Milo
ဖေဖေရယ်…..
ရွက်စုတ်ပြက္ခဒိန်လေး တဖြည်းဖြည်း ပါးလာတာနဲ့ အမျှ တစ်နှစ်ဆိုတဲ့ အချိန်ဟာလည်း ကုန်လွယ်လိုက်တာ။
နှစ်ကုန်ဖို့ နှစ်လပဲ ကျန်တော့တဲ့ အောက်တိုဘာ ကိုတောင် ရောက်လာပြီ။ လက်ထဲကိုင်ထားတဲ့ စက္ကူကြမ်းစလေးကို ဖြဲလိုက်တော့ တစ်ရွက်ပိုပါးသွားတဲ့ နေရာမှာ ရေးထားတာက “အဘိဓမ္မာ အခါတော်နေ့” တဲ့။ အော် ဒီနေ့ လပြည့်နေ့ပဲ။ ဒီသီတင်းကျွတ်တော့ ရအောင်ပြန်မယ်လို့ ရည်စူးထားပေမဲ့ အခါမပေးတော့ ဒီတစ်နှစ်လည်း သမီး မပြန်လာနိုင်ခဲ့ပြန်ဘူး။ မရောက်ဖြစ်တဲ့ သုံးနှစ်တာမှာ မကြည်မရှင်း လေလှိုင်းတွေကို ဖြတ်သန်းရင်း ဝတ်ပြုကန်တော့နိုင်ခဲ့ပေမဲ့ ဒီနှစ်တော့ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ မရတော့တဲ့ နယ်မြို့လေးကို သမီး ဘယ်လို ဆက်သွယ်ရပါ့မလဲ ဖေဖေရယ်။
ခုတလော ဘာလေး ကြုံရကြုံရ ဖေဖေ့ကို တမ်းတမိတာတော့ အမှန်ပဲ။
အိပ်ယာခေါင်းရင်းက နှိုးစက်သံ မြည်လာရင် “သမီးရေ ထတော့” ဆိုတဲ့ ဖေဖေ့ အသံကို သတိရတယ်။ မနက်ခင်း လမ်းလျှောက်ထွက်ဖို့ ဖေဖေ ခေါ်တိုင်း အပျင်းတစ်ပြီး အိပ်ချင်ယောင်ဆောင်နေကျ သမီးကို “ငါ့သမီးကတော့ကွာ” ဆိုပြီး မနှိုးရက်ဘဲ ထွက်သွားတတ်တဲ့ ဖေဖေ့ကျောပြင်ကို လွမ်းဆွတ်မိတယ်။
ဒုတိယနှိုးစက်သံ မမြည်စေဘဲ ကိုယ်လက်သန့်စင်ပြီးတာနဲ့ လမ်းလျှောက်ထွက်ရတာက အခုတော့ အကျင့် ဖြစ်လာပြီ။ အပြန်တော့ မေမေရဲ့ ချဉ်ပေါင်စပ်ချဉ်လေးနဲ့ ငါးဖယ်ဆုပ်လေးကို သတိရလို့ ဈေးထဲ ဝင်ဖြစ်ခဲ့တယ် ဖေဖေရေ။
လမ်းတလျှောက်လုံး မြင်ရသူတွေက သိသူရော၊ မသိသူရော လူစုံပါပဲ။ အသိဆိုရုံလောက်က ပြုံးပြရင်း ကျော်သွားလို့ ဖြစ်ပေမဲ့ ရင်းနှီးတဲ့သူကျ လောကဝတ်အရ နှုတ်ဆက်ရတယ်။ ဈေးခြင်းတောင်းလေး ကိုင်လာတဲ့ သူကျ “အစ်မ.. ဈေးကပြန်လာတာလား”၊ မြန်မာဝတ်စုံ ဝမ်းဆက်နဲ့တဘက်လေး ပုခုံးပေါ်လွှားထားတဲ့ သူကျ "ဘုရား သွားမလို့လား"၊ အေရိုးဗစ်အကျပ်နဲ့ သူကျ “ဘယ်သူရေ လေ့ကျင့်ခန်း လာလုပ်တာလား” စသဖြင့်ပေါ့။
