May Me- Author
ကျမပေါ့ ကိုးကွယ်ရာဘာသာတရားကို ယုံကြည်သက်ဝင်သူ၊ သဘာဝတရားရဲ့ အနှစ်သာရတွေကို သဘောကျတတ်သူ၊ ပန်းတွေမြင်ရင် စိတ်ကြည်နူးပျော်ရွှင်နေတတ်သူ၊ တောရိပ်တောင်ရိပ်ရဲ့ အေးချမ်းခြင်းကို တန်ဖိုးထားတတ်သူ၊ သီချင်းတွေကို နားထောင်ရတာ သဘောကျသူ၊စိတ်ပျော်ရွှင်ခြင်းကို ရှာဖွေနေတတ်သူ၊ စာတွေဖတ်ရတာလဲ သဘောကျသူ၊ ကိုယ်ကပေးရသည် ဖြစ်စေ ရရှိသည်ဖြစ်စေ သံယောဇဥ်တွေလဲ ကြီးမားတဲ့သူ၊ ပျော်ပျော်နေတတ်သူ၊ ခံစားနာကျင်လွယ်သူ၊ နှလုံးသားက နုညံ့တာမို့ ဝမ်းနဲစရာတွေ တွေ့ရကြုံရတိုင်း မျက်ရည်လွယ်တဲ့သူတစ်ယောက်ပါ။
ကျမလဲ လူတွေထဲကလူပဲမို့ တချို့နေ့တွေမှာ ခံစားနာကျင်တာတွေလဲရှိတာပါပဲ၊ ဒီသဘောဟာ သက်ရှိတွေရဲ့ သံသရာဝဠ်ဆင်းရဲမို့ ကျမကိုယ်တိုင်လဲ မလွန်ဆန်နိုင်သောလူ့သဘောပါပဲလေ။ မလွန်ဆန်နိုင်ပေမယ့် ကျမတွက် က စာရေးခြင်းနဲ့သာ ဖြေလျှော့လို့ ရတတ်တာမို့ ကိုယ့်စိတ်အေးချမ်းအောင်နေတဲ့အခါ စာနဲနဲရေးတာပါ။
✍️ကျွင်းကျန်ရစ်သော.......ဒါဏ်ရာများ✍️
တခါတရံ ဘဝရဲ့ တစိတ်တဒေသထဲက တချို့ အကြောင်းအရာတွေဟာ တောင်တက်ရသလို ခံစားချက်တွေအများကြီးကို ပေးပါတယ်.....ဒီခံစားချက်ကို တောင်တက်ဖူးသူတွေပဲနားလည်ပါလိမ့်မယ်။
အရင်ဆုံးတောင်တန်းကြီးကို မြင်ရတဲ့အခါ လှလိုက်တာလို့ ထင်ရပါတယ် မြင်ရသူကို စိတ်ချမ်းသာစေတယ်။ သူ့ဆီကို လာပါ တောင်တက်ပါလို့ လက်ယှပ်ခေါ်နေသလိုပါပဲ တောင်တက်နေကျသူမဟုတ်ပဲလဲ သူ့သဘာဝကိုက ကျက်သရေရှိတာမို့ သူ့ကိုစိတ်ဝင်စားပါလိမ့်မယ်။
ဘာလို့လဲဆို သူက ကြည့်လိုက်တိုင်း စိမ်းလန်းနေတာမို့ သဘာဝတရားကြီးနဲ့ သူ့အလှကို နှစ်သက်သူတွေကတော့ သူ့ကို သဘောကျတာပေါ့။ သဘောကျတယ်ဆိုတဲ့လူတိုင်းတော့ တောင်မတက်ဖြစ်လောက်ပါဘူး။ တချို့သူတွေပဲ တက်ပါလိမ့်မယ် အဲ့ဒီသူတွေထဲကျမလဲ ပါခဲ့ပါတယ်။
မြင်လိုက်တိုင်း အရမ်းကို သဘောကျတာမို့မှတ်မှတ်ရရကိုတက်ခဲ့တာပါ။ စစခြင်း မတက်ခင် တောင်ခြေကိုရောက်တော့ ဟိုးအပေါ်ကိုမော့ကြည့်ဖြစ်ပါတယ်။ အရမ်းမြင့်လိုက်တာလို့လဲ တွေးမိပါတယ်။ ဒါပေမယ့် ကျမမှာ တောင်ထိပ်ကိုရောက်ချင်တဲ့စိတ် အရမ်းပြင်းထန်လို့ တွေဝေမနေပဲ စတက်လိုက်ပါတယ်။
