သုမိုး
(မမမြ(စံကားဝါမြေ)သင်တန်းလေးတုန်းက အိမ်စာလေး။)
“ဒီဖုန်းတွေ ပေါ်လာတာနဲ့ နင်တို့ကို ဘာခိုင်းခိုင်းမရတော့ဘူး”
“ဒီဖုန်းတွေပေါ်လာလို့ ကလေးတွေရဲ့ ဦးနှောက်တွေ ပျက်စီးကုန်တာ”
“နင်တို့တွေ အသက်ငယ်ငယ်နဲ့ မျက်မှန်တပ်နေရတာ ဒီဖုန်းတွေကြောင့်ပဲ”
ဆက်၍ဆက်၍ပြောလျှင် မှတ်ချက်တွေက
ကုန်နိုင်ဖွယ်မရှိ။ ဖုန်းတွင် အသိစိတ်မရှိ၍ တော်သေးသည်။ မဟုတ်ရင် သူ့ခမျာ အပြစ်တင်စကားတွေကြောင့် ဇွန်းထဲ ရေငုပ်သတ်သွားမလားပင်။ လူတွေပဲ ထုတ်လုပ်လိုက်လို့ ထွက်လာတဲ့ပစ္စည်းကို လူတွေပဲ အပြစ်တင်၍ မဆုံးတော့။
တကယ်တော့ “ဖုန်း”ဆိုတာက လူသုံးကုန်ပစ္စည်းလေးတစ်ခုသာဖြစ်သည်။ အသုံးပြုပုံအပေါ်မူတည်ပြီး ရလာသည့်အကျိုးဆက်များ ပြောင်းလဲသွားခြင်းဖြစ်သည်။တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အကျိုးရှိအောင် အသုံးချတတ်ကသေချာပေါက်ကောင်းကျိုးရလိမ့်မည်သာဖြစ်၏။
သို့သော် ဒါကိုတော့မမြင်။သုံးစွဲသူကို အကျိုးရှိအောင် အသုံးချတတ်ရန် နားဝင်အောင် ပြောမည့်အစား စိတ်ရှုပ်စရာကောင်းလောက်အောင် ဆူပူကြိမ်းမောင်းတော့သည်။
ထိုအခါ ခံရတဲ့သူလည်း မသက်သာ။
တစ်ချို့ခပ်ရွဲ့ရွဲ့လူငယ်တွေအတွက်တော့ အရွဲ့တိုက်ပြီးရင်း တိုက်ချင်စရာဖြစ်လာတော့၏။
ကလေးတွေ ဖုန်းနှိပ်များလို့ ဦးနှောက်တွေ ထိခိုက်လာတာ၊ မျက်စိတွေ ထိခိုက်လာတာ ကျတော့မြင်ကြသည်။ငြိမ်နေရင်ပြီးရောဆိုပြီး ဖုန်းတစ်လုံးနှင့်လွှတ်ထားသည့် လူကြီးတွေကိုတော့ အပြစ်မမြင်ကြ။
ထိုသို့ပြောလို့ ကျွန်တော်တို့လူငယ်တွေလည်း အပြစ်ကင်းလှသည်မဟုတ်။ တစ်ခါတစ်ရံ ဖုန်းက ကိုယ့်ကို ပြန်ခိုင်းသည့်အချိန်တွေရှိပါသည်။ဇာတ်ကားက အရမ်းကောင်းနေတာ၊ TikTokတစ်ပုဒ်ပြီးတစ်ပုဒ် ဆွဲတင်မိနေတာ၊ ဂိမ်းဆော့ကောင်းနေတာ စသည် စသည်တွေ။
ကျွန်တော်တို့လူငယ်ပိုင်းတွေက ဖုန်းကိုတော့ အလွန်အမင်းစွဲလမ်းကြပါသည်။ ဖုန်းဆိုတဲ့ပစ္စည်းကို စွဲလမ်းသည်တော့မဟုတ်။ ဖုန်းထဲက အချက်အလက်များကို စွဲလမ်းခြင်းဖြစ်သည်။
