ဇမ်
Oliver Burkemanရဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြီး ဒီဆောင်းပါးလေးရေးဖို့ ideaရသွားခဲ့တာပါ။ The great pause ဆိုတဲ့ အကြောင်းအရာပေါ့။ တစ်ခါတလေ ကျွန်မတို့ဘဝမှာ မမျှော်လင့်ဘဲ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ 'stuck in the middle'ဆိုတဲ့ အခြေအနေမျိုးကြုံရတတ်ပါတယ်။ အဲ့အခြေအနေတွေက တခါတလေ ကိုယ့်ရွေးချယ်မှုကြောင့် ဖြစ်လာတာတွေရှိသလို၊ ကိုယ်မလုပ်ရပါဘဲနဲ့ ကိုယ့်အပေါ် သက်ရောက်မှုတွေ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကိုယ်မရွေးချယ်ခဲ့တဲ့ အရာတစ်ခုရဲ့ ရလာဒ်က ကိုယ့်အပေါ် လာသက်ရောက်တတ်တဲ့ အခြေအနေကို စာရေးသူက covid-19ကာလနဲ့ ဥပမာပေးထားပါတယ်။ covid ကာလတုန်းက အားလုံးသိကြတဲ့အတိုင်း အကုန်လုံးက ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းအပြင် ကျောင်းတွေပါ ပိတ်လိုက်ရတာမျိုးထိ အဘက်ဘက်က ရပ်တန့်၊ pauseဖြစ်သွားပါတယ်။
ဒါပေမဲ့ လူတွေက ဒီတိုင်းရပ်မနေဘဲ အဆင်ပြေနိုင်မယ့်နည်းလမ်းတွေကို ကြံဆရှာဖွေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တာကအစ ပညာရေး၊ စီးပွားရေးအဆုံး အွန်လိုင်းနဲ့ လုပ်လာကြတယ်။ covid ကာလ ပြီးသွားမယ့် အချိန်အတွက် အဆင်သင့်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ကြတယ်။ covid မဖြစ်ခင် အခြေအနေထက် နည်းပညာနဲ့ အကျွမ်းတဝင်ပိုရှိလာကြတယ်၊ ခေတ်ရေစီးကြောင်းမှာ ပိုပြီးအဆင်ပြေပြေ ကူးခတ်လာနိုင်ကြတယ်။ ချူပ်ပြောရရင်တော့ The Great Pause ကို ကောင်းကောင်း အသုံးချလိုက်နိုင်တယ်ပေါ့။
ကျွန်မလည်း အဲ့ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ကျွန်မရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ အခြေအနေပါ။ ကိုးဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် တစ်ဝက်တပျက်နဲ့ ကျောင်းနားလိုက်ဖို့ ကျွန်မရွေးချယ်ခဲ့ပါတယ်။ GED prep course တစ်ခုကို 6လကြာတက်လိုက်တယ်။ GEDဖြေပြီး study abroad လုပ်မယ်ပေါ့။ ဒါပေမဲ့ တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာဈေးနဲ့ တဖြည်းဖြည်းကျနေတဲ့ အိမ်ရဲ့ စီးပွားရေးအခြေအနေကြောင့် ကျွန်မမဖြေဖြစ်ခဲ့ပါဘူး။
အခု uni admissions ရာသီ၊ အခြားသူတွေက ကောလိပ်၊ တက္ကသိုလ်တွေလျှောက်နေကြတဲ့အချိန် ကျွန်မကတော့ 'stuck in the middle'ပေါ့။ စိတ်ဓာတ်တွေလည်းကျသလို ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ အခြေအနေထိပါ ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ YouTuber တစ်ယောက်က Oliver ရဲ့ စာအုပ်ကို reviewပေးတဲ့ ဗီဒီယိုတစ်ပုဒ်ကိုတွေ့လိုက်တယ်။ ဒီလိုနဲ့ပဲ အဲ့စာအုပ်ကို တစ်နေ့နည်းနည်းဖတ်ဖြစ်ခဲ့တယ်။
The Great Pause ဆိုတဲ့ အကြောင်းအရာကို ဖတ်မိတော့ ကျွန်မအတွက် စိတ်ညစ်၊ စိတ်ဓာတ်ကျစရာတွေကနေ ပြန်ထနိုင်ဖို့ အားဖြစ်ခဲ့တယ်။ ဒီတိုင်းထိုင်ပြီးစိတ်ညစ်နေမယ့်အစား ကျွန်မလုပ်လို့ရတာ ဘာရှိမလဲ၊ လာမယ့် အခွင့်အလမ်းတွေအတွက် အဆင်သင့်ဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုပြီး ကျွန်မ စဉ်းစားမိလာတယ်။ တဖက်မှာ GEDစာတွေလည်း မေ့မသွားအောင် ပြန်ပြန်နွေးပေးရင်း တဖက်မှာလည်း SAT, TOEFLတို့အတွက် အဆင်သင့်ဖြစ်အောင် self study ပြင်ဆင်ရင်း လေ့ကျင့်ခန်းကိုလည်းပုံမှန် အစီအစဉ်အတိုင်း လုပ်ဖြစ်ခဲ့တယ်။
တစ်နေ့နည်းနည်းပဲ တိုးတက်လာတယ်ဆိုရင်တောင်မှ လုံးဝမတိုးတက်တာထက်စာရင် အပေါင်းလက္ခဏာဆန်တယ် လို့ပြောလို့ရတယ်။ တစ်နေ့တဆယ်ဆိုရင် ဆယ်ရက် တစ်ရာရမှာပဲလေနော။ ပြီးတော့ ကိုယ့်ကိုယ်ကို တိုးတက်တယ်လို့ခံစားရတဲ့အတွက် စိတ်ညစ်တာ စိတ်ဓာတ်ကျတာမျိုးတွေလည်းနည်းသွားတယ်။ ကျွန်မရဲ့ future self က ကျွန်မအခုလို ရှေ့တိုးမရ၊ နောက်ဆုတ်မရ The Great Pause ကာလကို ကောင်းကောင်းအသုံးချခဲ့တဲ့အတွက် ကျွန်မကို ကျေးဇူးတင်လို့မဆုံးမှာ သေချာပါတယ်။
Photo © Pinterest
Keep Reading