ရွှေကူမေနှင်း
သူ့ကို ကျွန်မက “ငကောင်း” လို့ ခေါ်ပါသည်။ မြန်မာတွေရဲ့ အခေါ်အဝေါ်တွေမှာ လူနာမည်ကို “မောင်” ထည့်မခေါ်ဘဲ “င” ထည့်တဲ့ အလေ့အထရှိခဲ့ပါတယ်။ ဥပမာ - စာတိုငညို၊ ငချစ်ညို စသဖြင့်။ ကျွန်မတို့ စာရေးဆရာလောကမှာလည်း ဆရာဆင်ဖြူကျွန်းအောင်သိန်းက အမှူးပြုပြီး မိမိချစ်တဲ့ လူငယ်စာရေးဆရာတွေကို (ချစ်စနိုးနဲ့) “င” ထည့်ခေါ်ခဲ့တယ်။ ဥပမာ - ချစ်ဦးညိုကို ငချစ်။ မောင်သွေးသစ်ကို ငသွေး။ ဒေါက်တာငွေစိုးကို ငဒေါက်တဲ့။ အဲသလိုခေါ်ရင် ချစ်လို့၊ ရင်းနှီးလို့ပဲဆိုတာ သေချာပါတယ်။
ကျွန်မကလည်း ငသွေးတို့၊ ငချစ်တို့အပြင်၊ ရင်းနှီးချစ်ခင်သံယောဇဉ်ကြီးရတဲ့ မောင်ငယ်တစ်ယောက်ကို “ငကောင်း” လို့ ခေါ်ခဲ့ဖူးပါတယ်။ သူ့နာမည်အပြည့်အစုံက “ကောင်းမြတ် (ခရာတော)” ပါ။
သူက နာမည်ကြီးစာရေးဆရာတစ်ယောက်တော့ မဟုတ်ရှာပါဘူး။ ကဗျာအရေးများတယ်။ အထူးသဖြင့် အမေနဲ့ ပတ်သက်တဲ့ ကဗျာရှည်ကြီးတွေရေးပြီး ဆုတွေ မနားတမ်းဆွတ်ခူးနေခဲ့သူလည်း ဖြစ်တယ်။ ကျွန်မ သူ့ကို ရင်းနှီးရတာကတော့ အတွေးကဗျာတွေကြောင့် မဟုတ်ပါ။ ဂီတကြောင့်ပါ။
ကျွန်မတို့ စာရေးဆရာတွေထဲမှာ စာကဗျာအပြင် ဂီတအနုပညာကို စွဲလန်းမြတ်နိုးစွာ သီဆို တီးမှုတ်တတ်တဲ့ လူတွေ အနည်းအပါး ရှိနေခဲ့တယ်။ စာရေးဆရာတိုင်းကတော့ သီချင်းဆိုတတ်တာ မဟုတ်ပါဘူး။ တီးတတ်တာလည်း မဟုတ်ပါဘူး။ တချို့က စာရေးဆရာအနေနဲ့ ဟောပြောပွဲစင်ပေါ်တက်ရင်း သီချင်းဆိုပြနိုင်ရမယ်လို့ ထင်ကြတာ။ သိပ်ကို မှားပါတယ်။ ဟောပြောပွဲမှာ မဖြစ်မနေ သီချင်းဆိုစရာလည်း မလိုအပ်သလို မဆီလျော်ဘဲဆိုရင်လည်း အထင်သေးခံရမှာပါ။
ကျွန်မနဲ့ ငကောင်း (ခေါ်) ကောင်းမြတ်နဲ့က စာပေဟောပြောပွဲနဲ့ မဆိုင်တဲ့ ဂီတပွဲတစ်ခုမှာ စပြီး ဆိုရတီးရတာ ဖြစ်ပါတယ်။ စာပေနဲ့ မပတ်သက်တဲ့ ပွဲတစ်ပွဲမှာပါ။ တစ်ခါတလေတော့ တီးတတ်ဆိုတတ်တဲ့ လူတွေ ဆုံမိကြတဲ့အခါ ဘာပွဲမှ မဟုတ်ဘဲ ဆိုကြတီးကြလေ့ရှိတာက အထုံဝါသနာတစ်ခုပါပဲ။
သူက “စောင်း” ကို ခုံမင်တယ်။ ကြိုးစားတီးတယ်။ ပြီးတော့ ပြောပါသေးတယ်။