ပထမတော့ လမ်းရှာရတာ ဇတေဇဝါနဲ့ပါပဲ တက်နေရင်းနဲ့လဲ ဆူးတွေချည့်ပြည့်နေတဲ့လမ်းလဲရှိတယ်၊ ခလုတ်ကန်သင်းတွေနဲ့ချေချစရာမရှိအောင် ကြွင်းတွေချိုင့်တွေနဲ့လမ်းလဲရှိတယ်၊ နောက်တော့ တောင်တန်းကြီးက ဖန်တီးထားတဲ့ ခပ်ပြေပြေလေးတက်လို့ရမဲ့လမ်းကလေးကို တွေ့ရပါတယ်။ ဝမ်းသာအားရ တဖြေးဖြေးချင်းတက်သွားပါတယ်။
တချို့နေရာမှာ မောလွန်းလို့ အသက်ရှူကြတ်ရတဲ့ အခိုက်အတန့်တွေရှိသလို တချို့နေရာမှာ အေးချမ်းလွန်းတဲ့ လေနုအေးတွေကို တောင်တန်းကြီးကပေးတာမို့ အရမ်းကို စိတ်အေးချမ်းပျော်ရွှင်ခဲ့ရတာပါ။
ဒီလိုနဲ့ပဲ တောင်ထိပ်ကိုရောက်သွားလိုက်တာ........ဒီအရသာ ခံစားဖူးသူအသိဆုံး လွတ်လပ်ခြင်း၊ အေးမြခြင်း၊ ကြည်နူးပီတိဖြစ်ရခြင်း၊သဘာဝတရားကြီးရဲ့ အရသာကို တောင်တန်းကြီးဆီက တဆင့်ခံစားခဲ့ရတာ ကျမအတွက်တော့ ဘဝမှာဘယ်တော့မှ မမေ့တော့မည့်အချိန်တစ်ခုပါပဲ။ သိပ်ကိုစိတ်ချမ်းသာစေခဲ့တာက ဘူရားပေးတဲ့ဆုလိုပါပဲ။
လွတ်လပ်ခြင်းပျော်ရွှင်ခြင်းတွေပေးတယ်ဆိုတိုင်း ဒီတောင်တန်းကြီးရဲ့ ထိပ်ဆုံးကနေ အောက်ပြန်မဆင်းပဲနေလို့ မရဘူးလေ၊ သူမှာလဲ ကျမကို ထမ်းပိုးထားဖို့ တာဝန်ရှိမနေသလို ကျမလဲ အမြဲတမ်းတော့ မနေနိုင်ဘူးမို့ အချိန်တခုထိအနားယူပြီး ချက်ချင်းပြန်ဆင်းရတာပါပဲ။
ကျမ ဘယ်လောက်ပဲ တောင်ထိပ်မှာနေရတာကို နှစ်သက်သည်ဖြစ်စေ သူ့မှာကျမအတွက်မရှိမဖြစ် ဆာလောင်မှု့ကိုဖြည့်ဆည်းပေးဖို့ ရေကိုတော့ပေးနိုင်စွမ်းမရှိပါဘူး။ သူ့အတွက်လဲ ကျမဟာ ဘာတစ်ခုမှ အသုံးဝင်တာလဲမဟုတ်လို့အလေးခံပြီးလဲ ထမ်းပိုးမထားစေချင်တဲ့စိတ်ကြောင့် နောက်လှည့်မကြည့်ပဲ ပြန်ဆင်းလာခဲ့လိုက်ပါတယ်။
မဆင်းခင်ခန တောင်ထိပ်မှာ ခြေစုံရပ်ပြီး အားပါးတရ လေကိုရှူတယ်၊ တက်လာသမျှအချိန် တစ်လျှောက်လုံးကို မျက်စိစုံမှိတ်ပြီး အစကနေအဆုံး ခံစားကြည့်တယ်၊သဘောအကျဆုံးခံစားချက်ကို သိမ်းထုပ်ပြီး အဆင်းလမ်းကို ရွှေးချယ်လိုက်ပါတယ်။
စဆင်းတယ်ဆိုရင်ပဲ အဆင်မပြေခြင်းက စပါတယ်၊ ကမ်းပါးကနေ ပြုတ်မကျသွားအောင် ခြေကို ခိုင်အောင်ထိမ်းရတယ်၊ လက်လှမ်းမှီရာ အခိုင်းအခက်ကို ဆွဲရတယ်၊ လက်ဖဝါးတွေပြဲတယ် ချစ်ရာရှရာတွေ အများကြီးရခဲ့တယ်၊ အဲ့ဒီမှာနာကျင်ခြင်းကို စခံစားရပါတယ်၊ ခရီးတဝက်ရောက်တော့ ခြေချော်လှဲပါတယ်၊ ဒူးပါကွဲလို့ မျက်ရည်ပါကျတယ်ကွယ်။