ထိုအချက်အလက်များတွင် ကျွန်တော်တို့အတွက် ကောင်းသည်များလည်း ရှိသလို ဆိုးသည်များလည်းရှိသည်။ အသုံးဝင်သည်များလည်း ရှိသလို အသုံးမလိုသည်များလည်းရှိသည်။
တစ်ခါတစ်ရံ ဆွဲအားကောင်းလှသော
ထိုအချက်အလက်များကြောင့် ကောင်းသည် ဆိုးသည်ကိုပင် ခွဲခြားဖို့ မေ့နေတတ်ကြသည်။
ထိုအခါ သောက်လေ သောက်လေ ငတ်မပြေသည့်ဆားငန်ရေဖြစ်လာတော့သည်။
ဖုန်းက မျက်စိကနေ ခွာ၍မရတော့။ စိတ်အာရုံအားလုံးက ဖုန်းဆီရောက်နေတော့ အချိန်တွေတောင် ကုန်မြန်နေသလိုလို။
တကယ်တော့ ပစ္စည်းကို ပစ္စည်းလိုသုံးရမည်ဖြစ်သည်။ပစ္စည်းက ကိုယ့်ကို ခိုင်းရမည်မဟုတ် ကိုယ်က ပစ္စည်းကို ခိုင်းရမည်ဖြစ်သည်။ ခိုင်းတတ်ဖို့လည်းလိုသည်။ ထိန်းချုပ်နိုင်ဖို့လည်း လိုပါသည်။
ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ကောင်းကောင်းအသုံးချတတ်ရင် အကျိုးရှိမည်မှာ မလွဲဧကန်ပင်။
နောက် သာဓကတစ်ခု ပြချင်ပါသေးသည်။ တခြားမဟုတ် ပိုက်ဆံ။
ကြားခံပစ္စည်းလေးတစ်ခုသာဖြစ်တဲ့ စက္ကူလေး။လူတွေငမ်းငမ်းတက် လိုချင်နေတဲ့အရာ။
လိုလည်းလိုချင်စရာ။အဲဒီစက္ကူလေးရှိရုံနဲ့ ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများက အိုခေစိုပြေသွားပြီ။အဲတာသာ ပြည့်စုံနေရင် လိုတရဘဝနှင့် လက်တစ်လုံးပင် မခြားတော့။
ဒါကြောင့်လည်း ပြည့်စုံပြီးရင်း ပြည့်စုံအောင် ကြိုးစားကြသည်။ ငွေတွင်းနက်ကြီးကို တဖြည်းဖြည်းတူးရင်း တစ်စတစ်စ မှောင်လာခဲ့သည်။ ကျန်တာဘာမမြင်တော့ ငွေရဖို့အရေး တစ်ခုသာ။ ငွေစကားပဲပြောများနေတော့ လူစကားပြောဖို့က မေ့ချင်ချင်။ ကြာတော့ လူက “ပိုက်ဆံသရဏံဂစ္ဆာမိ” ချင်လာသည်။ သတိတောင် မထားမိလိုက်ဘဲ ငွေသခင်ရဲ့ရှေ့တော်မှောက်မှာ ပြားပြားကိုဝပ်လို့။
လူက ငွေကို ခိုင်းမတတ်တော့ ငွေက လူကို မညှာမတာပြန်ခိုင်းသွားခြင်းဖြစ်သည်။ ငွေသည် ကြားခံပစ္စည်းတစ်ခုမို့ သူ့တွင် ကောင်းသည်ဆိုသည်ဟူ၍မရှိပါ။ ကောင်းမကောင်းက ကျွန်တော်တို့သုံးစွဲပုံအပေါ် မူတည်သွားခြင်းဖြစ်သည်။
ဆရာထူးဖေသစ်ကတော့ ငွေနဲ့ပတ်သက်ပြီး ဒီလိုပြောပါသည်။ “ဘယ်လိုပဲသဘောထား အမျိုးမျိုးထွေပြားနေပေမယ့် ပိုက်ဆံဟာ ပိုက်ဆံပဲဖြစ်တဲ့အတွက် ပိုက်ဆံလိုပဲ မြင်လိုက်တာ ကောင်းပါမယ်”တဲ့။ “ဖုန်း”ဆိုတဲ့ ပစ္စည်းကလည်း ထို့အတူပင်။