“ကျွန်တော်က… နှင်းပျောက်တဲ့နွေ.. တီးချင်လို့ စောင်းကို မဖြစ်မနေ သင်ခဲ့တာတဲ့”
“အစ်မ.. နှင်းပျောက်တဲ့နွေ.. ဆိုစမ်းပါ။ ကျွန်တော် တီးချင်လို့..” တဲ့။
“နှင်းပျောက်တဲ့နွေ” သီချင်းက ရုပ်ရှင်ဇာတ်ကားထဲမှာ ဗိုလ်ဗဟို ဆိုတီးတာ ဖြစ်ပါတယ်။ နှင်း.. ဆိုတဲ့ မိန်းကလေးကို ဂုဏ်ရည်မတူလို့ ခွဲခွာခဲ့ရပြီးတဲ့နောက် နှင်းပျောက်တဲ့နွေ သီချင်းကို စောင်းနဲ့ ဆိုတီးတဲ့ ဇာတ်ဝင်ခန်းပါ။ နောက်ကနေ ဆိုပေးသူက ကိုသက်ဦး ဖြစ်ပါတယ်။ (ရောင်းတမ်းဓာတ်ပြားအဖြစ် မာမာအေး ဆိုတယ်။)
သီချင်းက ကြေကွဲဖွယ်ဖြစ်သလို စောင်းသံလေးနဲ့ ပိုပြီး လွမ်းဆွတ်စေပါရဲ့။ နောက်ခံ ဇာတ်လမ်းကလည်း အလွမ်းဆိုတော့.. လွင့်ပျံနေတော့တာပါပဲ။
အဲသလို.. သူက စောင်းတီးတိုင်း နှင်းပျောက်တဲ့နွေကို စွဲစွဲမြဲမြဲတီးရာက တခြားသီချင်းတွေကိုပါ တီးနိုင်ခဲ့တယ်ဆိုပါစို့။ ဒီလိုနဲ့.. ကျွန်မတို့ ဆုံရင် ဆိုကြ တီးကြ (ဆို-တီး-စားပြန် လို့ ခေါ်ပါတယ်။)
လုပ်ရင်း ပွဲငှားလေးတွေ ရတတ်ပါရော။
“ပွဲငှား” ဆိုတာ ပွဲဆိုတီးဖို့ “ငှား” လာကြတာကို ဆိုတာပါ။ မှတ်မှတ်ရရ.. ထုတ်စေသူ ဦးကြိုင်မြင့် (ဝါမိုးအောင်စာပေ) က သူ့ဇာတိရွာမှာ ဘုရားလေးပြုပြင်ပြီး ထီးတင်ဖို့ လုပ်တော့ ထီးတင်တုန်းမှာ “ထူးမခြားနား” ရောင်ခြည်တော်ဘွဲ့ကို စောင်းနဲ့ အဆို.. လေးလုပ်ဖို့ လာငှားတာတဲ့။ ဒီအခါ ကောင်းမြတ်က ကီးဘုတ်ခွန်တင်ကြွယ်ကိုလည်း တွဲတီးဖို့ ခေါ်တယ်။ အဆိုကတော့ ကျွန်မတဲ့လေ။
ကျွန်မဆိုတဲ့ ကျွန်မကလည်း ပရော်ဖက်ရှင်နယ် အဆိုတော်သာ မလုပ်တာ။ ဝါသနာရှင်အနေနဲ့တော့ မဟာဂီတကို ဒေါ်စောမြအေးကြည် မူနဲ့ သင်ခဲ့သူပေပဲ။ ဆရာဦးဌေးအောင်အဖွဲ့နဲ့ မြန်မာ့အသံသီချင်းကြီးဝိုင်းမှာ ပင်တိုင်အဆိုတော် လုပ်ခဲ့တာကိုး။ ထူးမခြားနားကိုများ အသာလေး ကောက်ဆိုနိုင်တယ်ပေါ့။
ဒါနဲ့ ကျွန်မတို့ (၃) ဦး ဘုရားထီးတင်ပွဲဆိုမို့ သွားကြရော။ ဖြစ်ပုံက.. ပွဲမလုပ်ခင် ညကတည်းက တည်းခိုအိမ်မှာ အစမ်းလေ့ကျင့် သီချင်းနဲ့ အတီးတိုက်ကြပြီးသား။
