ရာသက်ပန်(တောင်ငူဆောင်)
တစ်ချိန်တုန်းကတော့ နှင်းတွေတအားကျခဲ့သည့် မြင်ကွင်းမျိုးကို သူအလွန်နှစ်သက်ခဲ့ဖူးသည်။ အကွာအဝေးနီးနီးကလေးကိုတောင် မမြင်ရလောက်အောင် ကျခဲ့သည့် နှင်းတွေကို ကောင်းကင်ရဲ့ ဘယ်နေရာကများ အစုလိုက်
အပြုံလိုက် ပြိုဆင်းလာကြတာလဲလို့ စူးစမ်းကြည့်မိသည်။ နှင်းတွေကို အံတုပြီးစက်ဘီးကို အပြင်းနင်းတဲ့အခါ မျက်နှာကိုနှင်းတွေက ခပ်ပြင်းပြင်း လာရိုက်သည်။
“မနက်စောစောမှာ နှင်းတွေနဲ့ မျက်နှာသစ်ရအောင်ဟေ့"လို့လည်း အော်ကြသေးသည်။ ရန်ကုန်-ပြည် ကားလမ်အ
တိုင်း “ဘိုးသာအောင်ကုန်းရွာ”အထိ စက်ဘီးစီးကြသည်။ အိမ်ပြန်ရောက်တော့ချွေးတွေနှင့်ပါရောပြီး မျက်နှာသစ်ပြီးသား ဖြစ်နေသည်။အခုတော့ နှင်းတွေ ပိန်းပိတ်အောင်ကျနေသည့်မြင်ကွင်းမျိုးကို မြင်ရတိုင်းမျက်ရည်က စို့ချင်သည်။ နှင်းစက်နှင့်လမ်းပေါ်လျှောက်ပြီး စိတ်ထဲမှာ ခံစားမှုဗလာ ဖြစ်နေတတ်သည်။ ဟိုတုန်းကနှစ်သက်ခဲ့ဖူးသော နှင်းတွေကို မျက်ရည်ကြားမှာ ဝိုးတဝါးမြင်ရတဲ့အခါ နှင်းတွေဟာလည်း ဆောင်းကောင်းကင်ကြီးရဲ့မျက်ရည်တွေလားဆိုတာ သံသယဝင်လာသည်။
အဖေက နတ်တလင်းသား၊ အက ကျောက်ဖြူသူ၊ သူတို့မိသားစုနေဘက အိုးသည်ကုန်းဆိုတဲ့ တိုက်နယ်မြို့လေးတစ်မြို့မှာ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် နွေရောက်တိုင်း သူတို့မောင်နှမတွေ နတ်တလင်းကို ရောက်သည်။ ရောက်တိုင်းလည်း နတ်တလင်းနှင့် ပေါင်းတည်ကြားမှာရှိသည့် “ဘိုးသာအောင်ကုန်း”သို့ မရောက် ရောက်အောင်
သွားသည်။ အရင်ကတော့ နတ်တလင်းမြို့ပြင်အထွက်နှင့် ဘိုးသာအောင်ကုန်းအကြား သင်္ချိုင်းကုန်းရှိသည်။ အဲဒီနားရောက်လျှင် စက်ဘီးကို အလိုလို မြန်မြန်နင်းမိလျက်သား ဖြစ်နေသည်။ ကုလားသင်္ချိုင်းနှင့် ဗမာသင်္ချိုင်းကုန်းက ခြံစည်းရိုးခြားပြီး ဆက်လျက်ရှိနေတာမို့ အလျားရှည်လှသည်။ လွန်ခဲ့သော ငါးနှစ်ခန့်ကသူရောက်ခဲ့တော့ သင်္ချိုင်းမြေမှာ အရက်ဆိုင်ကြီးတစ်ဆိုင်ကို တွေ့ခဲ့ရသည်။ ခါးရှည်ရှည် အရွက်ဖားဖား သစ်ပင်ကြီးတွေရဲ့အောက်က ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အုတ်ဂူတွေ မရှိတော့တာကိုကြည့်ပြီး သင်္ခါရသဘောတရားဟာ အရာတိုင်းအပေါ်လွှမ်းမိုးကြောင်း တရားအသိယှဉ်ပြီး တွေးမိသည်။ ကားလမ်းက ရန်ကုန်-ပြည်မီးရထားလမ်းနှင့် ပြိုင်လျက် အနေအထားမို့ စက်ဘီးစီးရင်း၊ ရထားကြီး ဖြတ်သွားတာမျိုးလည်း ကြုံဖူးသည်။
စက်ဘီးကို လက်တစ်ဖက်တည်းနှင့် ထိန်းစီးပြီးရထားကြီးကို လက်ပြရတာ အမော။ ဘိုးသာအောင်ကုန်းချောင်းကျော် တံတားပေါ်ကနေ စက်ဘီးကို လျှောစီးတဲ့အခါလက်နှစ်ဘက်စလုံးလွှတ်ပြီး စီးသည်။လေဆန်နင်းရတာမို့ သူ့ဆံပင်တွေ လွင့်ပျံပြီး ဖွာလန်ကြဲနေသည်။လေတိုးသံကိုလည်း ဝှီးကနဲ ဝှီးကနဲ ကြားနေရသည်။ကုန်းပေါ်မှ မြေပြန့်သို့ တော်တော်ဝေးဝေးရောက်သည်အထိ စက်ဘီးနင်းစရာ မလိုဘဲ အရှိန်နှင့် လှိမ့်နေရသည့် အရသာကို တွေးမိတိုင်း သူ့စိတ်က စိတ်ကူးနှင့်အကြိမ်ပေါင်းများစွာ ရောက်သွားလေသည်။ ခုတော့ နတ်တလင်းအိမ်မှာလည်း လူတွေ လျော့ကုန်ပြီ။ အဘိုးနှင့်အဘွားလည်း မရှိတော့။ သဘောကောင်းသောအစ်ကိုလည်း ကွယ်လွန်ခဲ့ပြီ။ သူ့ကိုကြိုဆိုမည့်သူလည်း တစ်ယောက်မျှ မရှိတော့။ ရောက်ခဲ့လျှင်လည်း သူ ပျော်နိုင်တော့မည် မဟုတ်ပေ။ နတ်တလင်းမှာနှင်းတွေ ကျနေသလား သူ မသိနိုင်တော့၊မသိချင်ဘူးဟုဆိုလျှင် လိမ်ရာကျမည်။သို့သော် သိဖို့ မကြိုးစားတော့တာကတော့ အမှန်ပါ။
နတ်တလင်း တန်ဆောင်တိုင်ကရန်ကုန်-ပြည်လမ်းတစ်လျှောက်တွင်စည်ကားဆုံး ဖြစ်ခဲ့ဖူးသည်။ နာမည်ကြီး
ဇာတ်ပွဲတွေ၊ စတိတ်ရှိုးတွေလည်းရှိသည်။ပွဲဈေးတန်းမှာ ဈေးသည်စုံသလို လည်သူများကလည်း ကြိတ်ကြိတ်တိုး များပြားလှသည်။ မုန့်သိုင်းခြုံရောင်းသည့် နယ်လှည့်ဈေးသည်တွေ၊ မျက်လှည့်ပြပွဲတွေ၊တိရစ္ဆာန်လေးတွေကို အမျိုးမျိုးလုပ်ပြခိုင်းသည့်ပွဲ စသည်ဖြင့် စုံလှသည်။ သူနှင့်သူ့ညီမအငယ်ဆုံးက အဘွားလိုပဲ ပွဲကြိုက်သည်။ မန္တလေးသိန်းဇော်ပွဲက လူရွှင်တော်တွေရဲ့ပျက်လုံးကို ကြိုက်လို့ (၄)ညလုံး မိုးအလင်းထိုင်ကြည့်ပြီးမျ ပြန်ကြသည်။ စတိတ်ရှိုးတွေမှာလည်း ရန်ကုန်ကဖိတ်ထားသည့် ခေတ်ပေါ်အဆိုတော်တွေပါသလို ရန်ကုန်မှာ ကျောင်းသွားတက်နေကြသည့်မြို့ခံတက္ကသိုလ်ကျောင်းသားများနှင့် သူငယ်ချင်းများလည်း ပါသည်။
