မြ (စံကားဝါမြေ)
ယခုလို နည်းပညာတွေ အရှိန်အဟုန်မြင့် တိုးတက်လာတာနဲ့အမျှ ကောင်းကျိုးများစွာရှိသလို ဆိုးကျိုးများလည်း ရှိနေပါသေးတယ်ရှင်။ နည်းပညာတွေ တိုးတက်လာတော့ မိမိသိချင်တဲ့ ဗဟုသုတ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို တစ်စက္ကန့်အတွင်းမှာ ချက်ချင်းရှာဖွေ ဖတ်ရှုလေ့လာနိုင်ပါပြီ။
သို့သော် အရေးကြီးသတင်းတွေနဲ့ Online Class, Zoom Meetingတက်ဖို့ လုပ်နေချိန်မှာ မီးပျက်သွားတယ်ဆိုရင် မြတို့ ဘာဆက်လုပ်ကြမလဲ။ ဒါပေါ့ Power Bankချိတ်ပြီး သုံးမှာပေါ့။ ဒီလိုပဲ ဖုန်းအားကုန်တော့မယ် မီးကမလာသေးဘူး ဖုန်းနဲ့လုပ်စရာတွေက ရှိသေးတယ်ဆိုရင် မြတို့ဖုန်းကို Power Bankနဲ့ အားသွင်းကြမှာပဲမလား။
ဒါ့ကြောင့် ယနေ့ခေတ်မှာ ဖုန်းပြီးရင် မရှိမဖြစ်က Power Bankလို့ကို ပြောရပါတော့မယ်ရှင်။ ဒါဆိုရင် မြတို့ နေ့စဥ်အသုံးပြုနေကြတဲ့ Power Bank အကြောင်းကို အနည်းအကျဥ်းတော့ သိထားသင့်တယ် မဟုတ်လား။ ဆိုတော့ "Power Bank ဆိုတာ ဘာလဲ? Power Bank က ဘယ်လိုအသုံးဝင်တာလဲ? Power Bank ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး" တွေကို မြရဲ့ စာဖတ်သူလေးတွေအတွက် မြ လက်လှမ်းမီသလောက် လေ့လာထားတာလေးကို ရေးသားတင်ပြသွားပါမယ်ရှင်။
Power Bank ဆိုတာ ဘာလဲ?
Power Bank ဆိုတာ မီးပျက်နေချိန်မှာ လုပ်ငန်းဆောင်တာတွေ မနှောင့်နှေးစေဖို့ အထောက်အကူပြုတဲ့ ပစ္စည်းကိရိယာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် Battery ဓာတ်ခဲလေးတွေကို အနေတော် အရွယ်အစား၊ ထုတ်လုပ်မှု Design ပုံစံအသစ်လေးများနဲ့ အသုံးပြုရ လွယ်ကူအောင် ဖန်တီးထုတ်လုပ်ထားတာပေါ့ရှင်။ နောက်ထပ်ကောင်းတာတစ်ချက်က အားသွင်းပေါက် တစ်ခုထက်မက ပါရှိခြင်းပါ။ အဲ့လိုပါလာခြင်းက တစ်ဦးတည်းမဟုတ်ဘဲ အများသူငှာနဲ့ ဝေမျှသုံးစွဲနိုင်အောင် တီထွင်ပေးထားတော့ အဖွဲ့အစည်းစိတ်ဓာတ်လေးလည်း ပိုထားနိုင်သွားတာပေါ့ရှင်။
Power Bank အမျိုးအစားလေးတွေကို အကြမ်းဖျင်းအားဖြင့်
➯ Watt - 10000 ပါတဲ့ Power Bank,
➯ Watt - 30000 ပါတဲ့ Power Bank,
➯ Watt - 50000 ပါတဲ့ Power Bank တွေအပြင်
➠ အားသွင်းပေါက် (၂)ခုပါတဲ့ Power Bank,
➠ အားသွင်းပေါက် (၄)ခုပါတဲ့ Power Bank,
➠ အားသွင်းပေါက် (၆)ခုပါတဲ့ Power Bank အစရှိသဖြင့် အမျိုးမျိုး ရှိပါတယ်ရှင်။
Power Bankက ဘယ်လိုအသုံးဝင်တာလဲဆိုတဲ့ Power Bankရဲ့ အားသာချက် / ကောင်းကျိုးတွေကတော့....