အားလုံး အိုကေတယ်ပေါ့။ မနက်စောစော နေကလေး မဖြူခင် နှင်းငွေ့လေးဝေ့နေဆဲ..။ ရွာလယ်က ဘုရားလေး ထီးစတင်ပါပြီ။
ဒီနေရာမှာ ကျွန်မရဲ့ ဂီတအရည်အသွေးကို အနည်းငယ် တင်ပြရပါဦးမယ်။ ကျွန်မက “ထံတျာတေရှင်” ကို ဒေါ်စောမြအေးကြည်နဲ့ သင်ခဲ့တာလို့ ကြွားလေ့ရှိပါရဲ့။ မှန်လည်း မှန်ပါတယ်။ ၁၉၅၆ - ၅၇။ ရန်ကုန်ဆရာအတတ်သင် သိပ္ပံတက်တော့ ဒေါ်စောမြအေးကြည်က ဂီတကထိကကိုး။ (ဒီကြိုးသီချင်း တစ်ပုဒ်ပဲ သင်ခဲ့ရတာပါ။ တခြား ယိမ်းသီချင်းတွေပဲ သင်ခဲ့ရတယ်။)
အဲသလို.. ဒေါ်စောမြအေးကြည်တပည့်လို့ ကြွားလုံးထုတ်လေ့ရှိပေမယ့် အသံတွေကို မခွဲတတ်ပါဘူး။ ဒေါ်စောမြအေးကြည်က စန္ဒရားမောင်သိန်းဟန်နဲ့ တွဲသင်တာ။
“မောင်သိန်းဟန်.. ငါးပေါက်တီးပြလိုက်”
“မောင်သိန်းဟန်.. ခြောက်ပေါက်စမ်းပြ..”
စသဖြင့် ပြောတာကို မောင်သိန်းဟန်က တီးပြပါရဲ့။
ကျွန်မနားထဲမှာဖြင့်.. “အတူတူပဲ” လို့ ထင်ခဲ့တာ။
(လူကလည်း ၁၆-နှစ်လေ)
အဲသလို ငါးပေါက်တွေ၊ ခြောက်ပေါက်တွေကို မခွဲခြားတတ်ပေမယ့်.. အတီးက ရှေ့ကနေ ပြလိုက်ပြီဆိုရင်တော့ ချောအောင် ဝင်ဆိုနိုင်ပါတယ်။ (ကီးစင်တယ်လို့ ဆိုတာ) အတီးတခြား၊ အဆိုတခြား မဖြစ်ပါဘူး။
အခု.. ထီးတင်ပွဲမှာ..
ထီးကလေးလို.. ရထားမှာတင်လို့..
ရွာပရိသတ်ကလည်း အပြည့်..
ကျွန်မတို့ (၃) ယောက်သား ဒူးကလေးတွေတုပ်လို့ ကီးဘုတ်ရယ်၊ စောင်းရယ်၊ အဆိုရယ်။
ထူးမခြားနားကိုတော့ အခန့်စား ဆိုရမှာ။ ကီးဘုတ် စန္ဒရားသံမပါ။ စောင်းသံ ဟိန်းနေရမယ်။ ဒီလိုကိုး။
ကဲ.. စဆိုပါပြီ။
တိုက်ထားတုန်းက.. ထူးမခြားနားက စဆိုရတာ။
အခု.. ပွဲထဲကျတော့
ဗုဒ္ဓံ.. မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ ဘုရား.. နဲ့ စလိုက်တယ်။
ရတယ်လေ.. အိုကေပါ..။
ဆိုတယ်ပေါ့။ သူ့စောင်းရဲ့ “ကီး” အတိုင်းပေါ့။
သို့သော်..
ထူးမခြားနားလည်း ဝင်ရော.. နည်းနည်း “မြင့်” နေတယ် အောက်မေ့မိတယ်။ ပိုပြီး အော်ရတယ်။ ဒါလည်း ကိစ္စမရှိပါ။
ဒါပေမယ့်..