“ဟုတ်တယ် ညီမရေ” လို့ ကြည်ရွှင်တဲ့ အသံလေးတွေ ပြန်ကြားရတာ သူရော ကိုယ်ပါ စိတ်ချမ်းသာရတာပေါ့ ဖေဖေရယ်။ အရင်ကဆို “ဈေးက ပြန်လာတာလား” နဲ့ မတင်းတိမ်နိုင်တဲ့ သမီးက “ဘာတွေ ဝယ်ခဲ့တာလဲ” အထိ တစ်ဆင့်တက်ချင်ခဲ့တယ်နော်။ ဖေဖေက မလိုအပ်တာတွေ မမေးဖို့ ဆုံးမတိုင်း “ဟုတ်ကဲ့ပါ ဖေဖေ” လို့ ဖြေခဲ့ပေမဲ့ တကယ်တမ်း သမီးစိတ်ထဲမှာ “ဟင့် ဒါလေးမေးတာကို၊ ဘာဖြစ်မှာကျလို့” လို့ တွေးခဲ့ဖူးတယ် သိလား ဖေဖေ။ သမီးကလေ ဒီလိုနည်းနဲ့ သမီးလည်း ပေါင်းသင်းဆက်ဆံရေး တတ်ကြောင်း ပြချင်ခဲ့တာ ထင်တယ်။
“စားပြီးပြီလား အစ်မရေ” နဲ့ မရောင့်ရဲနိုင်တဲ့ သူဆီက “ဘာဟင်းနဲ့ စားတာလဲ” လို့ သမီး အမေးခံခဲ့ရတာ အစပြုပြီး ဖေဖေပြောချင်တာကို သဘောပေါက်မိတယ်။ “ကြက်သားကာလသားချက်လေးပဲကွယ်” လို့ ဖြေတဲ့အခါ အသံက ပုံမှန်ထက်ကျယ်ပြီး ထမင်းဆီဆမ်းကို နှမ်းဖတ်ချဉ်လေးနဲ့ နှစ်ပါးသွားရတဲ့ နေ့ကျ ပြန်ဖြေဖို့ တွန့်ဆုတ်နေမိတယ်။
ပတ်ဝန်းကျင်ကို အဖက်မလုပ်ဖို့က အပြောသာ လွယ်တာ အလုပ်က တယ်ခက်သကိုး။ သူ ငါ့ကို ဘယ်လိုများ တွေးမလဲ။ သူ ငါ့ကို သနားသွားမှာလား။ သူ ငါ့ကို အထင်သေးသွားမှာလား… စသဖြင့် မဆီမဆိုင် အတွေးတွေ ဝင်လာတဲ့အခါ စိတ်ကတော့ ညစ်သွားရတာပဲ ဖေဖေရယ်။ ငါ ဘာလို့ ဒါလေးကိုတောင် ဝယ်မသုံးနိုင်ရတာလဲ။ ဒီလောက်လေးတောင် ငါ အသုံးမကျပါလား။ ဘာဖြစ်လို့ သူကျ အဆင်ပြေနေပြီး ငါ့ကျမှ အဆင်မပြေတာလဲ။
အရင်းအမြစ်က ဒီအကြောင်းကိစ္စတွေကို ပြောနေတာ မဟုတ်ဘူးဖေဖေ။ သမီး ထမင်းစားနေတာတွေ့လို့ သူက သဘာဝကျကျ မေးလိုက်ရုံပဲ။ ဘာ ထိခိုက်နစ်နာလိုစိတ်မှ မရှိဘူး။ ဒါကို သမီးလည်း မသိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုအတွေးတွေ ဝင်လာတာကို တားမရခဲ့ဘူး ဖေဖေရယ်။
“ဘယ်နှစ်က ဘွဲ့ရတာလဲ” “လစာကောင်းလား” “အိမ်ကို ဘယ်လောက်ထောက်နိုင်ပြီလဲ” စတာတွေက သမီးကို အဖြေရ ကျပ်စေတဲ့ မေးခွန်းတွေပဲ။ ဒီလိုပဲ “ဘာတွေ ဝယ်ခဲ့တာလဲ” ဆိုပြီး ရိုးရိုးရှင်းရှင်း အမေးမျိုးကိုလည်း အဖြေခက်သွားမဲ့ သူတွေ ဘယ်လောက်တောင် ရှိလိမ့်မလဲ။
