Eaint Eaint Razi
လှည်းတစ်စီးမောင်းသာရုံသာ ကျယ်ဝန်းသော ရွာလယ်လမ်းမလေးတစ်လျှောက်မှ ဖြာထွက်သွားကြသည့် လမ်းသွယ်လေးများအတိုင်း အိမ်ပေါက်စေ့ မီးအလှဆင်ထားသည်များကို ဖေဖေနှင့်အတူ လိုက်ကြည့်ရခြင်းအား ခင်လေး အင်မတန် နှစ်ခြိုက်လေသည်။ ရွာအိမ်များသဘာဝ သစ်သားဝန်းနံရံပြားပြားများ၏ ထိပ်ချွန်ချွန်များတွင် ဖယောင်းတိုင်အလုံးသေး ရောင်စုံလေးများကို အပြိုင်အဆိုင် ရက်ရောစွာ အကြားအလပ်မရှိ ထွန်းညှိထားကြလေ၏။ ရွာကာလသားတို့ကလည်း မန်ကျည်းပင်ကြီးများအောက်တွင် စုထိုင်နေကြကာ လက်လုပ်ဝါးဗျောက်အိုးများကို ဖောက်နေကြလေသည်။ ကာလသမီးလေးများကမူ ကျော့ရှင်းလှပသော ရင်ချီခါးသေး ခန္ဓာကိုယ်လေးများပေါ်တွင် မြန်မာရင်ဖုံးနှင့်ထဘီကို အချိုးကျကျ ဝတ်ဆင်ထားကြကာ ပါးပြင်လေးများတွင်လည်း မြန်မာ့သနပ်ခါးကို ကိုယ်စီလိမ်းခြယ်ထားကြပြီး ဖျင်ကြမ်းတဘက်ကို ပုခုံးပေါ် အသာအယာ တင်ထားကြလေသည်။ "ဟဲ့… မယ်ချောရေ… မြန်မြန်လုပ်ပါအေ့…။ ရွာဦးဘုန်းကြီးကျောင်းက ကန်တော်ထဲမှာ ကြာမီးမျှောပွဲ မမီဘဲနေဦးမယ်နော်…။ ဒို့က ပွဲလည်းကြည့်ချင်တာဆိုပေမဲ့ အဲ့လို ကြာမီးမျှောတာလေးမှာလည်း ဝင်ပူဇော်လိုက်ချင်သေးတာတော့်…” "အဲပါ… မမိုးရေ… လာပါပြီတော်ရေ့…။ ရွာဆီမီးပူဇော်ပွဲ လာကြသူတွေအတွက် ပေးကမ်းဖို့ ဂျင်းသုပ်ကလေး သုပ်နေလို့ပါတော်…။ ပြီးပြီတော်ရေ့… ပြီးပြီ… ပြီးပြီ” ယခု အချိန်အခါသမယသည် သီတင်းကျွတ်လပြည့်ညသို့ ရောက်ပြီဖြစ်၍ ရွာဦးဘုန်းကြီးကျောင်းတွင် ဆီမီးပူဇော်ပွဲနှင့် ကြာမီးမျှောပွဲ ကျင်းပမည် ဖြစ်လေရာ ရွာအပျိုချောလေးများ သွားရောက်ကြရန် ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။ "ဟဲ့… ဖိုးတာတို့… မိတာတို့…။ ဒီမှာ မုန့်စိမ်းပေါင်းပူပူလေး ရပြီလို့…။ ဪ… ကလေးတွေ ဘယ်ရောက်သွားကြပါလိမ့်နော်…။ မောင်ကျော်ရေ… မင်းတူတွေ တူမတွေကို လှည့်ရှာကြည့်စမ်းပါကွယ်…။ စောစောကဖြင့် ဒီဘွားအေမုန့်လုပ်နေတာ မပြီးသေးတုန်းကဖြင့် ခလေးတွေ တစ်ယောက်ပြီးတစ်ယောက် စားချင်လှပြီတဂွီဂွီ လာလုပ်နေကြလို့…။ အခုများဖြင့် ဘယ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတယ်မသိ…” “မပူနဲ့ အမေရေ…။ ဟိုမှာ အမေ့မြေးတွေ မီးဖိုထဲမှာ သူတို့အမေ မုန့်စီကြော်ကြော်နေတဲ့ဆီ သွားဝိုင်းနေကြလေရဲ့…။ လွှတ်လိုက်မယ်… အမေရေ့…။ လွှတ်လိုက်မယ်… လွှတ်လိုက်မယ်ဗျ” “တကတည်း… တစ်ခုမဟုတ်တစ်ခု ကပ်မျှော်နေကြတဲ့ ငါ့မြေးတွေပါလားကွယ်… ဟားဟား…။ အယ်… အရှေ့က ဖြတ်သွားကြတာ မောင်ထွန်းဝေတို့ သားအဖမလားဟေ့…။ လာဦးလေ… မောင်ထွန်းဝေရေ…။ လာဦး… တို့အိမ် မုန့်ဝင်စားလှည့်ဦးဟေ့…။ လာ… လာ… မင်းရဲ့သမီးငယ်လေး ခင်ခင်လေးရော ပါရဲ့မဟုတ်လား… သူ့ကိုပါ ခေါ်ခဲ့လေ…” “ဟုတ်ကဲ့… ရပါတယ်… ဖွားသိန်းရေ…။ ခေါ်တာနဲ့တင် ဗိုက်ပြည့်နေပါပြီဗျာ…။ နောက်ကျနေမှာမို့ မဝင်တော့ဘူးနော…။ သွားလိုက်ဦးမယ်ဗျား…” "အံမယ်… မင်းမိန်းမ ဝါဝါကို စိတ်မချလို့မို့လား မောင်ထွန်းဝေရ…” “ဟုတ်ပဗျာ… ဖွားသိန်းရေ…။ ဟုတ်ပ… ဟုတ်ပ… ဟားဟားဟား” ဖွားဖွားသိန်းတို့အိမ်ရှေ့က ဖြတ်လာကြသည်တွင် ဖွားဖွားသိန်းက သူ့မြေးများကို မုန့်ခေါ်ကျွေးသံ၊ ဖွားဖွားသိန်း၏ သားဖြစ်သူ လေးလေးဦးကျော်မြင့်က သူ့တူနှင့် တူမများအစား ပြန်လည်ဖြေကြားပေးနေသံ၊ ထို့နောက် ဖွားဖွားသိန်းက ဖေဖေနှင့် ခင်လေးကိုပင် မုန့်ဝင်စားရန် ခေါ်ပြီး စနောက်နေသံများကို ကြားနေရရုံဖြင့်ပင် ဖေဖေ့လက်ကို ဆုပ်ကိုင်ကာ ဖေဖေ့ဘေး၌ အတူပါလာသော ခင်လေး၏ စိတ်ထဲ၌ပင် အမှန်တကယ် မုန့်စားလိုက်ရသည့်အတိုင်း ရွှင်မြူး ပြုံးဖြီးနေမိလေ၏။ ဘကြီးဖြိုးတို့ ခြံကြီးရှေ့သို့ ရောက်သောအခါတွင်မူ အင်မတန်ရှုစား၍ မဝနိုင်အောင်ပင် လှပလွန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရပေ၏။ ဘကြီးဖြိုးတို့ ခြံကြီးက ကျယ်ဝန်းလွန်းလှသည် ဖြစ်ရာ ခြံထဲရှိ အုန်းပင်များကို ကြိုးရှည်ရှည်များဖြင့် တစ်ပင်နှင့်တစ်ပင် ယှက်နွယ်ကာ သွယ်တန်းထားကြပြီး