ဆိုရင်း.. ဆိုရင်း.. အသံက “မြင့်” နေရပြီ။ ဘယ်တတ်နိုင်မလဲ။ အတီးရဲ့ အသံ Key နဲ့ ကိုက်အောင် ဆိုရတာပေါ့။
ချွေးတွေကို ပြန်လို့။
လူလည်း လိမ်ဖယ်ဖယ် ဖြစ်လို့။
အကျိတ်အနယ် ဆိုရတာ။
အားလုံးပြီးတော့မှ - (ပွဲအပြင် ရောက်မှ)
ကောင်းမြတ်က..
“အစ်မကို သနားလိုက်တာဗျာ။ ကျွန်တော်က.. ဗုဒ္ဓံ မြတ်စွာဘုရား ကန်တော့ချိုးကတည်းက F နဲ့ စလိုက်မိတယ်။
အစ်မနဲ့ တိုက်ထားတာက - C..။ အစ်မက တစ်ပုဒ်လုံး အော်ရရှာတာ။ ငါ့အစ်မ.. လိပ်ခေါင်းများ ထွက်ပြီလားလို့”
ဒီတော့မှ ကျွန်မလည်း - ဒါကြောင့် ငါ.. အသံ “အစ်” နေတာကိုးလို့.. သူ့ကိုလည်း.. “မသာ..” လို့ ဆဲရတော့တယ်။
(ဒီအဖြစ်ကို လူစုံတိုင်း သူပြန်ပြောလေ့ရှိရဲ့)
တစ်နှစ်သား အမေနေ့ပွဲ..။
သုဝဏ္ဏမှာရှိတဲ့ မောင်ချစ်ညို (ဦးဇင်း..) ရဲ့ ဟောပြောပွဲ လုပ်တယ်။ ကျွန်မက ဟောပြောတဲ့အထဲမပါဘူး။ နားထောင်ဖို့ပဲ သွားတာ။ ညပွဲပါ။ အဲဒီမှာ စင်ပေါ် စန္ဒရားဝိုင်းတွေ့ရော။ အမေ သီချင်းတွေ ဆိုကြမှာတဲ့။ ဘယ်သူတွေမှန်း မမှတ်မိ။ ဒီနေရာမှာ.. ကောင်းမြတ်က ကျွန်မကို “တွန်း” တာ။
“အစ်မ မိဘမေတ္တာဆို” တဲ့။
မိဘမေတ္တာဆိုတတ်သားပဲ။ ဒေါ်ကြည်အောင်ရဲ့ ဓာတ်ပြား ခဏခဏဖွင့်ခဲ့ရတာ။ သို့သော်.. ကျွန်မက အသံသွင်းရင် စာအုပ်ကြည့်တဲ့အကျင့်ပါနေလို့ စင်ပေါ်မှာ ဆိုရတဲ့အခါ “စာသား” မေ့နေကျ ဖြစ်နေတယ်။
“ငါ.. စာသားမရှိဘူး။ မဆိုချင်ဘူး။” ပြောတော့
“ဆိုသာဆို.. စင်အောက်က ကျွန်တော် ထောက်ပေးမယ်” တဲ့။
မောင်နှမနှစ်ယောက် “မိုက်” လိုက်ပြန်ပြီ။
ကျွန်မက.. စင်ပေါ်မှာ မိုက်ကရိုဖုန်းလေးရှေ့ ဟန်နဲ့ ပန်နဲ့ မတ်တပ်ရပ်ရင်.. အပီဟဲပါတယ်။ စာသားကို စဉ်းစားစရာ မလိုအောင် သူက ပြေးလာပြီး စင်ရှေ့နားကနေ ဆိုပြတယ်။ သူ့ဆီက စာသားရလိုက်၊ ကိုယ်က ဟန်နဲ့ ပန်နဲ့ ဆိုလိုက်။ သူကပြေးလာလိုက်၊ ထောက်လိုက်၊ စင်ရှေ့က လူတွေ သိကြတာပေါ့.. ဆိုလို့ပြီးသွားတော့ ကျွန်မက စာသားမရတာ.. ပေါ်သွားရော။ (မသာ ငကောင်း.. လို့ ဆဲခဲ့ရ။)
