Kavi
ကျွန်မတို့တွေဟာ စာဖတ်ရတာကို ဝါသနာပါကြပါတယ်။ ဒီလိုနဲ့ စာအုပ်ပုံတွေကြားမှာ အချိန်တွေ ကုန်ဆုံးပြီး စာတွေ ဖတ်နေပြီးရင်းနဲ့ပဲ တစ်ချိန်မှာ အမျိုးမျိုးသော စာတွေကို ဖတ်ရာကနေ ရလာတဲ့ အသိပညာတွေ၊ ဖတ်ထားတဲ့ စာတွေကို အတွေးနယ်ချဲ့ရင်း ရလာတဲ့ အတွေးမျိုးစုံတွေကို အခြားသူတွေသိအောင် ပြန်လည်မျှဝေချင်စိတ်တွေ ဖြစ်ပေါ်လာပါတော့တယ်။
ဒီလိုမျှဝေတာဟာ စာဖတ်ခြင်းကနေ ရရှိလာတဲ့ ဗဟုသုတတွေနဲ့ ကမ္ဘာကြီးရဲ့ အမြင်တွေကို ပြောင်းလဲချင်တာကြောင့်လည်း ဖြစ်နိုင်သလို၊ တစ်ချိန်က ကိုယ့်လို အကူအညီ လိုအပ်နေတဲ့ သူတွေကို ကိုယ့်လို စိတ်အားမငယ်ရအောင်၊ ကူကယ်ရာမဲ့ဖြစ်နေသလို မခံစား စေချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်မတို့ဟာ ကလောင်စကိုင်ဖို့ အကြောင်းဖန် လာရပါတော့တယ်။
ကလောင်ကိုင်ပြီး စာရေးတယ်ဆိုတာ လွယ်မယောင်ခက်၊ တိမ်မယောင် နက်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခေါင်းထဲမှာ ရှိတဲ့၊ ကိုယ်တစ်ယောက်ပဲ နားလည်တဲ့ အတွေးတွေကို တစ်ပါးသူ နားလည်လွယ်စေမယ့် စကားလုံးတွေအဖြစ် ပြောင်းလဲရတာဟာ အမှန်တကယ်မှာတော့ လွယ်ကူတဲ့ ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ လူတိုင်းလည်း ဒီလိုမစွမ်းဆောင်နိုင်ကြပါဘူး။ ဒါပေမယ့် ခက်ခဲတယ် ဆိုတာနဲ့ ကျွန်မတို့ဟာ ကလောင်ကိုင်ပြီး စာရေးလို့ မရပြန်တော့ဘူးလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။
ဘယ်အရာမဆို လွယ်ကူတယ်ရယ်လို့ မရှိပါဘူး။ ခေါင်းထဲက အတွေးတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲရာမှာလည်း မလွယ်ကူပါဘူး။ သုတစာပေကို ရေးသည်ဖြစ်စေ၊ ရသစာပေကို ရေးသည်ဖြစ်စေ သူ့နေရာနဲ့သူ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲကတော့ ရှိစမြဲပါ။
ဒီလို အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ။
သူများ ရေးတာကို ဖတ်ပါ။ ကိုယ်တိုင် တွေးပါ။ ကိုယ်တိုင် ရေးပါ။ ကိုယ်ရေးထားတာကို ပြန်ဖတ်ပါ။ စာဖတ်ခြင်းနဲ့ စာရေးခြင်းဆိုတာဟာ ဘယ်တော့မှ ခွဲထားလို့ မရတဲ့ အရာတစ်ခုပါ။ စာဖတ်ခြင်းနဲ့ ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်နဲ့ နှလုံးသားကို အာဟာရပေးစွမ်းနိုင်တာကြောင့် လူသားတွေ အသက်ရှင်ဖို့ အသက်ရှူသွင်းရတာနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ စာရေးခြင်းဆိုတာကတော့ ကျွန်မတို့ သိထားသမျှ ဗဟုသုတတွေကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံနဲ့ တစ်ဖန်ပြန်လည်ဆန်းသစ်ပြီး တီထွင်မျှဝေရတာပဲ ဖြစ်ပါတယ်။ စာဖတ်ခြင်းက ရရှိလိုက်တဲ့ ဗဟုသုတတွေကိုပဲ ပြန်လည်ဆန်းသစ်ရတာကြောင့် စာရေးခြင်းကို အသက်ရှူထုတ်ခြင်းနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ အဲ့တာကြောင့် စာရေးချင်တယ်ဆိုရင် အရင်ဆုံး စာဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။