အဲ့ချိန်မှာ သမီး ဖေဖေ့စကားကို နားလည်သွားတယ်။ “ဘာဟင်းနဲ့လဲ” ဆိုတာက သမီးတို့ သိကို သိရဖို့ မလိုအပ်ပဲလေ။
လပြည့်ဆိုမှ မနေ့က အဖော်ကောင်းတာနဲ့ ဘုရားပွဲဈေး ရောက်ခဲ့သေးတယ်။ ခေတ်မကောင်း အခါမကောင်းနဲ့ အပျော်မမက်ဖို့ မှာတတ်တဲ့ ဖေဖေတို့ သိရင်တော့ စိတ်ဆိုးနေတော့မှာပဲ။ လမ်းတစ်လျှောက် ဆီမီးတန်းတွေက ကောင်းကင်က ဆင်းလာတဲ့ မီးတန်းလောက် အရှိန်မများဘူး။ ဘုရားပွဲဈေးဟာ အရင်လို မစည်ပေမဲ့ ဈေးဆိုင်တန်းတွေရော၊ ကစားစရာတွေရော၊ မုန့်ဆိုင်တွေရောနဲ့ ရှိသင့်သလောက်တော့ ရှိပါတယ်။
အငြိမ့်နဲ့ ပြဇာတ်တွေတော့ မပါတော့ဘူး ဖေဖေရဲ့။ ငယ်ငယ်က လူအုပ်ကြားထဲ ဖေဖေ့ပုခုံးပေါ်မှာ အခန့်သားထိုင်ရင်း မတိုးမဝှေ့ရဘဲ တစ်ညလုံး ပွဲ ကြည့်ခဲ့တဲ့ အချိန်တွေကိုတော့ သတိရမိသား။ အဲ့တုန်းကလေ မိဘတွေဆိုတာ ကာတွန်း ဇာတ်ကောင်တွေထက် ပိုတော်တဲ့ ဟီးရိုးတွေလို့ ထင်ခဲ့တာ ဖေဖေရဲ့။ “မေမေရေ ဗိုက်ဆာတယ်” လို့ မပြောခင်… ထမင်းစားပွဲဟာ အသင့်ဖြစ်ပြီးသားပဲ။ “ဖေဖေရေ ဟိုအရုပ်ကလေး လိုချင်လိုက်တာ” လို့ မပူဆာခင်.. အလုပ် ပြန်လာတဲ့ ဖေဖေက လက်လေးနောက်ပစ် ဝင်လာတည်းက “ဒါ ငါ့အတွက် အရုပ်ပါလာတာပဲ” လို့ အလိုလို သိပြီးသား။
အရွယ်လေး ရောက်လာမှ အရာရာ လူစွမ်းကောင်းတွေလို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ မိဘတွေကလည်း သမီးတို့လို သာမန်လူတွေ ပါလား လို့ လက်ခံမိတယ်။
ဈေးတန်းလျှောက်ရင်း ဝယ်တန်ရင် ဝယ်၊ ငေးတန်ရင် ငေးလို့ လူအုပ်ကြား တိုးနေရပေမဲ့ သမီး ပျော်နေခဲ့သလား မသိဘူး။ ပျော်မိရင်ရော အပြစ်ဖြစ်သလား။ ဖေဖေတို့က မြို့ငယ်လေးရဲ့ အိမ်အိုလေးမှာ ဗုံးခိုကျင်းတွေထဲ ခိုအောင်းနေရတဲ့အချိန်၊ သူများမိသားစုတွေ စားသောက်စရာမရှိ ဖြစ်နေတဲ့ အချိန်၊ ကပ်ငါးပါးကြောင့် နေစရာပျောက်နေကြတဲ့ အချိန်... ဒီလောက် ပင်ပန်းဆင်းရဲနေတဲ့ သူတွေကြားမှာ သမီး ပျော်လို့ ဖြစ်ရဲ့လား မသိဘူး။