ကြေးစားသာ မဟုတ်တာ။ ပွဲကများသား။ အင်းလေး ဖောင်တော်ဦး ဆရာတော်မွေးနေ့ပွဲကြီးကတောင် ဖိတ်လို့ အဖွဲ့လိုက် သွားခဲ့ကြရသေးတယ်။ အဲဒီမှာက စန္ဒရားဝိုင်း ဆင်ထားပြီးသား။ ကျွန်မတို့ကို “ရန်ကုန်က စာရေးဆရာတွေ” လို့ အထင်ကြီး နေကြတာ။ ကိုယ်တွေလည်း ကြေအောင် တိုက်ထားရတယ်။
ဖြစ်ချင်တော့ သီချင်းလုံးဝမဆိုတတ်တဲ့ ဆရာမ တစ်ယောက် ကျွန်မတို့ အစီအစဉ်ထဲလည်း မထည့်ထားတာကို သူက ထူးပြီး ဟိုစန္ဒရားဝိုင်းထဲက ဘာမပြော ညာမပြောနဲ့ သွားဆိုတာ။ ဆိုတဲ့ သီချင်းကလည်း အကြီးကြီး။ သူ ဘယ်လိုမှ မနိုင်ဘူး။
ကျွန်မ စိတ်ဆိုးတာပေါ့။ ရှက်တာပေါ့။
ကောင်းမြတ်ကို ကြည့်တော့ မဏ္ဍပ်အပြင်ဖက်မှ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ သူလည်း ရှက်နေတာများ ဆွဲခေါ်လို့လည်း မဖြစ်။
“ငကောင်း - နင်သွားတားလေ..”
ကျွန်မက အော်ပြောတယ်။
“ကျွန်တော်လည်း - မတားနိုင်ဘူး”
သူ ကျွန်မအနားကထိုင်ပြီး ပြောတယ်။
ပြီးတော့ ကျွန်မတို့ နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ငိုလိုက်ကြတာ ဘာပြောကောင်းမလဲ။ ငိုလို့ ကောင်းမှကောင်း။ မျက်ရည်တွေ ဖြိုင်လို့ပါ။ (အနုပညာကို အထိပါး မခံချင်တာ။)
အဲဒီပွဲပြီးတော့
ကျွန်မက “ဟဲဟိုး” ကနေ လေယာဉ်နဲ့ ပြန်ခဲ့တယ်။ သူတို့ အဖွဲ့တွေက ကားနဲ့ပြန်လို့ ကျန်ခဲ့တယ်။ တောင်ကြီးမှာ ခဏ နားကြတယ်။
ကျွန်မ အိမ်ပြန်ရောက်တော့ ည.. ၈.. နာရီလောက် ဖုန်းလာတယ်။ ကောင်းမြတ် အသံ။
“အစ်မရေ.. ဒီမှာ ကျွန်တော်တို့ ဆရာတော့်အမျိုးတစ်ယောက် မွေးနေ့တဲ့။
အဲဒါ.. တီးကြဆိုကြမလို့။ အစ်မလည်းဆိုရော.. အစ်မဖုန်းကို စပီကာ ဖွင့်ထား။ ကျွန်တော်လည်း စပီကာ.. ဖွင့်ထားတယ်။ ကျွန်တော် တီးတာ ကြားလား။ ဟုတ်ပြီ။ ဘဝသံသရာနော်။
မိတ်ဆွေများရှင်
သီချင်းတွေကို စောင်းနဲ့ဆိုကြ တီးကြတာ ကြားဖူးကြမြဲပါ။ အခု.. ကျွန်မတို့လို.. တောင်ကြီးက စောင်းတီးပြီး ရန်ကုန်က သီချင်းဝင်ဆိုတာ ကြားဖူး မြင်ဖူးကြမှာ မဟုတ်ပါဘူး။ တကယ်ကိုပဲ ကျွန်မတို့ ဆိုတီးခဲ့ကြပါတယ်။ အဲတာ.. ငကောင်းရဲ့ စိတ်ကူး။
ဒီတော့ကာ..
အမေနေ့တိုင်း ဆုရတဲ့ ကဗျာဆရာ
တောင်ကြီးနဲ့ ရန်ကုန် ဆိုတီးတဲ့ စောင်းဆရာ အခု သူမရှိတော့ပါ။
အဲဒီ “ငကောင်း” ကို ကျွန်မ.. မလွမ်းဘဲ နေပါ့မလားနော်။
၂၀-၆-၂၄။
Keep Reading