Thoon Kari
ဆရာဆိုသည်မှာ ကျွန်မတို့လူသားအားလုံးအတွက် အမှောင်ထဲတွင် အလင်းပေးနိုင်သူ၊ အေးချမ်းမှုကို ပေးနိုင်သူ၊ ပညာအမွေကို လက်ဆင့်ကမ်းပေးသူ ဖြစ်ပါသည်။ယနေ့ အောက်တိုဘာလ (၅)ရက်နေ့သည် ပန်းပေါင်းများစွာကို လောကအလယ်တင့်တယ်နိုင်စေရန် စေတနာ၊မေတ္တာများကို အရင်းထားကာ ပြုစုပေးထောင်ပေးသော ဉယျာဉ်မှူးဆရာများကို ဂုဏ်ပြုထားသော ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်။ World Teachers' Day အဖြစ် 1994 ခုနှစ်မှစ၍ UNESCO ကကြီးမှူး၍ သတ်မှတ်ခဲ့ရာ ယနေ့သည် နှစ်ပေါင်း (၃၀) ပင် ပြည့်လေပြီ။
ကျွန်မတို့ဘဝတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် ပညာအမွေ ပေးအပ်ခဲ့သော မြတ်ဆရာများကို မည့်သည့်နေ့ပင်ဖြစ်စေ မမေ့အပ်သင့်ပါ။ ဤလူ့ပြည်၌ အလုံးစုံကုန်သော အရာခပ်သိမ်းသည် ဆရာများပေးဝေခဲ့သော ပညာရပ်များကြောင့်သာ တင့်တယ်နေရသည်။ လူဟူသည့် အမျိုးသည် ယဉ်ကျေးမှု ရှိကြသည်။ ယဉ်ကျေးလိမ္မာစေရန် လက်ဉီးဆရာ မိနှင့်ဖက ဉီးစွာလမ်းညွှန်ပြသည်။ ထို့နောက် ဆရာများက ဆုံးမကြသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုရှိသော လူ့အသိုင်းအဝိုင်းဖြစ်လာစေရန် ဆရာများက ပဲ့ကိုင်ရှင် ဖြစ်ကြသည်။
ဆရာများ၏ လမ်းညွှန်ပြသမှုများကြောင့် ကျွန်မတို့လူ့ဘဝခရီးမှာ တင့်တယ်နိုင်ကြသည်။ သို့သော် ဆရာများ၏ ဆုံးမမှုသာ လိုအပ်သည်မဟုတ်။ ဆရာများ၏ ဆုံးမစကားကို တပည့်များက နာယူမှတ်သားပြီး ကျင့်ကြံနိုင်မှသာ ဘဝများလှလိမ့်မည်။ တပည့်ကောင်းဖြစ်ပါမှ ပန်းကောင်းပန်နိုင်လိမ့်မည်။ ဆရာများ၏ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သွေးမတော် သားမစပ်သော ကလေးများကို မိမိသားသမီးများပမာ စေတနာထားကာ ပညာသင်ကြားရင်းဖြင့် ကုန်ဆုံးသွားရသည်။ ရာသီများက အလီလီပြောင်းလည်း ဆရာ့ရင်ခွင်မှာ တပည့်တို့အတွက် အစဉ်အမြဲ မပြောင်းမလဲကာ ကြိုဆိုလျက်ပင်။ တပည့်ဟောင်းများနှင့် အမှတ်မထင် ပြန်တွေ့ရလျှင် ပီတိဖြာသူမှာ ဆရာပင် ဖြစ်သည်။ တပည့်များဂါဝရတရားရှေ့ထားကာ လာရောက်ကန်တော့လျှင် ရွှေရင်မှာ ဝမ်းနည်းဝမ်းသာ ပြုံးပျော်ရသူမှာလည်း ဆရာပင်ဖြစ်သည်။
