Honey cho
ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်တဲ့ ကင်ဆာများ
❗️ကင်ဆာဆိုတာ ကြောက်ဖို့ကောင်းတဲ့ရောဂါကြီးပါ။ ဒါကို ကာကွယ်ဆေးထိုးရုံနဲ့ ကာကွယ်နိုင်မယ်ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလား . . .
🔸ကင်ဆာဆိုတာနဲ့ ကြောက်ရတော့ စျေးကွက်ထဲမှာ ကင်ဆာကာကွယ်နိုင်တဲ့ အားဆေးဆိုလည်း ဝယ်သောက်ကြ၊ ဘယ်အရွက်က ကင်ဆာကာကွယ်တယ်ဆိုပြီး ပြုတ်သောက်ကြနဲ့ ဒီလောက်ထိကို ကင်ဆာကို ကြောက်ကြတာပါ။ တကယ်ကတော့ ကင်ဆာကို ကာကွယ်နိုင်တဲ့ အားဆေးတို့၊ အရွက်တို့ဆိုတာ မရှိသေးပါဘူး။
🔸ဒါပေမဲ့ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတော့ ရှိနေပါပြီ။ အသည်းကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာလို့ ပြောလိုက်ရင် မသိသူမရှိ သိကြမှာပါ။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာလည်း ဖြစ်တဲ့သူတွေ ကြားဖူးမြင်ဖူးမှာပါ။
ကံကောင်းတာက ဒီကင်ဆာ နှစ်ခုအတွက်ဆိုရင်တော့ ကာကွယ်ဆေးထိုးပြီး ကင်ဆာဖြစ်နိုင်ခြေကို နည်းအောင် လုပ်လို့ ရနေပါပြီ။
🔸ပထမတစ်ခုကတော့ အသည်းကင်ဆာအကြောင်းပြောရမယ်ဆိုရင် အရက်သောက်ရင် အသည်းကင်ဆာဖြစ်တယ်၊ အသည်းရောင် အသားဝါပိုးရှိရင် အသည်းကင်ဆာဖြစ်တယ်ဆိုပြီး ကြားဖူးကြမှာပါ။ အသည်းကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အသည်းရောင်အသားဝါ ဘီပိုးကလည်း ထိပ်ဆုံးကပါပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးက စီပိုးလိုမျိုး အပြီးပျောက်အောင် ကုလို့ မရတဲ့အတွက် ကာကွယ်ဆေးထိုးပြီးပဲ ကာကွယ်ရမှာ ဖြစ်ပါတယ်။
🔸ဘီပိုးက အသည်းကင်ဆာလည်း ဖြစ်စေတာကြောင့် ကာကွယ်ဆေးကိုသာ သေသေချာချာ ထိုးမယ်ဆိုရင် ဘီပိုးကူးစက်နိုင်ခြေရော သူ့ကြောင့် အသည်းကင်ဆာဖြစ်နိုင်ခြေကိုပါ ထိထိရောက်ရောက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ တခြားအကြောင်းအရာကြောင့်ဖြစ်တဲ့ အသည်းကင်ဆာ (ဥပမာ အရက်) ဖြစ်နိုင်ချေကိုတော့ မလျော့ချပေးနိုင်ပါဘူး။
🔸ဘီပိုးကာကွယ်ဆေးကို မွေးကင်းစကလေးဘဝတည်းက စပြီး ထိုးနှံလို့ ရပါတယ်။ ၅မျိုးစပ်ကာကွယ်ဆေးမှာကိုက ဘီပိုးကာကွယ်ဆေးက ပါပြီးသားပါ။ ဒါကို အကြိမ်ရေပြည့်အောင် ထိုးပေးဖို့ လိုပါတယ်။
🔸ကလေးဘဝက မထိုးလိုက်ရတဲ့သူတွေနဲ့ လူကြီးတွေလည်း ထိုးလို့ရပါတယ်။ 0-1-6 ၃ကြိမ် ဒါမှမဟုတ် 0-1-6-12 ၄ကြိမ် ထိုးနိုင်ပါတယ်။ ထိုးပြီးသား သူတွေကလည်း နှစ်တွေ ကြာလာပြီဆိုရင် ပဋိပစ္စည်းကို ပြန်စစ်ပြီး လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနိုင်ပါတယ်။
လေ့လာချက်တွေအရ ဘီပိုးကာကွယ်ဆေးကို သေချာထိုးထားမယ်ဆိုရင် အသည်းကင်ဆာဖြစ်နိုင်ခြေကို ၇၂% ကာကွယ်ပေးနိုင်တာကြောင့် ထိုးထားသင့်တဲ့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။