သမီးဟာ အားရင် စိတ်ဓာတ်ကျနေတဲ့ သူမျိုးလား။ မဟုတ်ဘူးနော် ဖေဖေ။ ဖေဖေ့သမီး ဘယ်လောက်ခံနိုင်ရည်ရှိလဲ ဖေဖေသိတယ်မလား။ အခက်အခဲကြုံတိုင်း နစ်မွန်းပြီး အရှုံးပေးမဲ့ သူမျိုးလား။ မဟုတ်ဘူးနော် ဖေဖေ။ ဒီခရီး ဘယ်လောက်ကြမ်းကြောင်း ငြီးတွားပြရမှာထက် ရောက်မှ “ရောက်ပါပြီ” လို့ ပြောလိုက်ချင်တဲ့ လူစားမျိုး။
ဒါဆို သမီး ဘာလို့ ဒီလိုတွေ ရေးနေပါလိမ့်။
ခံစားချက်တွေကို ဖွင့်ဟဖို့ နည်းလမ်းကောင်းက စာရေးတာပဲ လို့ ဖေဖေပဲ သင်ပေးခဲ့တယ်လေ။
ဝမ်းနည်းလိုက်၊ ပျော်လိုက်၊ ငိုလိုက်၊ ရယ်လိုက်၊ လဲကျလိုက်၊ ပြန်ထလိုက်၊ ဆက်သွားလိုက်၊ ဘာမှ မလုပ်ဘဲ ရပ်ချင် ရပ်နေလိုက်… ဒီလိုနည်းမျိုးစုံနဲ့ နေ့ရက်တွေကို အသက်ဝင်နေစေပြီး မနက်ဖြန်အတွက် အားပြန်ယူရတယ် ဖေဖေ။ လူပေါင်းစုံနဲ့ ဆက်ဆံရင်း ပတ်ဝန်းကျင်မှာ ပုံမှန်လို လည်ပတ်နေရပေမဲ့ လူအုပ်ကြားမှာ သမီးဟာ အထီးကျန်မှန်း မသိ ကျန်နေခဲ့တယ်။
ဘုရားရေ။ သမီးတို့ ဘယ်အကြောင်း ပြောနေခဲ့ကြတာပါလိမ့်။ ဘုရားပွဲဈေး အကြောင်းလား။ သီတင်းကျွတ် ကန်တော့မဲ့ အကြောင်းလား။ အိမ် လွမ်းနေတယ် ဆိုတဲ့ အကြောင်းလား။ ဈေးသွားတယ် ဆိုတဲ့ အကြောင်းလား။ စိတ်ဓာတ်ကျနေတဲ့ အကြောင်းလား။
ထားပါတော့လေ။ ဒါနဲ့ သူများရဲ့ ဝမ်းသာစရာသတင်းတွေလည်း စကားပါးလိုက်ချင်သေးတယ် ဖေဖေရယ်။
တောင်ဖက်အိမ်က ဘွားတင်လှရဲ့ သားအငယ်ဆုံးလေး လေ။ အရင်နှစ်က နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ထွက်သွားတာ သိတယ်မလား။ ဒီသီတင်းကျွတ် ဘွားတင်လှကို သိန်းတစ်ရာကျော် ကန်တော့လိုက်နိုင်တယ်တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ကို ခံနိုင်စွမ်း၊ လုပ်နိုင်စွမ်းရှိရှာတယ် ဖေဖေရယ်။ သူ ဟိုစရောက်တော့ အလုပ်တွေ ဘယ်လိုပင်ပန်းကြောင်း၊ ဟိုက ဘယ်လို ဖိနှိပ်ကြောင်း သမီးဆီ အားရင် လာငြီးနေကျ။ ခုလိုကျလည်း ဟန်ကို ကျလို့ပါ။ ပြီးတော့ လမ်းထိပ်ကွမ်းယာဆိုင်က မိချောလေ။ သူလည်း ဟိုမှာ အဆင်ပြေတယ်တဲ့။ သူ့ မိဘတွေကိုလည်း ကြုံရင် စကားပါးပေးပါဦး ပြောလို့လေ။ သူက အဆင်ပြေပေမဲ့ ခုချိန်မှာ အိမ်ကို ငွေရော၊ စာရော ပို့လို့မရလို့ စိတ်ပူနေရှာတယ် ဖေဖေရယ်။
ဟင်….
