SarPhat Author
ဒီစာသားလေးကိုတွေ့ရင် အဲ့စာသားထဲကလို စိတ်များ ကိုယ့်မှာရှိနေလား ဆန်းစစ်ကြည့်ပါဦး။
ကျွန်မတို့ပတ်ဝန်းကျင်မှာ အဲလိုလူမျိုးအချို့ကိုတွေ့ရတတ်ပါတယ်။ ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။ ကျွန်မတို့နေထိုင်တဲ့လူ့ပတ်ဝန်းကျင်၊ ဖြတ်သန်းရတဲ့ဘဝတလျှောက်မှာ သူများဆီက အမြဲတမ်းအယူတစ်လိုင်းပဲဆိုတာကတော့ မဖြစ်သင့်တဲ့အရာပါ။
ကျွန်မမှာခံယူချက်တစ်ခုရှိပါတယ်။ ကျွန်မသည် တစ်ခြားသူတစ်ဦးစီက တစ်စုံတစ်ခုရယူထားဖူးတယ်၊ စားသောက်ထားဖူးတယ်၊ အကူအညီရယူထားဖူးတယ်ဆိုရင် ဒါဟာကျွန်မအပေါ်ကျေးဇူးတစ်ခုအနေနဲ့တင်တယ်လို့ မှတ်ထားပြီး အခြေအနေသင့်လို့ အခွင့်အရေးရရင် ရအောင်ကျွန်မပြန်ဆပ်ပါတယ်။ ဒါဟာ ကျေးဇူးအတင်မခံတာမျိုး၊ မာနထားတာမျိုးအနေနဲ့မဟုတ်ဘဲ ကိုယ့်ကိုကျေးဇူးပြုဖူးတဲ့သူကို ကိုယ်တတ်နိုင်သလောက်လေး အခွင့်အရေးရသလောက်ကျေးဇူးပြန်ပြုတာပါ။ အဲလိုမျိုးမှာ ကိုယ့်ထက်ကြီးသူ၊ ငယ်သူ၊ ရွယ်တူမရွေးပါဘူး။ ကိုယ့်အပေါ်ကောင်းတဲ့သူအတွက် ကိုယ်ပြန်ကောင်းပေး ကိုယ့်အပေါ်စေတနာထားပေးသူကို စေတနာပြန်ထားပေးတာပါ။ အဲဒီအကျိုးကြောင့်ကျွန်မအတွက် အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ရင် အခက်အခဲကသိပ်ကြာရှည်မဖြစ်ဘဲ ကူညီဖေးမပေးသူနဲ့ဆုံတွေ့ရမြဲဖြစ်ပါတယ်။
ကျွန်မတို့ရိုးရိုးလေးစဥ်းစားကြည့်ရအောင်။
သူတစ်ပါးကိုယ်ကို ကူညီဖေးမစောင့်ရှောက်ပေးတာကို ခံယူဖူးတယ်ဆိုရင် ကိုယ်ကရောပြန်မကူညီမဖေးမသင့်ဘူးလား။ သူများဆီကတော့ ရသလောက်ယူမယ်။ ငါ့ဆီကတော့ကပ်ထားမှာပဲဆိုတဲ့စိတ်ကတော့ လူမဆန်ဘူး၊ မဖြစ်သင့်ဘူးလို့ ကျွန်မအနေနဲ့မြင်ပါတယ်။
ဥပမာငွေကြေးပိုင်းအခက်အခဲဆို ပိုလို့တောင် သတိထားရပါမယ်။ သူကရှိတာပဲ ရှာနိုင်တာပဲ သူ့ဆီကယူလိုက်လဲ ဘာမှမဖြစ်ပါဘူးဆိုပြီးတွေးမိရင် သူ့ဘက်ကလဲပြန်တွေးကြည့်ပါ။ ဒီပိုက်ဆံတွေရအောင် သူဘယ်လိုအပင်ပန်းခံကြိုးစားရှာထားရသလဲ။ သူ့နေရာမှာကိုယ်ဆိုရင်ရော ဘယ်လိုနေမလဲ အမြဲတွေးပါ။ ကိုယ့်ကိုကူညီဖေးမဖူးတဲ့သူအတွက် တစ်ချိန်အကူအညီဆိုတာလိုအပ်လာခဲ့ရင် ကိုယ့်တုန်းကသူကူညီခဲ့သလို အသာတကြည်ရက်ရက်ရောရောစိတ်နဲ့ ပြန်ကူညီနိုင်ပါစေ။ ကိုယ့်အလှည့်မှမေ့ချင်ယောင်မဆောင်ပါနဲ့။ ကိုယ့်ရဲ့ Image ကောင်းဖို့ထဲမှာ ဒီအချက်ကလဲအရေးကြီးပါတယ်။
ငွေကြေးမှမဟုတ်ပါဘူး။ဘယ်အရာမဆိုပေါ့။ တဖက်လူကပေးတယ်ဆိုတိုင်းလဲ သူပေးလို့ယူတာပဲ ရသလောက်တော့ယူရမှာပဲ။ အလကားရရင်ရတာ ရအောင်ယူရမှာပဲ။ ကိုယ်ရဖို့ကအဓိက။ အလကားရတာဆိုရင် ကိုယ်အသုံးဝင်တာမဝင်တာတစ်ပိုင်းပဲဆိုတဲ့စိတ်မျိုး မထားစေချင်ပါဘူး။
ကိုယ့်ဘက်ကတော့မပေးနိုင်ပါဘူး၊
ပေးစရာလားကိုယ့်ဆီကလျော့သွားမှာပေါ့၊
ကိုယ်ပေးချင်မှဖြစ်တာ၊
ကိုယ်ဘက်ပဲရအောင်ယူမယ် ဆိုတဲ့ ခပ်ညံ့ညံ့စိတ်တွေ အတွေးတွေရှိနေမယ်ဆိုရင် ဒီစာလေးဖတ်ပြီးပြောင်းလဲနိုင်အောင်ကြိုးစားလိုက်ပါ။
ကိုယ်ကသူ့လောက်မှအဆင်မပြေတာ သူပေးသလိုမပေးနိုင်လို့ မပေးဘူးဆိုတာ ဆင်ခြင်တစ်ခုပါ။
ကိုယ်တတ်နိုင်တဲ့ ကိုယ့်အခြေအနေအဝန်းအဝိုင်းနဲ့ ကိုက်ညီမှုရှိသလောက်တော့ ကျေးဇူးတုံ့ပြန်ရင်း ပြန်လည်သိတတ်ပေးမယ်ဆိုရင်ကို အဆင်ပြေနေပါပြီ။ တချို့တွေကတော့ သက်သက်ကိုအမေ့ခံကြတာပါ။ ပြန်ပေးရ ဖေးမရမှာစိုးလို့☹️
ကိုယ်ကအဲလိုလူမျိူးထဲမှာ မပါတဲ့သူတစ်ဦးဖြစ်အောင် ကြိုးစားပြုမူနေထိုင်ဖို့ မေတ္တာရှေ့ထားပြီး တိုက်တွန်းပါရစေနော်❤️
ကိုယ်ချင်းစာတဲ့စိတ်၊ လူပီသတဲ့စိတ်၊ ပေးကမ်းရက်ရောမှုရှိတဲ့စိတ်မျိုးတွေနဲ့ ဘဝကိုအဓိပ္ပာယ်ရှိစွာ ရှင်သန်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။
#TheNoteBySD
Keep Reading