🔸နောက်တစ်ခုကတော့ သားအိမ်ခေါင်းကင်ဆာပါ။
သားအိမ်ခေါင်းကင်ဆာရဲ့ အဓိက တရားခံကတော့ HPV လို့ခေါ်တဲ့ Human Papillomavirus လိင်အင်္ဂါကြွက်နို့ပိုးပါ။ HPV က အမျိုးအစားတွေ အများကြီးရှိပြီး ကြွက်နို့ဖြစ်တဲ့ ပိုးနံပါတ်နဲ့ ကင်ဆာဖြစ်တဲ့ ပိုးနံပါတ်နဲ့က မတူပါဘူးနော်။
🔸HPVက သားအိမ်ခေါင်းကင်ဆာအပါအဝင် စအိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လိင်တံကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ စတဲ့ ကင်ဆာ၆မျိုးကို ဖြစ်စေနိုင်တာကြောင့် ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။
HPV ကာကွယ်ဆေးက လိင်ဆက်ဆံမှုမရှိခင် ငယ်တုန်းရွယ်တုန်းမှာ ထိုးထားတာက အကောင်းဆုံးပါ။ ဒါကြောင့် အသက် ၉ နှစ်ကနေ စထိုးနိုင်ပြီး နောက် ၆လ-၁နှစ် လောက်ကြာတဲ့အခါ နောက်တစ်ကြိမ် ထပ်ထိုးမယ်ဆိုရင် လုံလောက်ပါပြီ။
🔸HPV ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၆နှစ်အထိ ထိုးနိုင်ပြီး ၂၆နှစ်ကျော်သွားပြီဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရွယ်ရလာတာနဲ့အမျှ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ များလာနိုင်တာကြောင့် ထိုးရင် ကာကွယ်နိုင်စွမ်း ရှိမရှိဆိုတာကို ထည့်သွင်းစဉ်းစားရမှာမို့လို့ပါ။
🔸HPVမှာ အမျိုးအစားပေါင်း ၂၀၀လောက်ရှိပေမယ့် ကာကွယ်ဆေးတွေကတော့ အဲ့လောက် အများကြီး လိုက်မထုတ်ပါဘူး။ ကူးစက်မှုများပြီး အန္တရာယ်ဖြစ်စေတဲ့ ပိုးတွေအတွက်ပဲ ထုတ်တာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကင်ဆာဖြစ်စေတဲ့ ပိုးနံပါတ်တွေ၊ ကြွက်နို့ဖြစ်စေတဲ့ ပိုးနံပါတ်တွေအတွက်ပဲ ထုတ်ပါတယ်။
🔸ကာကွယ်ဆေးပေါ် မူတည်ပြီး ပိုး၂မျိုး၊ ၄မျိုး၊ ၉မျိုး စသဖြင့် အစားစားရှိပါတယ်။ ပိုးအမျိုးအစားများလေလေ စျေးကြီးလေဖြစ်ပါတယ်။ HPV က လိင်တံကင်ဆာလည်း ဖြစ်စေနိုင်တာကြောင့် သမီးတွေအပြင် သားတွေကိုပါ ထိုးပေးထားသင့်ပါတယ်။
US မှာ လေ့လာချက်တွေအရ HPV ကာကွယ်ဆေးထိုးထားတဲ့ မိန်းကလေးတွေမှာ ကင်ဆာနဲ့ ကြွက်နို့ဖြစ်စေတဲံ HPVကူးစက်နှုန်းက 88%၊ အမျိုးသမီးတွေမှာ 81%၊ အမျိုးသမီးကြီးတွေမှာ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်က 40%ကျသွားတာကို တွေ့ရပါတယ်။
🔸ဒီလောက်ဆို ကင်ဆာတွေကို ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်တယ်ဆိုတာ နားလည်လောက်ပြီ ထင်ပါတယ်။ ကင်ဆာတွေက မျိုးရိုးဗီဇ၊ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်ထားမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Credit to Dr Htet Htet Zaw Win
စာဖတ်သူအားလုံး
ကျန်းမာရွှင်လန်းကြပါစေ
ဟန်နီ
Keep Reading