လရောင်ချို
တစ်ခါတုန်းက တရုတ်ပြည်မှာ လီလီဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ကျပြီး သူ့ယောက်ျား၊ ယောက္ခမတို့နဲ့အတူလိုက်နေရတယ်။အချိန်တစ်ခုကြာလာတော့ လီလီသိလိုက်ရတာက သူ့ယောက္ခမရဲ့စရိုက်နဲ့သူမဟာ ဆန့်ကျင်ဘက်ဖြစ်နေတာပါပဲ။ သူမယောက္ခမရဲ့ အကျင့်တော်တော်များများက သူမကိုဒေါသဖြစ်စေတယ်။ ပြီးတော့ လီလီကိုလည်း အမြဲအပြစ်ရှာတတ်တယ်။
ရက်တွေ လတွေ ကုန်လာခဲ့ပေမယ့် လီလီနဲ့ သူ့ယောက္ခမကတော့ ငြင်းခုံရန်ဖြစ်နေတုန်းပါပဲ။အိမ်မှာ ဖြစ်နေတဲ့ စိတ်ဆင်းရဲစရာတွေအားလုံးဟာ လီလီ့ယောက်ျားအဖို့ အကြီးအကျယ်စိတ်သောက ဖြစ်စေတာပေါ့။ နောက်ဆုံးတော့ လီလီဆုံးဖြတ်လိုက်တယ်။ ဘာလဲဆိုတော့ လီလီဟာ သူ့ယောက္ခမကို သတ်ပစ်ဖို့ပါပဲ။ လီလီဟာ သူ့အဖေရဲ့မိတ်ဆွေ ပရဆေးရောင်းတဲ့ မစ္စတာဟောင်နဲ့တွေ့ပြီး အခုအဖြစ်အပျက်တွေကိုပြောကာ အကူအညီတောင်းလိုက်တယ်။အခက်အခဲတွေကိုဖြေရှင်းဖို့ အဆိပ်တစ်ချို့ကိုလည်း ပေးဖို့တောင်းဆိုလိုက်တယ်။
မစ္စတာဟောင်က ခဏစဉ်းစားပြီး နောက်ဆုံးမှာ ပြောပြတယ်။
❝လီလီ မင်းအခက်အခဲကိုဖြေရှင်းဖို့ ငါကူညီမယ်၊ဒါပေမယ့် ငါပြောတာမင်းနားထောင်ရမယ်။ငါပြောတဲ့အတိုင်း လိုက်လုပ်ရမယ်❞
❝ဟုတ်ကဲ့ပါ မစ္စတာဟောင်၊ အန်ကယ်ခိုင်းတဲ့အတိုင်း ဘာမဆိုလုပ်ပါ့မယ်❞
အဲ့ဒီလို ပြောပြီး မစ္စတာဟောင်က လီလီကို အဆိပ်တစ်ချို့ထုတ်ပေးလိုက်တယ်။ ပြီးတော့ သူက
❝ မင်းယောက္ခမကိုရှင်းပစ်ဖို့ သက်ရောက်မှုမြန်ဆန်တဲ့အဆိပ်ကိုသုံးလို့မရဘူး။ ဒီလိုဆို လူတွေသံသယဝင်လိမ့်မယ်။ ဒါကြောင့် မင်းကိုပေးလိုက်တဲ့အဆိပ်က တဖြည်းဖြည်းနဲ့သေစေမယ့်အဆိပ်ပဲ။ အရေးကြီးတာတစ်ခုရှိသေးတယ်။ နေ့တိုင်း သူ့ကိုချက်ပြုတ်ကျွေးမွေးရမယ်။သူစားမဲ့အထဲကို ဒီအဆိပ်နဲနဲစီခပ်ထည့်ပြီးကျွေးပါ။ သူသေတဲ့အခါ မင်းကို ဘယ်သူမှ သံသယမဝင်ဖို့ အခုချိန်မှာ ကြင်ကြင်နာနာဆက်ဆံပြလိုက်ပါ။ ဂရုစိုက်ပေးလိုက်ပါ။ သူနဲ့ပြိုင်မငြင်းနဲ့။ သူ့ဆန္ဒကို လိုက်လျောလိုက်။ ပြီးတော့သူ့ကို ဘုရင်မတစ်ပါးလိုဆက်ဆံလိုက်ပါ❞
လီလီဟာ အရမ်းဝမ်းသာသွားခဲ့တယ်။ မစ္စတာဟောင်ကိုကျေးဇူးတင်ကြောင်းပြောပြီး သူ့ရဲ့အစီအစဉ်အတွက် အိမ်ကိုအလောတကြီးပြန်လာခဲ့တယ်။
တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ အချိန်ကုန်လာခဲ့ပြီး နောက်ပိုင်းရက်တွေမှာ လီလီဟာ သူ့ယောက္ခမကို ထူးထူးခြားခြား ဂရုစိုက်လာတယ်။မစ္စတာဟောင် မှာလိုက်တဲ့အတိုင်း သံသယမဝင်စေဖို့ သူမဒေါသကို ထိန်းချုပ်ပြီး သူမယောက္ခမပြောတာနာခံပြီး သူ့အမေအရင်းလို ဆက်ဆံခဲ့တယ်။