သမီး ပြောမိတာ ဝမ်းသာစရာသတင်းတော့ ဟုတ်တယ်မလား။ ဒီပျော်စရာတွေမှာ ဘာလို့များ ဝမ်းနည်းစရာတွေ စိမ့်ဝင်နေရတာလဲ။ အရင်ထဲက ပျော်စရာဆိုတာ ဒီလိုမျိုးပဲလား။ 'ပျော်စရာ' ဆိုတဲ့ ခံစားချက်ကို သမီး ဘာလို့ မမှတ်မိရတာလဲ။ သူတို့လည်း သမီးလိုပဲ ခံစားနေရလောက်လား။ လူအုပ်ကြားမှာ နေရင်း အထီးကျန်နေကြလောက်လား။
သမီးကပဲ မကောင်းမြင်လွန်းနေမိတာလား မသိဘူး ဖေဖေရယ်။ တွေးလေ ရှုပ်လေ ဒီသံသရာကြီးထဲပဲ လည်နေတယ်။
အတွေးအခေါ်ပညာရှင် Alan Watts ရဲ့ နောက်ပြန်နိယာမဆိုတာ ရှိသတဲ့။ “စိတ်ချမ်းသာမှုကို ဆက်တိုက် ရှာလေလေ၊ မကျေမနပ်ဖြစ်လေလေ။ လိုက်ရှာနေကတည်းကိုက ကိုယ့်မှာ မရှိဘူးလို့ ခံယူထားလို့” တဲ့ ဖေဖေရယ်။ ဟုတ်တော့ ဟုတ်သလိုလို ရှိသား။ ကောင်းတာ တွေပဲ လိုချင်နေလို့ မဖြစ်ဘူးလေ။ မကောင်းတဲ့ အရာတွေကိုလည်း လက်ခံနိုင်ရမှာပေါ့။ ဒါနဲ့ စိတ်ချမ်းသာမှုတွေ သမီးမှာ ရှိသလား။
ဖေဖေရေ…
ရေးနေရင်း စိတ်ကလေး ပျော်လာတယ် သိလား။ အတွေးတွေကို ဆွဲထုတ်ရင်း ဟိုရောက်ဒီရောက် ဖြစ်နေတဲ့ အစီအစဉ်မကျ စာကြောင်းတွေကြား သမီး အလင်းစတစ်ခု ဖမ်းဆုပ်မိလိုက်သလိုပဲ။
ဘောပင်ကို လက်က လွှတ်ချလိုက်တော့ စောင်းနေတဲ့ စားပွဲပေါ်ကနေ အရှိန်လေးနဲ့ လိမ့်ကျသွားတယ်။ ဒေါက် ခနဲမြည်သံက သမီးကို အာရုံပြောင်းသွားစေပြန်တယ်။
လပြည့်ညကောင်းကင်ဟာ လင်းလား မှောင်လား။ လပြည့်ညတိုင်း လသာမှ ဖြစ်မှာလား။ ဒီမေးခွန်းကို ပြန်ဖြေဖို့ လိုသလား။ သိကို သိရမှ ဖြစ်မှာလား။
မပြောတတ်ဘူး ဖေဖေရယ်….
ကြယ်တွေ ကြွေတာတော့ ခဏခဏပဲ။
၂၀.၁၀.၂၄
#မိုင်လို
#အက်ဆေး
Keep Reading