တပည့်များစွာမှာ အသက်အရွယ်ကြီးရင့်လာသော်လည်း ဆရာ့မျက်လုံးထဲတွင် ဆုံးမရဉီးမည့် ကလေးငယ်သဖွယ် ဖြစ်လေသည်။ မတော်သည့် မလိမ္မာမိုက်မဲမှုများတွေ့လျှင် ဆုံးမကြလေသည်။ တပည့်ဟောင်းများနှင့် ပြန်တွေ့လျှင် ပြုံးပြုံးကြီးလည်း ဆုံးမတတ်သေးသည်။ တပည့်တို့မှာလည်း တိုင်ပင်စရာများ၊ အကြံဉာဏ်တောင်းစရာများ ရှိလာခဲ့လျှင် ဆရာများကို အချိန်မရွေးမေးမြန်းနိုင်ကြသည်။ ဆရာများသည် တပည့်တို့အတွက် သူငယ်ချင်းဖြစ်ပေးရသည်။ လူရွှင်တော်ဖြစ်ပေးရသည်။ မိဘဖြစ်ပေးရသည်။ အုပ်ထိန်းသူဖြစ်ပေးရသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်ပေးရသည်။ ကလေးငယ်များအတွက် ဆရာသည် စာသင်ပေးရုံတင်မရပါ။ ကလေး၏စိတ်ကို နားလည်ပေးရသည်။ ကူညီဖေးမပေးရသည်။
ကလေးငယ်များ၏စိတ်မှာ နုနယ်လှသောကြောင့် ချော့ပြောရသည်များလည်း ရှိပြန်သည်။ ခြောက်၍ ဆုံးမမှရမည်ဆိုလျှင် ခြောက်ရသည်။ တပည့်များဘဝလှပစေရန် ဒေါသနှင့်လည်း ဆူပူမိပြန်သည်။ မဆူရက် မပြောရက်သော်လည်း ကလေးများအတွက် ဆူပူရသည်။ အားငယ်တတ်သော ကလေးများလည်း ရှိတတ်သည်။ ထိုအခါတွင် အားပေးရသည်။ နားလည်ပေးရသည်။ ကလေးတစ်ယောက်ချင်းစီတိုင်းကို မချန်ဘဲ ဆွဲခေါ်ပေးရသည်။ စာများနားမလည်၍ နောက်ကျကျန်ခဲ့သော တပည့်များလည်း ရှိသည်။ ထိုအခါတွင် ကျောသားရင်သားမခွဲခြားဘဲ ကျန်ခဲ့သူများကို မချန်ခဲ့သည်မှာ ဆရာများပင် ဖြစ်သည်။
တပည့်များက ဆရာများကို ဘယ်သောအခါမျှ မမေ့အပ်သင့်ပေ။ ဆရာများ၏ ဂုဏ်ကျေးဇူးအထူးကို မမေ့မလျော့ကာ ဂါဝရပြုရမည်။ ကမ္ဘာ့ဆရာများနေ့မှသာ သတိရလျက် ကျန်သောနေ့များတွင် မေ့ပစ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ဆရာတို့နှင့်အတူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နေ့ရက်တိုင်းကို ဆရာများနေ့ဟု စိတ်တွင်သတ်မှတ်ထားကာ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို မပစ်မှားဘဲ ကျေးဇူးသိတတ်ရပေမည်။ တပည့်များ၏ တစ်သက်သာမှာ အကြောင်းအရာအမျိုးမျိုး ဖြစ်နိုင်သော်လည်း ဆရာများ၏တစ်သက်တာမှာ တပည့်များအတွက် ပညာအမွေပေးရန် ဆိုဆုံးမရန် စေတနာမေတ္တာပေးဝေရန်သာ ဖြစ်သောကြောင့် ဆရာ့တစ်ဘဝလုံးသည် သူ၏သားသမီးများအတွက်သာ ဖြစ်ပါလေသည်။ ထို့ကြောင့် မိဘသဖွယ်ဆရာများ၏ကျေးဇူးကို အထူးတန်ဖိုးထားအောက်မေ့ကြကာ ဆရာများကို ဘယ်သောအခါမျှ မမေ့ရန် တိုက်တွန်းရေးသားရင်း ကျေးဇူးရှင်ဆရာအပေါင်းအား ဂါဝရရှေ့ထားကာ ဂုဏ်ပြုပူဇော် ကန်တော့အပ်ပါသည်။ ။
#thoonkari
#sarphat
စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်💖
စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...
Keep Reading