Honey cho
သွေးတိုးမြန်မြန်ချတာ ကောင်းသလား
🔸အိမ်က လူကြီးတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေ သွေးတိုးပြီဆိုတာနဲ့ သွေးတိုးမြန်မြန်ကျအောင် နည်းပေါင်းစုံလုပ်တာကို တွေ့ဖူးကြလားမသိ။
🔸နည်းနည်းလေး နေလို့မကောင်းဘူး။ ခေါင်းအုံနေတယ်။ သွေးပေါင်ချိန်ကြည့်လိုက်တယ်။ ၁၄၀/၉၀ လောက်ဆိုတာနဲ့ ‘ဟာ သွေးတွေတက်နေပြီ၊ သွေးပေါင်ကျအောင် လုပ်ရမယ်’ ဆိုပြီး ၁၂၀/၈၀ ရောက်အောင် မရမက ချတတ်ကြပါတယ်။
🔸ဘာတွေ လုပ်ကြလဲဆိုတော့ သံပရာစေ့တွေ ဝါးကြတယ်၊ သံပရာရည်တွေ တစ်ခွက်ပြီး တစ်ခွက် သောက်မယ်၊ ဒန့်သလွန်စေ့တွေ စားကြမယ်။ သွေးကျဆေး သောက်နေတဲ့သူတွေက တစ်ရက် တစ်လုံးပဲ သောက်ရတဲ့ဆေးကို ကိုယ့်သဘောနဲ့ကိုယ် နောက်တစ်လုံး ထပ်သောက်မယ် စသဖြင့် မျိုးစုံလုပ်ကြပါတယ်။
🔸တကယ်တမ်းကျတော့ သွေးတိုးဆိုတာ မြန်မြန်မချရပါဘူး။ သွေးတိုးနဲ့ ပတ်သက်ရင် အရေးကြီးအခြေအနေ (Hypertensive urgency) နဲ့ အရေးပေါ် အခြေအနေ (Hypertensive emergency) ဆိုပြီး အခြေအနေနှစ်ခုရှိပါတယ်။
🔸ဒီနှစ်ခုလုံးက သွေးပေါင် ၁၈၀/၁၂၀ ထက် တက်နေတဲ့ အခြေအနေဖြစ်ပြီး emergency မှာတော့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာ (ဥပမာ မျက်လုံးထိတာ၊ ကျောက်ကပ်ထိတာ)တွေပါ ပါတတ်ပါတယ်။
🔸ရုတ်တရက်စဉ်းစားလိုက်ရင် ဒီလိုဖြစ်လာတဲ့အခါ သွေးတိုးကို မြန်မြန်ချရမယ်လို့ ထင်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ မချပါဘူး။ ကိုယ်တွင်းအင်္ဂါတွေ မထိသေးတဲ့ “အရေးကြီးသွေးတိုး”ဆိုရင် ရက်ပိုင်းလောက် အချိန်ယူပြီး ချပါတယ်။ “အရေးပေါ်သွေးတိုး”ဆိုရင်လည်း ဘယ်နာရီအတွင်းမှာ ဘယ်လောက်နှုန်း ကျရမယ်ဆိုပြီး ချကြပါတယ်။
🔸နောက်ဆုံး လေဖြတ်တဲ့ လူနာတွေမှာတောင် သွေးတိုးနေရင် မြန်မြန်မချပါဘူး။ ချဖို့လိုတဲ့ လူနာမှာပဲ ချပါတယ်။ ဆိုလိုတာကတော့ သွေးပေါင်တက်နေလို့ ချက်ချင်း ၁၂၀/၈၀ ဖြစ်အောင် မချပါဘူး။ ဒီလိုချတာက အင်မတန်အန္တရာယ်များပါတယ်။ သွေးပေါင်မြန်မြန်ချခြင်းရဲ့ တစ်ဖက်ခြမ်းမှာ သွေးလည်ပတ်မှုတွေ နည်းသွားပြီး ကိုယ်တွင်းအင်္ဂါတွေ သွေးငတ်တာ ဖြစ်နိုင်လို့ပါ။ ဒါက ပိုပြီး အန္တရာယ်များပါတယ်။ တချို့သော အခြေအနေတွေမှာတော့ ဒီထက်မြန်မြန် ချဖို့ လိုပေမယ့် ဒါကလည်း တစ်ယောက်ချင်းဆီပေါ်ပဲ မူတည်ပါတယ်။
🔸နောက်ပြီး သွေးတိုးတဲ့အခါ ကိုယ့်ဟာကိုယ် အိမ်မှာ သွေးပေါင် မချရပါဘူး။ သံပရာစေ့တွေ၊ ဒန့်သလွန်စေ့တွေ ဒါတွေက သွေးပေါင်တကယ်ကျစေလား မသိပါ။ ကျတယ်ဆိုရင်တောင် ဘယ်လောက်ထိကျသွားမှာလဲဆိုတာက သိဖို့ ခက်ပါတယ်။
🔸သွေးကျဆေး သောက်နေတဲ့သူတွေက ကိုယ့်ဟာကိုယ် စိုးရိမ်ပြီး တစ်ရက်တည်း ၂ လုံးသောက်တာတွေ မလုပ်ရပါ။ ဒီဆေးတွေက ၂၄ နာရီကြာ အာနိသင်ရအောင် လုပ်ထားတာ ဖြစ်တာကြောင့် ခုသောက် ခုကျမှာ မဟုတ်ပါ။ မလိုအပ်တဲ့ ပြဿနာတွေပဲ ဖြစ်လာနိုင်ပါတယ်။
🔸ဒီဆောင်းပါးကနေ သိစေချင်တာက နှစ်ခုတည်းပါ။
(၁) သွေးတိုးကို ကိုယ့်ဘာသာကိုယ် မြန်မြန်မချပါနဲ့။
(၂) သွေးတိုးနေရင် ကိုယ့်ဟာကိုယ် ကုဖို့ မကြိုးစားပါနဲ့။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ ပြသပါ။ ဒါမှ အသက်အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။
Credit to Dr Htet Htet Zaw Win
စာဖတ်သူအားလုံး
ကျန်းမာရွှင်လန်းကြပါစေ
ဆုတောင်းများစွာဖြင့်
ဟန်နီ
Keep Reading