ကျွန်တော်တို့ရဲ့စိတ်ဆန္ဒတွေကိုသာ ခွာချလိုက်လျှင် ငွေဆိုတာကလည်း စက္ကူလေးတွေသာ၊ ဖုန်းဆိုတာကလည်း အပြားလေးတစ်ခုသာဖြစ်သည်။ ထိုပစ္စည်းများသည် ကျွန်တော်တို့၏ဘဝတွင် နေထိုင်ရပိုလွယ်ရန် အထောက်အကူပစ္စည်းလေးများသာ ဖြစ်သည်။
သို့သော် ထိုပစ္စည်းများအပေါ် ကျွန်တော်တို့ရဲ့ဆန္ဒစွဲတွေ ပေါင်းထည့်လိုက်တော့ ငွေဆိုတဲ့စက္ကူကလည်း ဒုတိယဘုရားသခင်ဖြစ်လာသည်။ ဖုန်းဆိုတဲ့ အပြားလေးကလည်း မရှိရင်မဖြစ်ဘူး၊ နေလို့မရဘူး ဆိုတာတွေဖြစ်လာသည်။
ဓာတုဗေဒဘာသာရပ်တွင် လိုချင်တဲ့ဒြပ်ပေါင်းတစ်ခုရအောင် ဓာတ်တစ်ခုနဲ့ တစ်ခုဓာတ်ပြုစေတဲ့အခါ ပိုမြန်အောင်၊ ပိုအဆင်အောင် ဓာတ်ကူပစ္စည်းကို သုံးပါသည်။ ငွေ၊ ဖုန်းစသော ပစ္စည်းများသည် ဓာတ်ကူပစ္စည်းများသာဖြစ်သည်။ ကျွန်တော်တို့လိုချင်တာကို ချောချောမွေ့မွေ့ရဖို့အတွက် ကြားက ထောက်ကူသည့် ပစ္စည်းများသာဖြစ်သည်။
ကျွန်တော်တို့က ပစ္စည်းကို ပစ္စည်းလိုသဘောမထားတော့ ငါ့ဟာငါ့ဟာ ဆိုတဲ့ လောဘက ငယ်ထိပ်ရောက်လာသည်။ ထိုသို့ပြောလို့ အဲဒီပစ္စည်းတွေက အရေးမကြီးသည်မဟုတ် ကြီးပါသည်။ သူတို့ရဲ့ဘောင်မပြင်ဘက်ကိုသာ ကျွန်တော်တို့ရဲ့ဆန္ဒတွေနဲ့ ဆွဲမထုတ်သွားဖို့သာ လိုပါသည်။
ပစ္စည်းဆိုတာက အသုံးချရမည့်အရာဖြစ်သည်။ဦးထိပ်ပန်ဆင်ရမည့်အရာမဟုတ်။
ဆိုလိုချင်တာက အဲဒီကြားခံပစ္စည်းတွေ အပေါ်မှာ ငမ်းငမ်းတက်နေရမည်မဟုတ်။ ထိုပစ္စည်းများကို အသုံးချပြီး ကျွန်တော်တို့ရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ပိုတန်ဖိုးရှိလာအောင် တည်ဆောက်ရမည် ဖြစ်သည်။
အချုပ်အားဖြင့် ဆရာထူးဖေသစ်စကားအတိုင်းပြောရလျှင် ပစ္စည်းဟာ ပစ္စည်းပဲဖြစ်တဲ့အတွက် ပစ္စည်းလို့ပဲမြင်လိုက်တာ ကောင်းပါမယ် ထင်ပါရဲ့။တစ်ခုပြီးတစ်ခု ပေါ်လာနေတဲ့ ပစ္စည်းအသစ်အဆန်းတွေကို ကိုယ်ကျိုးအတွက် ဘယ်လောက်ထိအသုံးချနိုင်မည် ဆိုတာကတော့ ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတော့သည်။
သုမိုး
Keep Reading