✓ မီးပျက်ရင်လည်း ပူပင်စရာမလိုခြင်း၊
✓ မိမိ ယူသွားလိုတဲ့ နေရာကို လွယ်ကူပေါ့ပါးစွာ သယ်ဆောင်သွားနိုင်ခြင်း၊
✓ Power Bank တစ်ခုတွင် ဖုန်းအလုံးရေ (၂)လုံးမှ (၆)လုံးအထိ တစ်ပြိုင်နက်တည်း သွင်းနိုင်ခြင်း၊
✓ WiFiစက်နဲ့လည်း ချိတ်ဆက်ပြီး တစ်အိမ်သားလုံး WiFiအသုံးပြုနိုင်ခြင်း နှင့်
✓ Power Bankတွင် အားဘယ်လောက်ရာခိုင်နှုန်းကျန်သေးလဲဆိုတာကိုလည်း သိနိုင်ခြင်းတွေအပြင် နောက်ထပ်နောက်ထပ် များပြားလှတဲ့ ကောင်းကျိုးတွေလည်း ရှိနိုင်သလို ဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်ရှင်။
မြတို့ နေ့စဥ်အသုံးပြုနေကြတဲ့ Power Bankတွေရဲ့ မမြင်နိုင်တဲ့ အန္တရာယ်အချို့ကတော့
(၁) Power Bankကို အားပြည့်နေသော်လည်း ဆက်ပြီး အားသွင်းထားတာမျိုးတွေ မလုပ်သင့်ပါဘူး။ အဲတာက လူတွေရဲ့ လောဘစိတ်လို့ ပြောလို့လည်း ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မြတို့တွေက ဖုန်အား (100%) ပြည့်နေတာတောင်မှ အား(100%)ကနေ လျော့မသွားအောင်ဆိုတဲ့ လောဘစိတ်နဲ့ အားသွင်းကြိုးကို မဖြုတ်ဘဲ ဆက်သွင်းနေကြတာပါ။ ( မြ ကိုယ်တိုင်လည်း အမြဲလိုလို လုပ်ဖြစ်နေပါတယ်။ ) ဆိုတော့ အားပြည့်နေပြီဆိုရင် လောဘစိတ်လေးလျှော့ပြီး မီးဘေးအန္တရာယ်က ကင်းဝေးအောင် ဂရုစိုက်ကြရပါမယ်ရှင်။
(၂) ဖုန်းနဲ့ Power Bankနဲ့ပဲဖြစ်ဖြစ်၊ လျှပ်စစ်မီးကြိုးနဲ့ Power Bankနဲ့ပဲဖြစ်ဖြစ် Power Bankတွေကို အားသွင်းကြတဲ့အခါ အားသွင်းကြိုးက ဟောင်းနေတာ၊ ဒါမှမဟုတ် ကြွက်ကိုက်ထားတာတွေကို အသုံးပြုမိရင်လည်း လျှပ်တပြက် ဓာတ်လိုက်ခြင်း၊ လျှော့ဖြစ်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်ရှင်။ ဒါ့ကြောင့် အားသွင်းကြိုး အသစ်ဝယ်ဖို့ကို မနှမျောပါနဲ့။ ကြွက်ကိုက်ထားတဲ့အပေါက်က အသေးလေးပါဆိုပြီးတော့လည်း မပေါ့ဆကြပါနဲ့ရှင်။
(၃) Power Bankတွေကို ရိုရိုသေသေ စည်းစနစ်ရှိရှိ ကိုင်တွယ်အသုံးပြုကြပါရှင်။ မြ ဘာ့ကြောင့် ယခုလို မှာကြားရသလဲဆိုရင် Power Bankကို ပြီးစလွယ် ကိုင်လိုက်ရင်းက အောက်ကြမ်းပြင်ပေါ်ကို လွတ်ကျသွားတယ်ဆိုပါတော့ အပြင်ပန်းက မကွဲအပ်သွားရင်တောင် အတွင်းထဲက Power Bankရဲ့ Batteryဓာတ်ခဲတွေမှာ အနာအဆာလေးတွေ ဖြစ်သွားပါပြီရှင်။ အနာအဆာ တစ်ခုရှိသွားရင် နောက်ထပ် အနာတွေဖြစ်ဖို့က လွယ်ကူသွားပါပြီ။ ဒါ့ကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ကြပါရှင်။