တစ်နှစ်မှာ သူနှင့် သူငယ်ချင်းအချို့သည် နတ်တလင်းတန်ဆောင်တိုင်သို့လိုက်လာဖြစ်ကြသည်။ မြို့ခံသူငယ်ချင်း
များနှင့်အတူ တစုတဝေးကြီး လာခဲ့ကြသည်။ နွယ်နီဆိုသည့် သူငယ်ချင်းမက-“အချစ်များ ရင်ထဲမှာ”..ဆိုသည့်
ရဲသွင်သီချင်းကို တက်ဆိုသည်။ အဆိုကသိပ်မကောင်းလှဘဲ သူတို့အုပ်စု လက်ခုပ်လက်ဝါးကို ညံနေအောင်တီးကာ အားပေးကြသည်။ စင်ပေါ်တက်ပြီး ပိုက်ဆံတွေလည်း ဆုချသေးသည်။ ဘေးနားမှာထိုင်သော မြို့ခံလူထုအချို့ “အမျိုးတွေထင်ပါရဲ့ ”လို့ပြောတာကို သူကြားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ အုပ်စုတောင့်သဖြင့် ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ကြ။ နေ့လည်ပိုင်းမှာလည်း စက်ဘီးတွေနှင့် ပေါင်းတည်အထိ နင်းသွားကြသည်။ ပေါင်းတည်က သူငယ်ချင်းများထံသွား လည်ဖြစ်ကြသည်။ အပြန်လမ်းမှာ“အိုးမြေတွင်း ဘုန်းကြီးကျောင်း”သို့သွား
ရန် ပြည်လမ်းမှ ရထားလမ်းဆီ သွယ်ခင်းထားသည့် သစ်သားဂုံးကျော်တံတားလေးဆီ အကြည့်ရောက်သည်။ ငယ်ငယ်က အမေနှင့်အတူ အဲဒီတံတားလေးအပေါ်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်ကြတာ မှတ်မိသေးသည်။ နို့ညှာမောင်လေးနှင့် ညီမအငယ်ဆုံးလေးက ငယ်သေးတော့ အမေ့နားမှာ ဆော့ကစားနေပြီးသူနှင့် ညီမလတ်က နတ်တလင်းရောက်မှစီးခွင့်ရသည့်စက်ဘီးကို အရူးအမူးလုစီးပြီးရန်ဖြစ်တဲ့အခါ ဖြစ်ရတဲ့အကြောင်းဆီလည်း အပြေးကလေး သတိရောက်သွားခဲ့သည်။
ပြည်မှာကျောင်းတက်တုန်းကလည်းသူနေသည့် “အိုးသည်ကုန်း”ကို အမြန်ရထားမရပ်သည့်မြို့ဟု အနှိမ်ခံရသည်။
အနှေးရထား (စာပို့ရထား)ကြီးစီးပြီး ပြန်မှ ရောက်သည်။ လမ်းတွင် မည်းမည်းမြင်သမျှ ရပ်ပေးရသော ရထားကြီးဖြစ်သည်။ ပုတီးကုန်းရောက်လျှင် ကုန်စိမ်းတွေတင်ပြီး လူလည်းကြပ်သည့် ထိုရထားကြီးကို မစီးချင်လျှင် အမြန်ရထားစီးပြီး နတ်တလင်းတွင် တစ်ထောက်နားသည်။ တစ်ညအိပ်ပြီးလျှင် မစီးချင်သောစာပို့ရထားကြီးကို