ခြောက်လတာကုန်ဆုံးပြီးနောက် အိမ်ထောင်စုတစ်ခုလုံးဟာပြောင်းလဲသွားတယ်။ လီလီဟာ သူ့ရဲ့ဒေါသကို ထိန်းချုပ်တဲ့အကျင့်လုပ်နေတာမို့ သူ့အနေနဲ့စိတ်ဆိုး၊စိတ်ပျက်စရာလုံးဝမရှိခဲ့တာကိုတွေ့ခဲ့ရတယ်။ ဒီခြောက်လတာ အချိန်အတွင်းမှာ သူ့ယောက္ခမနဲ့တစ်ခါမှ အငြင်းအခုံမဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီလီဟာ ဒေါသကိုထိန်းချုပ်နိုင်လာလို့ပါ။
ယောက္ခမရဲ့ လီလီ့အပေါ်သဘောထားကလည်း ပြောင်းလဲသွားခဲ့တယ်။ လီလီကိုသူ့သမီးအရင်းလေးလိုချစ်လာခဲ့တယ်။ လီလီဟာ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးချွေးမဖြစ်ကြောင်း သူ့မိတ်ဆွေတွေနဲ့ဆွေမျိုးတွေကိုပြောပြတတ်တယ်။ လီလီနဲ့ သူ့ယောက္ခမတို့ဟာ အခုဆိုရင်တကယ့် သားအမိအရင်းတွေလို ဆက်ဆံနေကြပါပြီ။ ဒီလိုအဖြစ်အပျက်တွေကိုတွေ့ရတဲ့ လီလီ့ယောက်ျားဟာလည်း အလွန် ဝမ်းသာပျော်ရွှင်နေတာပေါ့။
တစ်နေ့ လီလီတစ်ယောက် မစ္စတာဟောင်ဆီရောက်လာပြီး နောက်တစ်ကြိမ် သူ့ဆီကအကူအညီတောင်းတယ်။
❝မစ္စတာဟောင် ကျွန်မယောက္ခမကိုသေစေမယ့်အဆိပ်ကို ထိန်းထားပေးပါအုံးရှင်။ သူက သဘောကောင်းတဲ့အမျိုးသမီးဖြစ်လာပါပြီ။ ပြီးတော့ကျွန်မသူ့ကိုအမေအရင်းလိုချစ်နေပြီ ကျွန်မကြောင့် သူ့ကိုမသေစေချင်ဘူး❞
မစ္စတာဟောင်က ပြုံးပြီးခေါင်းငြိမ့်လိုက်တယ်။
❝လီလီရေ ငါမင်းကို ဘယ်တုန်းကမှ အဆိပ်မပေးခဲ့ပါဘူး။မင်းကိုပေးတဲ့ ပရဆေးေတွကသူ့ကျန်းမာရေးပိုကောင်းလာစေမယ့် ဗီတာမင်တွေပါ။တစ်ခုတည်းသော အဆိပ်က မင်းရဲ့စိတ်ထဲမှာသူ့အပေါ်ထားတဲ့သဘောထားပါ။ဒါပေမယ့် ဒါတွေအားလုံးဟာ အခုမင်းရဲ့ မေတ္တာကြောင့် ကင်းစင်လွင့်ပျောက်ခဲ့ပါပြီ❞
❝သူတစ်ပါးကို မေတ္တာထားသူက အပြန်အလှန်အားဖြင့် သူတစ်ပါးကလည်း မေတ္တာတုန့်ပြန်ပါလိမ့်မယ်❞
ဒါဟာ အမျှော်အမြင်ရှိတဲ့ ဆိုရိုးတစ်ခုပါ။
❝ဖယောင်းတိုင်တစ်တိုင်ဟာ နောက်တစ်တိုင်ကို မီးကူးလိုက်ရလို့ ဆုံးရှုံးစရာဘာမှမရှိပါဘူး။ကောင်းတာလုပ်ဖို့စိတ်မပျက်ပါနဲ့။ စိတ်ပျက်ငြီးငွေ့မှုမရှိခဲ့ရင် အချိန်တန်တဲ့အခါ အကျိုးကျေးဇူးခံစားရစေမှာပါ❞
စာရေးသူ-လရောင်ချို
11.9.2024
❝A candle loses nothing if it used to light another one ❞
Keep Reading