(၄) Power Bankတွေကို အသုံးပြုတဲ့အခါ တစ်ချို့က အား (0%) ရောက်တဲ့ထိကို အသုံးပြုကြပါတယ်။ (0%)ဖြစ်ပြီး Power Bankလည်း ဆက်သုံးမရတော့မှ မီးလာချိန်ကို စောင့်မျှော်ပြီး အားသွင်းကြပါတယ်။ အဲလိုလုပ်တာက မကောင်းပါဘူးရှင်။
ဥပမာ - မြတို့ လူတွေ အစာစားတယ်ပေါ့။ အစာကို တစ်ခါတည်း ဗိုက်အပြည့်ကြီး စားလိုက်ပါပြီ။ အဲတာဆို Power Bankက အား (100%) ဆိုပါတော့။
မြတို့က အစာစားပြီး ချက်ချင်း အလုပ်ထလုပ်ပါတယ်။ မရပ်မနားကို အလုပ်လုပ်ပါတယ်။ ချွေးသီးသီးကျတဲ့အထိကို လုပ်နေပါတယ်။ ဒါကတော့ မြတို့က Power Bankကိုလည်း အား (100%)ကနေ အားကုန်သည်ထိ သုံးနေတဲ့ သဘောပေါ့ရှင်။
အဲ့လိုအပြင်းအထန် လုပ်လိုက်တဲ့အခါမှာ မြတို့အတွက် ခြေလှမ်းတစ်လှမ်း လှမ်းဖို့တောင် အတော်လေးကို အားယူရတာမလား။ ဒီလိုပါပဲ Power Bankကို အားအကုန်သုံးလိုက်ရင် သူလည်း ခံနိုင်ရည် မရှိတော့ပါဘူး။ Power Bankက ရေရှည်လည်း အသုံးမခံတော့သလို အားသွင်းကြာခြင်းနဲ့ အားကုန်မြန်ခြင်းတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်ရှင်။
(၅) စာဖတ်သူလေး လက်ရှိအသုံးပြုနေတဲ့ Power Bankက နဂိုမူလ ပုံစံနဲ့ မတူတော့ဘဲ တဖြည်းဖြည်းချင်း ဖောင်းကြွလာတယ်ဆိုရင်လည်း သတိထားသင့်ပါပြီ။ Batteryဖောင်းလာရင် ဘယ်ပစ္စည်းမဆို ဆက်မသုံးဘဲ အသစ်လဲသင့်ပါတယ်ရှင်။ Batteryဖောင်းလာခြင်းက မထင်မှတ်ဘဲ ရုတ်တရက် ထဖောက်တာမျိုးတွေ၊ အပူလွန်ကဲပြီး မီးထလောင်ခြင်းတွေအထိကို ဖြစ်စေနိုင်ပါတယ်ရှင်။
ဒါ့ကြောင့် မြတို့ နေ့စဉ် အသုံးပြုနေတဲ့ တွေကို သေသေချာချာ ဂရုတစိုက် အသုံးပြုဖို့နဲ့ တစ်ခုခု ချွတ်ယွင်းချက်ရှိလာရင်လည်း "သုံးလို့ ရပါသေးတယ်၊ သုံးဖြစ်ပါသေးတယ်" ဆိုတဲ့ စိတ်ကို အတတ်နိုင်ဆုံး အမြန်ဖျောက်ပြီး မီဘေးအန္တရာကိုလည်း သတိရှိကြပါလို့ အသိပညာပေးကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
1.10.2024(Tuesday)
Keep Reading