စီး၍ ပြန်ရသည်။ရန်ကုန်မှာ ကျောင်းတက်တော့လည်းရန်ကုန်က နေ့လည် (၁) နာရီထွက်သည့်အမြန်ရထားကြီးစီးပြီး အိုးသည်ကုန်းကိုကျော်ကာ နတ်တလင်းအရောက်သွားသည်။ အိုးသည်ကုန်းကို အမြန်ရထားဖြတ်သောအခါ ရထားလမ်းဘေးတွင်ရှိသော သူ့အိမ်ကို လက်ပြပြီး လက်ဟန်အမူအရာနှင့် မနက်ဖြန်မှ ပြန်လာမည်ဖြစ်
ကြောင်း သတင်းပို့ခဲ့သည်။ ဘူတာတွင်သူငယ်ချင်းတစ်ဦးတစ်လေနှင့်တွေ့လျှင်သူပျော်သည်။ ထိုသူငယ်ချင်းက အိမ်အထိ စက်ဘီးဖြင့်လိုက်ပို့ပေးခဲ့သည့်အတွက် သူကျေနပ်သည်။
မနက်စောစောထပြီး သူ့ကို လက်ဖက်ရည်တိုက်ကာ ဘူတာရုံ လိုက်ပို့ပေးခဲ့သည့် အဖြစ်အပျက်များကို မြူတွေ၊ နှင်းထူထူတွေ၊ မိုးစက်တွေ၊ အချိန်ဒီလှိုင်းတွေက ဖုံးအုပ်နိုင်စွမ်းမရှိခဲ့ပေ။ ဘယ်နားရောက်ရောက် နတ်တလင်းလေသံနှင့် စကားပြောသံကြားလျှင် သူ့နားက အလိုလို စွန့်မိလျက်သားဖြစ်သွားတတ်သည်။ ဖောင်ကြီးသင်တန်း
တက်စဉ်က လာပို့ချသည့်လူတစ်ယောက်၏အသံမှာ နတ်တလင်းလေသံဖြစ်နေသဖြင့် “ဟယ်...ငါတို့နတ်တလင်းကတော်”လို့ ပြောမိသွား၍ သူငယ်ချင်းက မျက်စောင်းထိုးသည်။ အမေကလည်း နတ်တလင်းက သူငယ်ချင်းတွေ၊ မိတ်ဆွေဆုံကြသည့် နတ်တလင်းအသင်းက အစည်းအဝေးလုပ်တိုင်း၊ ပွဲလုပ်တိုင်း၊ တစ်ယောက်ယောက်အိမ်မှာ အလှူလုပ်တိုင်းသွားချင်သည်။ အဲသည်အချိန်မှာနှင့် သူငယ်ချင်းရောင်းရင်းများဟာ သူတို့ရဲ့ ရာထူး၊ ဂုဏ်ဒြပ်တွေကိုမေ့ပြီး စကြ၊နောက်ကြနှင့် ပျော်စရာပါ။
နှစ်ပေါင်းများစွာ အသက်ငယ်သွားကြသလို ထင်ရသည်။ သူတို့မျက်နှာတွင် လောဘ၊ ဒေါသ၊ မောဟမရှိ၊ ပျော်ရွှင်မှုသာ ရှိသည်။ကလေးတွေလို ဖြစ်သွားကြသည့် သူတို့မျက်နှာတွေကိုကြည့်ပြီး ဘေးနားမှာလိုက်ပို့ကြသည့် သားသမီးများက ပီတိဖြစ်ကြရသည်။ သို့အတွက်ကြောင့် သူ့ညီမလေးက အလုပ်ဖျက်ပြီး လိုက်ပို့ရသည်။ အလုပ်ဖြစ်၍ ရမည့်ငွေကြေးကိုအဖေ့ အပျော်နှင့် လဲလှယ်ရသော်လည်းမညည်းညူပါ။ အဖေပျော်နေသည်ကိုကြည့်ပြီး ညီမလေးမှာ အပျော်တွေ ကူးစက်လာရကြောင်း ပြောပါသည်။
အသင်းသည် သာရေးနာရေးအတွက်သာမဟုတ်၊အသင်းဝင်တို့၏ အသက်ရှည်ရေးနှင့်လည်းဆိုင်သည်ဟု သူခံစားမိသည်။သည်နှစ်ဆောင်းမှာ နှင်းတွေ ခဲနေအောင် ကျသော်လည်း စက်ဘီးစီးပြီနှင်းနှင့် မျက်နှာမသစ်ခဲ့ရ။ နှင်းရည်
သောက်သုံးပြီး လန်းဆန်းနေသည့် အိမ်ရှေ့က ပိန်းပန်းပင်တွေ၊ ရွက်လှပင်တွေ၊နှင်းဆီပန်းတွေကိုကြည့်ကာ သူ့စိတ်ကခပ်ဝေးဝေးသို့ လွင့်ပျံ့နေလေသည်။ ရန်ကုန်ဆောင်းသည် သူ့ကို ဒဏ်ရာတွေရစေခဲ့သည်ဖြစ်၍ နှင်းတွေကလည်း အသက်မဲ့လှသည်။ ပန်းရနံ့ကို သယ်ဆောင်လာသည့် လေပြည်လေညှင်းကလည်းဝမ်းနည်းမျက်ရည်နှင့် ကြေကွဲမှုကိုသာပေးစွမ်းလေသည်။ ဖေဖော်ဝါရီသည် သူ့အတွက် ရှင်သန်မှု ဆိပ်သုန်းနေသည်။
ထိုလမှာ အမေနှင့် မောင်လေးကို သူ သေခွဲ ခွဲခဲ့ရသည်။ လောကဓံ၏ ပြင်းထန်သော ရိုက်ချက်က ဖေဖော်ဝါရီလမှာအပြင်းဆုံး။ “တပို့တွဲ ပေါက်လဲရယ်တဲ့ငုံစီစီ”လို့ စာချိုးရှိခဲ့ပေမယ့် သူ့အတွက်အလွမ်းတွေ၊ မျက်ရည်တွေ စီခဲ့ရသည်။ သူ့နှလုံးသားလည်း ပဲ့ရွဲ့ပြီး အနာတရများစွာ ဖုံးအုပ်နေသဖြင့် ငိုကြွေးခြင်းမျက်ရည်နဲ့ နာကျင်မှုကြောင့် ညည်းညူခြင်းသည်သာ သူ့အဖော်ဖြစ်နေရသည်။သူ့စိတ်ကိုလည်း ဆန္ဒအတိုင်း လွှတ်ထားပစ်လိုက်လေသည်။ ထိုအခါ သူ့စိတ်သည်ကြိုးမဲ့စွန်လို လေထဲမှာ..။
မိသားစုဆုံစဉ်က သွားလည်ခဲ့ကြသည့် နတ်တလင်း၏ နေ့ရက်များက သူ့ထံ ခဏခဏ အလည်လာတတ်သည်။
အဘွားချက်ကျွေးသော ခရမ်းချဉ်သီးချက်ထဲက၊ မြေးဆုံလျှင် ဝယ်လာတတ်သည့် အဘိုး၏ ဖရဲသီးကြီးထဲက၊ သတင်းစာလေးကို အပြေးအလွှား သွားရောက်ပြီး ကြီးကြီးပေးခဲ့သည့် မုန့်ဖိုး တစ်ကျပ်ထဲက၊ အမေသွားလည်တတ်သည့် ဆေးရုံဝင်းထဲမှာနေသော အမေ့သူငယ်ချင်းအိမ်ရှေ့က မာလကာသီးကြီးထဲက ချစ်ခြင်းမေတ္တာတရားတွေကို ဆောင်းတွင်းပန်းလေးတွေက နှင်းစက်တွေကို မျှော်လင့်သလို မျှော်လင့်ချင်စိတ် ဖြစ်လာသည်။ မရနိုင်မှန်း သိသိကြီးနဲ့ပဲ သူဟာဆောင်းတွင်းပန်းကလေးထဲမှာ တိတ်တိတ်ကလေး ဝင်စားနေလိုက်ပါတော့သည်။
(ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ်တိုက်စားဝါးမြိုခြင်းခံခဲ့ ရသော နေ့ရက်များကို အလွမ်းစိတ်နဲ့အတူ)
ရာသက်ပန် (တောင်ငူဆောင်)
Keep Reading