တောင်ထိပ်မှာရရှိခဲ့တဲ့ ပျော်ရွှင်ခြင်းကို ခံစားလို့တော့ရပါသေးတယ်၊ သိပ်တော့ မမက်မောတော့ပါဘူး။ တောင်အောက်ရောက်ခါနီး သက်ပြင်းရှည်ကြီးကို ချပြီး ခြေထောက်ကိုပြန်ကြည့်မိချိန် ကွဲပြဲနေတဲ့ ဒူးက သွေးတွေနဲ့တဲ့ နောက်ကိုပြန်လှည့်ကြည့်ရင်းတွေးမိတယ် ဒီတောင်တန်းကြီးအပေါ် ငါ့သွေးစက်တွေ ကျကျန်ရစ်ရှာပါပေါ့လို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်၊အဲ့လိုနဲ့ မကြာလိုက်ဖူး တောင်ခြေကိုရောက်ခဲ့တယ်။
လျှောက်နေတဲ့ခြေထာက်ကို ရပ်လိုက်တဲ့အခါ နာကျင်မှု့ကို ခံစားရပါတယ်။နောက်ပြန်လှည့်ကြည့်ပြီး တိုးတိုးလေး ညည်းတွားမိပါရဲ့ ရက်စက်လိုက်တာ ငါကတော့ မင်းရဲ့ အနှစ်သာရကို နှစ်သက်လို့ တောင်တက်တဲ့သူပါ မင်းပြန်ပေးတဲ့ လက်ဆောင်က ဘယ်တော့မှ မပျောက်တော့မယ့် တသက်စာ ဒါဏ်ရာနဲ့တဲ့လား တောင်တန်းကြီးရယ်။
တောင်တက်ပြီးသွားတဲ့အခါ ပင်ပန်းနွမ်းနယ်လွန်းလှလို့ ကျမစိတ်မှာ နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်း ဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ စောနက တောင်ထိပ်ပေါ်က ခံစားချက် ဘယ်ရောက်သွားတယ်မသိ၊ လတ်တလောတော့ နာကျင်မှု့က ပြင်းထန်တာမို့ ပြန်ရှာမရဘူးပေါ့၊ အဲ့ဒီချိန်မှာ ဘယ်အရာမှ မတည်မြဲခြင်းဆိုတဲ့ သဘောတရားကို မြင်မိတဲ့အခါ ကျမစိတ်မှာ ဆင်းရဲခြင်းသာ အဖတ်တင်ကျန်ရစ်ပါတယ်။
နောက်ဆုံးတော့ ................ဘဝစာမျက်နှာပေါ်ကတချို့အကြောင်းအရာတွေက တောင်တက်ရသလိုပါပဲ အမျိုးမျိုးတွေ့ကြုံရပါတယ်။ ကျမကတော့ စိတ်လိုလက်ရ တောင်တက်ဖူးတဲ့ ခံစားချက်၊ အမြင့်ဆုံးမှာပိုင်ဆိုင်ခဲ့တဲ့ တတဂ်သာယာမှု့၊ နောက်ဆုံးတော့ ဘာဆိုဘာမှ မကျန်ခဲ့တဲ့နှလုံးသားထဲက ချိုင့်ခွက်ကြီးတစ်ခုက ဘယ်တော့မှ မမေ့တော့တဲ့ သေရာပါဒါဏ်ရာတွေနဲ့..........မနက်ဖြန်တွေကိုရှေ့ဆက်ရပါအုံးမယ်။
ကျမနာကျင်ရပါတယ် သို့ပေသည့် ဆန္ဒလေးတော့ ပြုမိပါတယ်၊တောင်တန်းကြီးလဲ အမြဲစိမ်းလန်းပါစေ၊ တစက်တလေမျှကျကျန်ရစ်သောသွေးတို့သည်လဲ ဒီမိုးဒီလေ ဒီဆောင်းမှာကျတဲ့ နှင်းတွေကြောင့်ပဲ အနှံ့အသက်ပါမကျန် သန့်ရှင်းစင်ကျယ်ပါစေ..........။
#May Me
#writerformymind
07-12-2025
Keep Reading