Honey cho
အသည်းဆေးဖျန်းတယ် (TACE) ဆိုတာ ဘာလဲ
🔹ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ အသည်းကင်ဆာဖြစ်လို့ အသည်းဆေးဖျန်းရတယ်လို့ ပြောတာ ကြားဖူးမှာပါ။ ရုတ်တရက် စဉ်းစားလိုက်ရင် အသည်းပေါ်ကို စပရေးဘူးလိုအရာတစ်ခုခုနဲ့ ဖျနးတယ်လို့ မြင်မိမှာပါ။ တကယ်က အဲ့လို မဟုတ်ပါဘူး။
🔹အရင်ဆုံးတော့ TACE ဆိုတာ ဘာလဲဆိုတာနဲ့ စလိုက်ရအောင်။ TACE ဆိုတာ Transarterial chemoembolization ကို ဆိုလိုတာဖြစ်ပြီး သွေးကြောထဲကနေ ဆေးတစ်ခုခုကို ထိုးသွင်းတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။
🔹ဒီနေရာမှာ သွင်းတဲ့ဆေး၊ သွင်းတဲ့ပုံစံ၊ သွင်းရတဲ့ ရည်ရွယ်ချက်က ပုံမှန် အကြောဆေးသွင်းတာနဲ့ ကွာခြားပါတယ်။
🔹အသည်းကင်ဆာလူနာတွေမှာ ကင်ဆာကျိတ်ကြီးလွန်းလို့ ခွဲစိတ်ဖို့ ခက်တဲ့အခါမှာ သုံးတတ်ကြပါတယ်။ အကျိတ်ဆီ ဆေးတိုက်ရိုက်သွင်းပြီး ကင်ဆာကျိတ်ကို ကျုံ့သွားအောင် လုပ်တာပါ။
🔹လုပ်တဲ့ပုံစံကတော့
လူနာကို သက်သောင့်သက်သာ ဖြစ်အောင် စိတ်ငြိမ်ဆေးလေး ပေးထားပါ။
ပေါင်ခြံသွေးကြောကနေ အသည်းဆီရောက်အောင် ပိုက်ပျော့လေးထည့်မယ်။
ပြီးရင် ဆေးတွေကို ပိုက်ပျော့လေးကနေတဆင့် ထိုးသွင်းမယ်။
ထိုးသွင်းလိုက်တဲ့ ဆေးတွေက ကင်ဆာကျိတ်ဆီ ရောက်ပြီး ကင်ဆာကို ကျုံ့သွားစေတာပါ။
🔹အသည်းဆေးဖျန်းတာက အသေးစား ခွဲစိတ်မှုဖြစ်ပြီး ချုပ်ရိုးကြီးကြီးမားမား ကျန်ခဲ့မှာမဟုတ်ပါဘူး။ ပေါင်ခြံကနေ ပိုက်ပျော့လေးထည့်တဲ့အရာပဲ ရှိမှာ ဖြစ်ပါတယ်။
🔹အားလုံးပြီးစီးသွားရင် လူနာက နာရီအနည်းငယ်ခန့် လှဲလျောင်းနေရမှာဖြစ်ပြီး အခြေအနေကောင်းတယ်ဆိုရင်တော့ နောက်ရက်ပိုင်းလောက်ဆို ဆေးရုံဆင်းလို့ ရပါပြီ။
🔹၁လကနေ ၃လအကြာမှာတော့ CT၊ MRI တွေ ရိုက်ပြီး အကျိတ်ကျုံ့သွားလားဆိုတာကို ပြန်လည်စစ်ဆေးမှာ ဖြစ်ပါတယ်။
လူတွေ ပြောပြောနေကြတဲ့ အသည်းဆေးဖျန်းတယ်ဆိုတာ ဒါပါပဲ။
🔹အသည်းဆေးဖျန်းတာ လုပ်ပြီးရင် ကင်ဆာပျောက်သွားပြီလား၊ တခြားကုသမှုတွေ လိုဦးမှာလားဆိုတာကတော့ လူနာအခြေအနေ၊ ကင်ဆာအခြေအနေတွေပေါ်မူတည်ပါတယ်။ တချို့သူတွေမှာ ဒါတစ်မျိုးတည်းနဲ့ ပြီးနိုင်ပေမယ့် တချို့သူတွေမှာတော့ ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ရောင်ခြည်ပြတာတွေ ထပ်လိုကောင်းလိုနိုင်ပါတယ်။
🔹အသည်းဆေးဖျန်းတာရဲ့ အားသာချက်တွေကတော့
အောင်မြင်မှု ရာခိုင်နှုန်းများတာ - ဆေးဖျန်းထားတဲ့ လူနာတွေရဲ့ ၇၀% လောက်က ကင်ဆာကျုံ့သွားတာကို တွေ့ရပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာကိုလည်းထိခိုက်ခြင်း မရှိပါဘူး။ ပုံမှန်လုပ်နေကျ ကင်ဆာကုထုံးတွေနဲ့ ယှဉ်ရင် နာလန်ထတာ၊ ဘေးထွက်ဆိုးကျိုးနည်းတာကို တွေ့ရပါတယ်။
🔹ဒါပေမဲ့ အသည်းဆေးဖျန်းတာမှာလည်း ဘေးထွက်ဆိုးကျိုးတချို့ ရှိနိုင်တာကြောင့် ကိုယ်က ဒီကုသမှုနဲ့ သင့်တော်ရဲ့လားဆိုတာကိုတော့ ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ လိုပါတယ်။
Credit to Dr Htet Htet Zaw Win
စာဖတ်သူအားလုံး
ရောဂါဘယကင်းဝေးကြပါစေ။
Keep Reading