Na Di
ဒီစာစုလေးကို ရေးရင်း ကိုယ်တိုင်ရော တကယ်ပျော်ရွှင်နေရဲ့လားလို့ မေးဖြစ်တယ်။ မညာတမ်း ပြောရရင် ပျော်ရွှင်မှုပျောက်ဆုံးနေတာ ကာလအတော်ကြာခဲ့ပီ ပြောရမှာပါ။ ခေတ်အခြေအနေ၊ စီးပွားရေးအခြေအနေအရ သူငယ်ချင်းတို့အတော်များများလည်း ပျော်ရွှင်နိုင်ဖို့ ခက်မယ်ထင်ပါတယ်။ ဒီရက်ပိုင်း ငယ်ငယ်က ဖတ်ဖူးတဲ့ စာသားတစ်ခုကိုပြန်တွေးမိရင်း ကိုယ်တိုင် ဆင်ခြင်ကြည့်မိတယ်။ တကယ်လည်း နေရ ထိုင်ရ ပိုအဓိပ္ပါယ်ရှိလာသလို ခံစားရလို့ အဲဒီ စာသားလေးကို ပြန်မျှဝေပါရစေနော်....
" ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာ သဘာဝနဲ့လိုက်လျောညီထွေနေထိုင်ခြင်းပါ " တဲ့...
ဒီနေရာမှာ သဘာဝတရားနဲ့ ပတ်သက်လို့ နည်းနည်းရှင်းရမယ် ထင်ပါတယ်။ သဘာဝ ဆိုတာကို မြန်မာ-အင်္ဂလိပ် အဘိဓာန် (မြန်မာစာအဖွဲ့၊ ၁၉၉၃ ခုနှစ်)မှာ " ဖြစ်မြဲသဘော။ လူတို့၏စီမံဆောင်ရွက်မှုမပါဘဲအလိုအလျောက်ဖြစ် သောအရာ။ " လို့ အနက်ဖွင့်ထားပါတယ်။
ကျတော်ကတော့ ကိုယ့်စိတ်တိုင်းကျ စီမံဖန်တီးလို့မရတဲ့ အရာတိုင်းကို သဘာဝလို့ လက်ခံလိုက်ပါတယ်။ "မဖြစ်နိုင်ဘူးဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ဆိုတဲ့ စစ်ဘုရင်ကြီး နပိုလီယန်တောင် စိန့်ဟယ်လင်နာကျွန်းမှာ ဇာတ်သိမ်းရရှာတယ်မလား။ အောင်မြင်ခြင်း နဲ့ ပျော်ရွှင်ခြင်းဟာ တိုက်ရိုက်အချိုးမကျနိုင်တာကိုတော့ ကျွန်တော်တို့ လက်ခံပေးနိုင်ရမယ်လေ။ ဆိုလိုတာကတော့ အဆင်မပြေမှု တခုခု တွေ့ကြုံရတဲ့အခါတိုင်း လူတိုင်းကြုံရတတ်တဲ့ ဖြစ်မြဲသဘောလို့ လက်ခံပီးတော့ အဆင်မပြေမှုနဲ့ အသားကျအောင်၊ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်စိတ်ကိုယ် ပြင်ဆင်ရင်း အဆင်မပြေမှုကြားကပဲ ရှေ့ဆက်နိုင်ဖို့ နည်းလမ်းရှာရမှာပါ။ မပျော်ရွှင်နိုင်သေးရင်တောင်မှ အနည်းဆုံးတော့ စိတ်ပင်ပန်းရ သက်သာတာပေါ့လေ။
ကျတော်တို့ဘဝမှာ အဓိက စိတ်မပျော်ရွှင်စေသော အကြောင်းတရားကတော့....
အမှားတွေ၊ ဆုံးရှုံးမှုတွေ၊ ရင်ဆိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ထက် ပကတိတရားကို မျက်မှောက်ပြုနိုင်တဲ့, လက်ခံပေးနိုင်တဲ့ စိတ်ခွန်အား ကင်းမဲ့ခြင်းကသာ အဓိက, အခရာ ပါ။
သူငယ်ချင်းတို့ရော....
အလုပ်အဆင်မပြေတာလား.....
ငွေရေးကြေးရေးလား....
နှလုံးသားရေးလား...
ဟိုသီချင်းစာသားထဲကလိုပေါ့... "ကမ္ဘာမှာ အသဲ(သည်း)ကွဲဖူးတာ....မင်းတယောက်တည်းမဟုတ်ဘူး" ဆိုတာလို လူတိုင်း တချိန်မဟုတ် တချိန် ကြုံရမယ့် အရာတွေပဲလေ။ အဲတော့...ဖြစ်တတ်တဲ့သဘောတွေကို လက်ခံပီး ကိုယ့်ကိုယ် အဆင်မပြေစေတဲ့ လူတွေ၊ အကြောင်းအရာတွေနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ချဉ်းကပ်ရင်း ကိုယ်လျှောက်ချင်တဲ့လမ်းကို စိတ်နှလုံးငြင်သာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့သာ။....။
Keep Reading