စာများများဖတ်ထားပြီးရုံနဲ့ စာရေးနိုင်ပြီလား ဆိုတော့လည်း မဟုတ်သေးပြန်ပါဘူး။ အထက်မှာ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံနဲ့ ပြန်လည်ဆန်းသစ် တီထွင်တယ် ဆိုတာကို ဖော်ပြခဲ့ပါသေးတယ်။ ဘယ်လိုတီထွင်မလဲ။ စကားလုံးတွေကို ကိုယ့်မူပိုင်ပုံစံဖြစ်အောင် ဘယ်လိုပြောင်းလဲကြမလဲ။ စာရေးသူတစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ စာရေးတာပါပဲ။ စိတ်ပျော်ရွှင်နေချိန်မှာလည်း ရေးရမှာဖြစ်သလို ဝမ်းနည်းနေချိန်မှာလည်း ရေးရမှာပါ။ ဒေါသထွက်နေချိန်မှာလည်း ရေးရမှာ ဖြစ်သလို စိတ်အေးချမ်းနေချိန်မှာလည်း ရေးရမှာပါ။ ကျွန်မတို့ ခံစားမှုတွေ ပြင်းထန်နေချိန်မှာ ရေးလိုက်ရတဲ့ စကားလုံးတွေဟာ စကားလုံး အစစ်အမှန်တွေပဲ ဖြစ်ပါတယ်။ နှလုံးသားကလာတဲ့ စစ်မှန်တဲ့ စကားလုံးတွေဖြစ်တာကြောင့် စာဖတ်သူရဲ့ ရင်ကိုလည်း ထိမိစေပါလိမ့်မယ်။
ကျွန်မတို့ စာရေးတဲ့ အခါမှာလည်း အခြားသူတွေက ကျွန်မတို့စာကို ဖတ်ပြီး ဝေဖန်မှာ တွေးပူနေစရာ မလိုပါဘူး။ ကျွန်မတို့ စာရေးတယ် ဆိုတာဟာ ကမ္ဘာကြီး အကြိုက်လိုက်ဖို့မဟုတ်ဘဲ ကျွန်မတို့အတွေး၊ ကျွန်မတို့ ခံယူချက်တွေကို ဖော်ပြပြီး၊ စာဖတ်သူတွေကိုလည်း တွေးစရာတစ်ခု ပေးစွမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ကလောင်ကိုင်ပြီး ရေးထားတဲ့ စာကြောင့် ရလိုက်တဲ့ တွေးခေါ်စရာတွေကနေ စာဖတ်သူတွေရဲ့ ခံယူချက်တွေ၊ အတွေးတွေ ပြောင်းလဲသွားတယ် ဆိုရင် ကျွန်မတို့ စာရေးရကျိုးနပ်တယ်လို့ဆိုရပါမယ်။
ကလောင်ကိုင်သော လက်တို့ဟာ သိပ်ကို အစွမ်းထက်လှပါတယ်။ ကျွန်မတို့ ကလောင်က ကျလာတဲ့ မင်တစ်စက်ဟာ လူတွေကို ငိုအောင်လည်း လုပ်နိုင်သလို ရယ်အောင်လည်း လုပ်နိုင်ပါတယ်။ ကောင်းတဲ့ဘက်ကို ပြောင်းလဲအောင်လည်း လုပ်နိုင်သလို မကောင်းတဲ့ဘက်ကို ပြောင်းလဲအောင်လည်း စွမ်းဆောင်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ကလောင်လက်နက်ကို ဘယ်လိုအသုံးချမလဲ ဆိုတာကတော့ ကာယကံရှင် ကျွန်မတို့အပေါ်မှာပဲ မူတည်နေပါတယ်။
ကျွန်မက အတွေ့အကြုံတွေ အများအပြားရှိတဲ့ စာရေးသူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ ကလောင်သွားထက်အောင် ကြိုးစားနေရတဲ့ ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရရှိရတဲ့ သင်ခန်းစာတို့ကို မျှဝေပေးလိုခြင်းသာ ဖြစ်ပါတယ်။
Kavi(ကဝိ)
Keep Reading