Thoon Kari
ခေါင်းလောင်းသံချိုချိုတွေ ဝေတဲ့အရပ်မှာ
အေးချမ်းမှုကို သူရှာတယ်
ကလေးငယ်တွေရဲ့ ရယ်မောသံတွေ
အပြစ်ကင်းစင်မှုတွေ သင်းတဲ့ရပ်ဝန်းမှာ
သူပျော်မွေ့တယ်
ဒီပန်းကလေးတွေ လန်းဖို့
သူ့အချိန်နာရီတိုင်းနဲ့ ရင်းထားရတယ်
သူ့အဘိဓာန်တစ်လျှောက်ကို
စေတနာနဲ့ခြယ်မှုန်း
မေတ္တာနဲ့ ဆေးခြယ်ပြီး
ရင်ဘတ်ထဲမှာ အပြုံးရနံ့တွေ သင်းခဲ့ရတယ်
ဘဝဆိုတဲ့ ဒီခရီးမှာ
ပန်းကလေးတွေ မွှေးဖို့
နှလုံသားကို အရင်းပြုပြီး လျှောက်လှမ်းခဲ့ရတယ်
ကောင်းကင်မှာသာတဲ့
ကြယ်လေးတွေကပဲ ပိုလင်းလက်နိုင်မလား
ကျွန်တော့်ကလေးတွေကပဲ
ပိုတောက်ပနိုင်မလား စိန်ခေါ်ကာ
လူ့ဘဝအတွက် မရှိမဖြစ်
တတ်အပ်တဲ့ ပညာအမွေတွေ ပေးကမ်းခဲ့တယ်
သူ့နှုတ်ဖျားက ကြွေကျလာတဲ့
ဆုံးမစကားတွေက
ဒီပန်းကလေးတွေကို လိမ္မာယဉ်ကျေးစေပြန်တယ်
အမှားအမှန် ပိုင်းခြားတတ်ဖို့ သွန်သင်မှုတွေက
ကလေးတွေဘဝကို တင့်တယ်စေတယ်
လူ့ဘဝ ခဏတာနားခိုရာလေးမှာ
သွေးမတော် သားမစပ်တဲ့
ဒီပန်းကလေးတိုင်းက သူ့သားသမီးပဲ
အသပြာရှိမှ အသက်ရှင်ရမယ့်ထဲ သူမပါခဲ့ဘူး
ပီတိတစ်ပွေ့ကြီးကို ပိုက်လို့
ရက်လအလီလီ ပြောင်းလာလည်း
သားကြီး သမီးကြီးတွေကို သတိရသလို
သားငယ် သမီးငယ်လေးတွေကိုလည်း
ဒီဘဝအမှောင်ထဲ သူလမ်းပြရဉီးမယ်။ ။
ယနေ့ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် သွန်းကရီတတ်စွမ်းသလောက် ကဗျာမပီ စာမညီလေးဖြင့် ဆရာတစ်ဉီးချင်းစီ တစ်ဉီးချင်းစီတိုင်းကို ဂုဏ်ပြုလျက် ကန်တော့အပ်ပါသည်။
#thoonkari
#sarphat
စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်💖
စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...
Keep Reading