Honey cho
ရာသီတုပ်ကွေး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ နည်းလမ်းကောင်း (၇) ခု
ဒီနှစ်ရာသီတုပ်ကွေးရဲ့ ပုံစံကတော့ တော်တော်ဆိုးဆိုးပါပဲ။ ဒီနေ့ဖျားရင် နောက်နေ့ဆို လူက ချုံးချုံးကျနေပြီ။ ဖျားတာထက် ကြွက်သားတွေ နာတာက သိပ်ကို ဆိုးလွန်းလို့ တော်တန် ဆေးခန်းပြ ပျင်းတယ်ဆိုတဲ့ ယောက်ျားရင့်မာကြီးတွေတောင် နေ့မကူးဘဲ ဆေးခန်းလာပြရတဲ့ အထိပါပဲ။
လူငယ်စကားနဲ့ပြောရရင် ဒီနှစ်တုပ်ကွေးက ‘ရွဲ’ နေအောင်ကို ခံရတာပါ။ တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလို နာပြီး တချို့ဆို မျက်လုံးတောင် မဖွင့်နိုင်ပါဘူး။ ဒါမျိုးက သူများဖြစ်ရင်သာ သက်သာသွားမှာပါလို့ ပြောနိုင်ပေမယ့် ကိုယ်ဖြစ်ရင် ရယ်တောင် မရယ်နိုင်ပါဘူး။ တုပ်ကွေးဆိုတာ ကူးစက်တတ်တဲ့အမျိုးဆိုတော့ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကူး၊ တစ်ရုံးလုံးကူးဆိုတော့ ကိုယ့်ကို မကူးစက်အောင် သတိထားဖို့ လိုပါတယ်။
ရာသီတုပ်ကွေး ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း(၇)ခုကို မျှဝေပေးလိုက်ပါတယ်။
(၁) ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပါ။
တကယ်ဆို မိုးမကျခင်တည်းက ထိုးထားရမှာဆိုပေမယ့် မကွေးသေးဘူးဆိုရင် အချိန်မီလေး ထိုးထားလိုက်ပါ။ ဆေးက ထိုးပြီး ၂ပတ်နေမှ အာနိသင်စရမှာဆိုတော့ ဒီကြားထဲတော့ ဂရုစိုက်ပါ။
(၂) ဖျားနေတဲ့သူနဲ့ ဝေးဝေးနေပါ။
ကိုယ့်ပတ်ဝန်းကျင်မှာ ဖျားနာနေတဲ့သူရှိရင် ဝေးဝေးနေပါ။ ကလေးတွေကနေလည်း လူကြီးဆီကူးတတ်တာကြောင့် ကလေးဖျားရင်လည်း ဝေးဝေးနေပါ။ သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့အခါ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။
(၃) နှာခေါင်းစည်းတပ်ပါ။.
လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ၊ ဘတ်စ်ကားစီးတဲ့အခါ နှာခေါင်းစည်းတပ်ပါ။ ကိုယ်တိုင်လည်း နှာစေး၊ ချောင်းဆိုးမယ်ဆို အုပ်ဆိုးပါ။
(၄) လက်ဆေးပါ။
အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါ။ တစ်ခုခု ကိုင်ပြီးတိုင်း လက်ဆေးပါ။ ရေနဲ့ ဆပ်ပြာရှိရင် ရေနဲ့ ဆပ်ပြာနဲ့ ဆေးပါ။ အပြင်သွားရင် လက်သန့်ဆေးရည် ဆောင်ထားပါ။
(၅) မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို မကိုင်ပါနဲ့။
ဒါက တုပ်ကွေးဗိုင်းရပ်စ် ဝင်ပေါက်တွေပါ။ လက်ဆိုတာ မမြင်နိုင်တဲ့ ပိုးမွှားတွေ ကပ်ညှိနေတဲ့ နေရာဖြစ်တာကြောင့် လက်နဲ့ ဒီနေရာတွေကို သွားထိလိုက်မယ်ဆိုရင် ပိုးတွေ အလွယ်တကူ ကိုယ်ထဲဝင်သွားမှာပါ။
(၆) လေကောင်းလေသန့်ရှူပါ။
လူသူပါးပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ မနက်စောစော ပန်းခြံတွေမှာ လေ့ကျင့်ခန်းလုပ်လည်း ရပါတယ်။ လေကောင်းလေသန့်က ဗိုင်းရပ်စ်ပိုးတွေနဲ့ ထိတွေ့နိုင်ခြေကို နည်းစေပါတယ်။
(၇) ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကိုယ်ခံအား ကောင်းစေဖို့ ဂရုစိုက်ပါ။
ကိုယ်နဲ့ မကြာခဏ ထိတွေ့ဖြစ်တဲ့ ဖုန်း၊ စားပွဲ၊ တံခါးလက်ကိုင် စတာတွေကို ပိုးသတ်သန့်စင်ပါ။
ကိုယ်ခံအား ကောင်းစေဖို့ အိပ်ရေးဝဝအိပ်ပါ။ ရေများများသောက်ပါ။ အာဟာရပြည့်ဝအောင်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှု နည်းအောင်နေပါ။
ရာသီတုပ်ကွေးဆိုတာမျိုးက လုံးဝကြီးမဖြစ်အောင် ကာကွယ်လို့ မရပေမယ့် ဒီ၇ချက်ကို လိုက်နာမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေက သိသိသာသာနည်းသွားမှာ ဖြစ်ပါတယ်။
Credit to Dr Htet Htet Zaw Win
စာဖတ်သူအားလုံး
ရောဂါဘယကင်းဝေးကြပါစေ
မျှော်လင့်ခြင်းများစွာဖြင့်
မဟန်နီ
Keep Reading