ မရှိပါဘူး။ဖတ်ရင်း၊မှတ်ရင်း၊ရေးရင်း၊ပြင်ရင်းက တိုးတက်လာပြီး နောက်ဆုံးမှာ ပြေပြေပြစ်ပြစ်ရေးသားလာနိုင်မှာပါ။
စာစရေးသူတစ်ယောက်ဟာ အချက်အပြုတ်စသင်တဲ့သူတစ်ယောက်နဲ့တူပါတယ်။
စာရေးသူတွေအဖို့ ကိုယ့်မှာ ရေးစရာအကြောင်းအရာ၊အချက်အလက်ကလေးတွေရှိနေရုံနဲ့ စာကောင်းတစ်ပုဒ်တန်းဖြစ်လာတာမဟုတ်ပါဘူး။
သဒ္ဒါဝါကျသေသပ်မှန်ကန်မှု၊ရေးသားဟန်၊ဆွဲဆောင်နိုင်စွမ်း စတဲ့ဖြည့်စွက်မှုလေးတွေလိုအပ်ပါတယ်။
ဒီအချက်တွေမပါတဲ့အခါ ကိုယ်ရေးသားထားတဲ့စာစကားလုံးတွေကဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ဖြစ်နေတတ်ပါတယ်။
ဟင်းတစ်ခွက်မှာ ပါဝင်ပစ္စည်းမစုံတဲ့အခါ
ဘာလိုနေမှန်းမသိဖြစ်ကာ စားရသူအတွက်
မမြိန်စေတော့ပါဘူး။
ဒါ့ကြောင့် စာရေးသားခြင်းက ဟင်းချက်ခြင်းနဲ့ သဘောတရားချင်းအတူတူပါပဲ။
ချက်ရေးပြုတ်ရေးမှာ ဆားထည့်တန်ထည့်၊ဟင်းခတ်အမွှေးအကြိုင်ထည့်တန်ထည့်မှ
အရသာကောင်းတဲ့ ဟင်းတစ်ခွက်ရနိုင်တာပါ။
စာရေးတဲ့အခါမှာလည်း ထည့်သင့်တဲ့စကားလုံးကိုထည့်ပြီး
ဖြုတ်သင့်တဲ့စကားလုံးကို ဖြုတ်ရပါမယ်။
စာရေးတဲ့အခါ ဝါကျတည်ဆောက်ပုံကို ဂရုစိုက်ရပါမယ်။သဒ္ဒါမမှန်တဲ့ဝါကျဟာ အဓိပ္ပာယ်မရှိသလို စာဖတ်သူအတွက်လည်းအဆင်ပြေစေမှာမဟုတ်ပါဘူး။သဒ္ဒါမှန်မှန်ကန်ကန်ဖြစ်အောင်ရေးခြင်းက
ဆားခပ်တာနဲ့အတူတူပါပဲ။ဟင်းပွဲအတွက် ဆားကို
ခပ်သင့်တဲ့ပမာဏလောက်ခပ်ရသလို စာအရေးအသားမှာလည်း လိုတိုး၊ပိုလျှော့နည်းလမ်းကိုသုံးရပါမယ်။
ဆားများသွားရင် ငံတတ်သလို စကားလုံးအကြီးကြီးတွေကိုချည်း သုံးမိတဲ့အခါမှာ စာတွေဟာပြွတ်သိပ်ကျပ်ပြီး ဖတ်ရသူအဖို့ သဘောတွေ့စရာ ဖြစ်မလာနိုင်တော့ပါဘူး။
ဒီလိုပါပဲ။ဆားပေါ့တဲ့ဟင်းက အရသာမရှိသလို
ဖောင်းဖောင်းပွပွစကားလုံးတွေကိုချည်း သုံးမိတဲ့အခါ စာကကျစ်ကျစ်လျစ်လျစ်မရှိဘဲ ပွယောင်းယောင်းဖြစ်သွားတတ်ပါတယ်။
ဟင်းချက်တဲ့အခါ အရသာကို ပိုမိုကောင်းမွန်လာစေဖို့
ဖြည့်စွက်ပစ္စည်းတွေဖြစ်တဲ့ ဟင်းခပ်အမွှေးအကြိုင်တွေလည်းထည့်တတ်ကြပါတယ်။
စာအရေးအသားမှာလည်း ရေးသားထားတဲ့စာတစ်ပုဒ်ကို ပိုမိုပြောင်မြောက်လာစေဖို့အတွက် အလင်္ကာအဆင်တန်ဆာတွေထည့်ပေးရပါတယ်။ဒါဆိုရင်တော့ စာကောင်းတစ်ပုဒ်ထွက်လာနိုင်ပါတယ်။
ဟင်းချက်တဲ့အခါ နောက်ဆုံးအပိုင်းကတော့
ကိုယ်ချက်တဲ့ဟင်းလျာကို ခွင်မှမချမီမှာ
တူးမသွားစေဖို့ ဂရုပြုရပါတယ်။
တူးသွားတဲ့ဟင်းကို ဘယ်သူမှကြိုက်မှာမဟုတ်ပါဘူးနော်။
စာရေးခြင်းကို အပြီးသတ်တဲ့အခါ ပြီးလျှင်ပြီးရော ပစ်ထားလို့မရပါဘူး။
အစမှအဆုံးအထိ အပြန်ပြန်အလှန်လှန်ဖတ်ရှုကာ စစ်ဆေးရပါတယ်။စာဖတ်သူလက်ထဲသို့ ရောက်သွားတဲ့ ကိုယ့်အရေးအသားမှာ မှားချက်
သေးသေးကလေးပါသွားမယ်ဆိုရင်
အဲ့ဒီစာတစ်ပုဒ်လုံးက နှမြောစရာကောင်းလောက်အောင် အပယ်ခံဖြစ်သွားနိုင်လို့ပါ။
ဒါ့ကြောင့် စာရေးခြင်းကိုလည်း ဟင်းချက်သလိုပြုမူရပါမယ်။
တစ်ဆင့်ချင်း၊တစ်ပိုင်းချင်း သေချာလေး
ဂရုပြုပြီး ရေးသားကြမယ်ဆိုရင် အရေးအသားဟာ ကြယ်ငါးပွင့်ရထားတဲ့ဟင်းလျာလို
ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။
အထက်မှာဖော်ပြပေးခဲ့တဲ့သဘောတရားတွေက စာဖတ်သူလေးတို့အတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
-------------------------------------------------
အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
လိုအပ်ချက်လေးတွေလည်း ပြန်လည်ထောက်ပြဝေဖန်ပေးလို့ရပါတယ်နော်။
အားလုံးကိုအစဥ်လေးစားလျက်....
#Leo
Keep Reading