ပြာလဲ့ရီဝေ
"ဆရာမရှိဘဲ တတ်သည့် ပညာ မရှိ"ဟူသည့်အတိုင်း အတတ်ပညာ တစ်ခုခုအတွက် ဆရာတစ်ဦး သို့မဟုတ် ဆရာများ ရှိကြပါသည်။
ဤနေရာတွင် ဆရာ၊ဆရာမ အားလုံးကို ခြုံ၍ "ဆရာ"ဟူသည့် စကားလုံးကို သုံးခြင်းဖြစ်ပါသည်။ သုံးကျောင်းနေအရွယ်တွင် စာသင်ကြားပေးသည့် ဆရာများကို စတင်တွေ့ရှိရပါသည်။ စာသင်ကြားပြသပေးသူ ဆရာ ဆရာမများသည် အောက်တိုဘာ ၅ ရက် ဆရာများနေ့ အတွက် အဓိက သတ်မှတ်သူများ ဖြစ်ပါသည်။ သို့သော်လည်းလေ ကျောင်းမှ လွန်သောအခါ ဘဝရပ်တည်ရေး ၊ နေထိုင်ရေး ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတွက် ထပ်မံ လေ့လာသင်ယူရသည်များ ရှိကြရပါသည်။ ထို့ကြောင့် ဆရာများ ထပ်မံတွေ့ကြရပါသည်။ သတ်သတ်မှတ်မှတ် ဆရာဟန်ပန်ဖြင့် သင်ကြားခြင်း မပြုခဲ့သောလည်း မြင်ဆရာ ၊ ကြားဆရာတွေအဖြစ်နဲ့ နောက်ထပ် ဆရာများစွာကို တွေ့ကြုံကြရပါသည်။ ထိုသူများကိုလည်း အောက်တိုဘာ ၅ ရက် ဆရာများနေ့မှာ ကျွန်မ အောက်မေ့မိပါသည်။ အခုဆို အင်တာနက်ပေါ်တွင် ပညာရပ်ပေါင်းစုံကို လေ့လာဆည်းပူနိုင်တော့ ဒါသည်လည်း သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေလို့ မှတ်ယူမိပါသည်။ ဖတ်ဆရာ ဟု တစ်မျိုး ထပ်တိုးချင်မိပါသည်။ ရေးသားထားသော စာများကို ဖတ်ရှုပြီး ဘဝအတွက် အထောက်အကူလမ်းညွှန်မှုတွေ ရရှိနိုင်သည့်အတွက် ဖတ်ဆရာဟု တင်စားလိုခြင်းဖြစ်ပါသည်။ သို့သော်လည်း မိမိနှင့် ထင်ထင်ရှားရှား ဆက်နွယ်မှု ကြီးကြီးမားမား ရှိသူများကိုပဲ ပို၍ အောက်မိမေ့ကြပါသည်။ ဒါကတော့ သဘာဝပါ။ ကျွန်မတို့ ငယ်စဉ် စာသင်ကြားခဲ့သည့်အချိန်ကတည်းက မိမိ ပို၍ ချစ်သော ဆရာဆိုတာမျိုးရှိကြပါသည်။ မိမိနှင့် ဆက်နွယ်မှု ပို၍ ရှိသော ဆရာကို ပို၍ သတိရမိတက်ကြပါသည်။ သတိရသော်လည်း အဆက်အသွယ်တော့ ပျက်သွားကြပါသည်။ ကျွန်မလည်း ကျူရှင်စာသင်ခ လစာကို မယူဘဲ သင်ကြားမြှင့်တင်ပေးခဲ့သော ဆရာများကို ထူးပြီး ကွက်ပြီး သတိရမိနေပါသည်။ အခုနက ပြောသလို သတိသာရပြီး မဆက်သွယ်ဖြစ်ပါ။ ကျေးဇူးမဆပ်ဖြစ်ပါ။ သွားရောက် ကန်တော့ခြင်းတောင် မလုပ်နိုင်သေးပါ။ ဘဝထဲသို့ ရောက်သောအခါ အစစ အရာရာ ခက်ခဲပြီး လုပ်နိုင်ချင်တာတွေလည်း မလုပ်နိုင်တက်ကြောင်း ဝမ်းနည်းစွာ လက်ခံဖြတ်သန်းနေရပါသည်။ ခေတ်၏ ဖျစ်ညစ်မှုများကလည်း ဘဝတွေကို ပိုပြီး ခက်ခဲစေနေပါသည်လေ။ ဆရာနှင့် တပည့်တွင် မည်သူက ပို၍ သတိတရရှိကြမည်နည်းဟု တွေးမိသောအခါ ဆရာများက အသစ်အသစ်သော တပည့်များနှင့် ဆက်သွားနေမည် ဖြစ်ပြီး ကျွန်မအနေနဲ့တော့ ဆရာတို့အား ရင်ထဲမှာ သိမ်းဆည်းသွားနေရသည်မို့ တပည့်များဘက်က နေ၍ ပို၍ သတိရပါသည်ဟု ဖြေလိုပါသည်။
၅.၁၀.၂၀၂၄
Keep Reading