ထိုကြိုးရှည်ရှည်များတွင် စက္ကူမီးပုံး တွန့်တွန့်လေးများကို ချိတ်ဆွဲထားကြလေ၏။ ထိုစက္ကူမီးပုံး တွန့်တွန့်လေးများမှာလည်း အရောင်စုံဖြစ်သည့်အပြင် ၎င်းတို့အပေါ်တွင် ရေးခြစ်ထားကြသော အရုပ်ပုံများမှာလည်း သီတင်းကျွတ်လပြည့်ညပုံရိပ်ကို ပေါ်လွင်ထင်ဟပ်စေကြသော စေတီပုံများ၊ မီးပုံးပျံပုံများနှင့် မြတ်စွာဘုရားရှင်ပုံတော်များ ဖြစ်ကြပေ၏။ စက္ကူသားလေးများမှာ အနည်းငယ် ပါးလျကြသဖြင့် အတွင်း၌ ထွန်းလင်းပေးလျက်ရှိသော ဖယောင်းတိုင်ငယ် ဝါကျင့်ကျင့်လေးများ၏ အလင်းရောင်ကြောင့် ထိုအရုပ်ပုံတော်များကို ပိုမိုထင်ရှားစွာ မြင်နေရပေ၏။ ရင်သပ်ရှုမောဖွယ် အလှပါပင်တည်း။ ကြီးကြီးမေတို့ အိမ်ကလေးရှေ့ ရောက်သောအခါ၌ကား ကြီးကြီးမေ၏ အိမ်ရှေ့ကပ်လျက် အမိုးလွတ် ကွပ်ပျစ်အခင်းပြင်လေးပေါ်၌ ကြီးကြီးမေ၏ သားသမီးမြေးများက ထန်းနှီးဖြာကို အသာအယာခင်းပြီး ထိပ်တွင် ကန်တော့ပစ္စည်းများ စီချထားကြကာ ကြီးကြီးမေကို ကန်တော့နေကြလေ၏။ ကြီးကြီးမေ၏ ဆုပေးသံ တစ်သီတစ်တန်းကြီးကိုလည်း ကြားခဲ့ရလေသည်။ "ဖေဖေ… ခင်ယေးတို့ အိမ်ပြန်ရောက်ရင်လေ ခင်ယေးလည်း ဖေဖေနဲ့ မေမေကို ကန်တော့မယ်နော်…” "အာ… ကန်တော့ရမှာပေါ့ သမီးလေးရဲ့…။ ဖေ့သမီးလေးက လိမ်မာလိုက်တာကွာ…” "အဲ့ကျရင် ခင်ယေးကိုလည်း ဖေဖေတို့က ကြီးကြီးမေလိုပဲ ဆုကြန်ပေးမှာလားဟင်…” “အာ… ပေးမှာပေါ့ သမီးလေးရဲ့…။ ပေးမှာပေါ့… ပေးမှာပေါ့… ။ ကဲ… ဖေကြီးကို ပြောပါဦး…။ ဖေ့သမီးလေးက ဘာဆုတွေ လိုချင်တာလဲ…” “ဖေဖေ ပေးချင်တာပေးပေါ့ ဖေဖေရဲ့…။ ဖေဖေ ဆုပေးပြီးရင်တော့ ခင်ယေးရယ်… ဖေဖေရယ်… မေမေရယ်.. သုံးယောက်တူတူ မီးပုံးပျံလွှတ်ကြမယ်နော်…” “ဖေ့သမီးလေး လွှတ်ချင်ရင် ဖေဖေတို့ တူတူ လွှတ်ပေးမှာပေါ့ သမီးရဲ့…။ ဟုတ်ပြီလား… စိတ်ချနော်…” “ယေး… ဒါမှ တို့ဖေကြီးကွ…” ပျော်ရွှင်မြူးတူးသွားသော အသက်၆နှစ်အရွယ် ခင်လေးကိုကြည့်ကာ အသက်၃၉နှစ်အရွယ် ဖေဖေက ချိုမြကြည်လဲ့သော မျက်ဝန်းများနှင့် ရွှန်းရွှန်းစားစားကြည့်ကာ ပီတိဖြစ်နေလေ၏။ ခင်လေးနှင့် ဖေဖေတို့၏ မျက်နှာများသည်လည်း သီတင်းကျွတ်လပြည့်ည၏ ကောင်းကင်ယံဝယ် ထွန်းလင်းတောက်ပနေသော လပြည့်ဝန်းကြီးနှင့်အပြိုင် ကြည်လင်ဝင်းပ သန့်စင်လျက်…။ “ပျော်ရဲ့လား… သမီးရဲ့” ပြုံးရွှင်စွာ မေးသော ဖေဖေ၏ စကားကို ခင်လေးက မပီမလာပီကလာဖြင့် မဆိုင်းမတွ ပြန်ဖြေသည်။ “ကျော်တာပေါ့ ဖေဖေရယ်…။ အိမ်တိုင်းမှာ ထွန်းထားကြတဲ့ ဖယောင်းတိုင်ဝါဝါလေးတေရဲ့ အလင်းရောင် မှိန်မှိန်လေးတေကိုလည်း ခင်ယေးကြိုက်တယ်၊ ဟိုးဂ မိုးပေါ်မာ လေခိုရှီးပြီး တက်လာကြတဲ့ မီးပုံးကျံ နီနီတေးတေးလေးတေကိုလည်း ခင်ယေးကြိုက်တယ်၊ လမ်းလျှောက်ရင်း တွေ့ခဲ့ရတဲ့ စက္ကူမီးပုံးတွန့်တွန့်လေးတွေကိုလည်း ခင်ယေးကြိုက်တယ်၊ ဘုန်းကျီးကြောင်းမှာ ဘရီးဘုန်းဘုန်း ကျွေးလွှတ်လိုက်တဲ့ ချိုချဉ်ပိစိလေးတေဂိုလည်း ခင်ယေးကြိုက်တယ်၊ နောက်ပြီးလေ ဖေဖေဝယ်ပေးထားဒဲ့ ဟောဒီ ယုန်ရုပ် ရထားလုံးယေးကိုလည်း ခင်ယေးအရမ်းကြိုက်… ဟီးဟီး…။ ဒီလို မုန့်တေစားရ မီးပူဇော်ထားတာတေ လှည့်ပတ်ကြည့်ရနဲ့ အရမ်း ပျော်စရာကောင်းသာကို ကျော်ဒါမှ လွန်ဒေါင်လွန်တေး… ဟီးဟီး” လက်ထဲတွင် တောက်လျှောက်ကိုင်၍ တွန်းလာသော ‘တက် တက် တက် တက်…’နှင့် အသံထွက်သည့် ဘီးလုံးနှင့် လက်ကိုင်တုတ်ချောင်းရှည်ရှည်တပ် ယုန်ရုပ်ရထားလုံးလေးကို ရုတ်ချည်း မြှောက်ပြကာ စကားမပီကလာ ပီကလာလေးနှင့်ပင် အင်မတန် ရှည်လျားစွာ ပြန်ဖြေသော သမီးငယ်၏ စကားသိပ်တတ်မှန်း သိသာလေသည့် အပြောလေးများကို နားထောင်ရင်း ဦးထွန်းဝေ၏ မျက်နှာသည်လည်း ချစ်ခြင်းမေတ္တာ ပြည့်ဝစွာဖြင့် ကျေနပ်ပီတိ ဖြစ်နေလေ၏…။ နှစ်ဦးလုံး၏ နှလုံးသားများတွင်လည်း နှစ်ဦးတူယှဉ်ကာ ခိုင်မြဲစွာ တွဲချိတ်ထားသော လက်ချောင်းလေးများသို့နှယ် ချစ်မေတ္တာနှောင်ကြိုးများက ခိုင်မာမြဲမြံလျက်…။ အတန်ကြာ လျှောက်လာသော် ခင်လေးတို့ အိမ်ကလေးသို့ပင် ရောက်လုပြီ။ အိမ်ရှေ့တွင် တန်းစီချထားသော ဆီမီးခွက်လေးများထဲမှ အဖြူရောင် ဂွမ်းစလေးများကို မီးစာလိုက်တို့နေသော မေမေ့ကိုပင် ခပ်ဝါးဝါး လှမ်းမြင်နေရလေပြီ။ “မေမေ့…” ဝေးဝေးကတည်းမှပင် ကြိုအော်လာကာ မေမေ့ခါးကို ဘေးမှ ပြေးဖက်လိုက်သော ခင်လေးအား မေမေက ချစ်ကြည်နူးခြင်း များစွာဖြင့် ပြုံးပြကြိုဆိုလေ၏။ “မေ့သမီးလေး… ပျော်ခဲ့ရဲ့လား…” ဟု မေမေက မေးသည်ကို “ပျော်ခဲ့ပါသတဲ့ဗျာ… ဒေါ်ဝါဝါရဲ့ သမီးလေး ခင်ခင်လေးဟာ ဆိုရင်ဖြင့် မုန့်တွေစားရ မီးတွေကြည့်ရနဲ့ ပျော်ရလွန်းလို့ ညတိုင်းကိုပင် သီတင်းကျွတ် လပြည့်ညများ ဖြစ်စေချင်ပါကြောင်း…” ဟူ၍ ဖေဖေက ကြားထဲမှ ဦးစွာ ဝင်ဖြေပေးလိုက်သဖြင့် ခင်လေးလည်း ဖေဖေ့ကို စိတ်ကောက်ချင်ဟန် ပြုလိုက်လေသည်။ “အာ… ဖေဖေနော်…။ မေမေက ခင်ယေးကို မေးတာဂို… အဟင့် ဟင့် ဟင့်” “ဟုတ်ပ ကိုထွန်းဝေရယ်… ကလေးကို သက်သက် လိုက်စနေတယ်။ တော်ပြီ… အိမ်ထဲက ခုတင်ပေါ်မှာ တင်ထားတဲ့ မီးပုံးပျံလေး သွားယူပေး… ပြီးရင် မီးပုံးပျံလွှတ်ရအောင်။ ကဲ… မေ့သမီးလေးက ပျော်စရာမီးအလှမြင်ကွင်းတွေအကြောင်း ပြောပြ… ဟုတ်ပြီလား” “ဟုတ်… အာ့ကြောင့် ခင်ယေးက မေမေ့ကို ပိုချစ်သာ…။ ဖေဖေ့ကို ချစ်သော့ပူး… နော နော် နော်…” ထိုအခါ ဖေဖေကလည်း “ဟားဟား ဟုတ်ကဲ့ပါ ဒေါ်ပူတူလေးရာ” ဟုပြောရင်း ခင်လေး၏ ပါးဖောင်းဖောင်းလေးကို ချစ်စနိုးလိမ်ဆွဲကာ မီးပုံးပျံလွှတ်တင်ရေးအတွက် ပြင်ဆင်ရန် အိမ်ထဲသို့ ယူစရာရှိသည်များကို သွားယူလေတော့၏။ “သမီးလေး… ဖေဖေက တစ်ရွာလုံးနှံ့အောင် လိုက်ပို့ပေးရဲ့လား” “ဟုတ်ကဲ့… ပို့ပေးပါဒယ် မေမေ” ဟု အစချီကာ ခင်လေးလည်း ရွာအတွင်းအနှံ့ ကြည်နူးဖွယ် ဆီမီးပူဇော်ပွဲ မြင်ကွင်းများကို အစအဆုံး မမောနိုင် မပန်းနိုင် ပြန်ပြောပြလိုက်လေ၏။ “အွန်း… အဲ့တော့ မေ့သမီးလေးက အများကြီး ပျော်ခဲ့ရတယ်ပေါ့လေ” “အာ… သိပ်ကျော်သာပေါ့ မေမေရဲ့” ဟု အားရဝမ်းသာ ဖြေပြီးမှ “မေမေပါမယ်ဆိုရင်တော့ ပိုကျော်ခဲ့ရမှာပေါ့လေ…” ဟု မျက်လွှာလေးချပြီး အသံလေး တိမ်ဝင်သွားကာ စိတ်မကောင်းစွာ ဆက်ပြောမိလေ၏။ ထိုအခါ မေမေကလည်း စိတ်မကောင်းသည်ကို ဖုံးဖိဟန်ဆောင်ပြုံးလိုက်သော ဟန်နှင့် ခင်လေးကို စိတ်ပြေလက်ပျောက် ပြန်စနောက်လေသည်။ “မေမေက ခြေထောက်မှ သိပ်မသန်တာ မီးလေးရဲ့…။ နောက်ပြီး မေမေက ဗျောက်အိုးဖောက်တာတွေကိုလည်း ခြေထောက်လာမှန်မှာ အရမ်းကြောက်တတ်တယ်လေ…။ ဒီတော့ မီးလေးက ပညာတတ်ကြီးဖြစ်အောင် ကြိုးစား၊ ပိုက်ဆံရှိအောင်လုပ်၊ ပြီးရင် ကားအကြီးရီး ဝယ်လာပြီး မေမေ့ကို အဲ့ကားရီးနဲ့ လိုက်ပြရင် မေမေလည်း မီးလေးတို့ သားအဖနဲ့ အတူတူ တဝကြီး လိုက်ကြည့်မှာပေါ့ မီးလေးရဲ့… “ယေး… မေမေ ခင်ယေးကို တကယ်ပြောတာနော်…။ ကတိပေး…။ အာ့ဆို ခင်ယေးက ဒီနေ့ကစပြီး စာချည်းပဲ ကျက်တော့မယ်… မဆော့သော့ပူးကွ… ယေး…” “အမလေး… မရွှေချောလေးရယ်… ဒီနေ့နဲ့မနက်ဖြန်တော့ စာမကြည့်သေးဘဲ အဝဆော့လိုက်ပါဦးရှင်…။ တော်ကြာ မေမေ့ကြောင့် ကျောင်းပိတ်ရက်လေးတောင် ဝအောင် မဆော့လိုက်ရဘူး ဖြစ်နေဦးမယ်…” “ဟုတ်ကဲ့… ဟီးဟီး…” “ကဲ… ဒီသားအမိ ဘာတွေ အဲ့လောက်ပြောပြီး ရီနေကြတာလဲ…။ လာကြ… မီးပုံးပျံလွှတ်ကြမယ်…” ဟု ဖေဖေက ဆင်ရုပ်မီးပုံးပျံအဝါရောင်လေးကို ကိုင်လာကာ ပြောလေသည်တွင် ခင်လေးလည်း “ယေး… မီးပုံးကျံ လွှတ်ရတော့မယ်… ယေ့ ယေ့… ကျော်ပါတယ်ကွယ်… ကျော်တယ်ကွယ်” ဟု အပျော်လွန်ကာ သီချင်းလုပ်ဆို၍ပင် မူးချာပတ်ချာလည်ကာ ကနေမိလေ၏။ “ဗျို့… ဟိုဘက်အိမ်က ဦးကြီးဝိုင်းတို့ အလည်လာကြပါဦးဗျ… ကျုပ်တို့နဲ့ မီးပုံးပျံအတူတူလွှတ်ကြရအောင်လေ ။ နောက်ဘက်အိမ်က အစ်မရွှေရေ… လာပါဦးလို့… အစ်မမောင် ကျွန်တော် မောင်ထွန်းဝေလေးက ခေါ်နေတာပါလို့…” ဖေဖေကလည်း အပျော်လွန်နေသော အသံဖြင့် မေရွှေတို့ကိုပင် နောက်တီးနောက်တောက်သံဖြင့် ခေါ်နေလေသဖြင့် မေမေကပင် “ကဲပါ… ကိုထွန်းဝေရယ်… စမနေပါနဲ့တော့” ဟု ဝင်ထိန်းလိုက်လေ၏။ သို့သော် မေမေ့မျက်ဝန်းများနှင့် နှုတ်ခမ်းအစုံတွင်လည်း အပြုံးများဆင်လျက်ပင်…။ အားလုံးလူစုံသွားသောအခါ ဆင်ရုပ်မီးပုံးပျံလေးကို ပျော်ရွှင်စွာ ဟစ်အော်၍ လွှတ်တင်လိုက်ကြလေသည်။ ထို့နောက် မိုးပေါ်သို့ ညင်သာစွာ တရိပ်ရိပ်ချင်း ဝဲတက်သွားသော မီးပုံးပျံလေးအား မော့ကြည့်နေရင်းမှာပင် ထိုရှင်းလင်းတိကျစွာ တစ်ကွက်ချင်း ပြန်လည်ခံစားသက်ဝင်မိခဲ့သော သီတင်းကျွတ်လပြည့်ည ပျော်ရွှင်မှုလေးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသော အကျည်းတန်မြင်ကွင်းများအဖြစ်သို့ ကူးပြောင်းသွားပေတော့၏။ မြင်ကွင်းသည် မထင်မရှား၊ မှုန်တီးမှုန်ဝါးနှင့် …။ မီးတောက်မီးလျှံများကို ကြားခံ၍ ကြည့်နေရသည့်နှယ် မြင်ကွင်းများသည် အပေါ်အောက် လှုပ်ရှားလိုက်၊ ဘေးတိုက် ရွေ့လျားလိုက်နှင့် ဖြစ်နေကြ၍ ဦးခေါင်းထဲ၌ပင် နောက်ကျိလာ၏။ စောစောက ကြည်လင်စွာ ခံစားခဲ့ရသော ပျော်ရွှင်ဖွယ်မြင်ကွင်းများသည် မြူမှုန်များကဲ့သို့ ချက်ချင်းပင် မျောလွင့်သွားကြကာ လောကကြီးထဲတွင်ရော ခင်လေး၏နှလုံးသားထဲ၌ပါ အရာရာ ဘာမျှ မတည်ရှိကြတော့သလို ဟာလာဟင်းလင်း ဖြစ်ကျန်နေခဲ့လျက်…။ စောစောက ကလေးက ငါလေ…။ ငါက ဘယ်ရောက်သွားတာလဲ…။ ဒါဆိုလည်း ငါဖြစ်နေတယ်ဆိုရင် ငါက ဘာလို့ ရုပ်ရှင်တစ်ကားကိုကြည့်နေရသလို ဘေးလူတစ်ယောက်ရဲ့ ခံစားချက်မျိုးကို ပြန်ခံစားမိနေရတာလဲ…။ ဒါဆို ဒါ အိပ်မက်တစ်ခုလေလား…။ ဟင့်အင်း …. ငါသိနေပြီ… စစချင်းမှာ ပျော်ရွှင်ငြိမ်းချမ်းရပြီး အဆုံးသတ်မှာ မီးလိုပူပြင်းလောင်မြိုက်မှုတွေနဲ့ နိုးထရမှာကို ကြိုသိနေရတတ်တဲ့ ဒီအိပ်မက်တွေကို ပြန်မမက်ချင်ဘူး။ ဟော… အသံတွေ ကြားနေရပြန်ပြီ…။ “မီး… မီး…၊ ဟာ ဟေ့ ၊ လုပ်ကြပါဦး၊ ကူကြပါဦး၊ ငြှိမ်းကြပါဦးဟ” “ဟဲ့… ဟဲ့…၊ မိဝါကို ခေါ်ထုတ်လေ၊ အမြန်ကယ်ပါဟ” “ထွန်းဝေ မရှိဘူးလားဟ၊ အရေးနဲ့အကြောင်းနဲ့ဆို ဒီကောင်ဘယ်ရောက်နေလဲ” “မေမေ့… မေမေရေ… ထွက်လာပါ မေမေရဲ့၊ ခင်ယေးကို ပုန်းမနေပါတော့နဲ့ မေမေရဲ့၊ ခင်ယေး အရှုံးပေးပါပြီ မေမေရဲ့၊ နောက်တစ်ပွဲ ပြန်ဆော့မယ်လေ မေမေရဲ့ ၊ အီး...ဟီး…ဟီး…” မှောင်မိုက်သောညဝယ် အိမ်မီးလောင်၍ အော်ကြဟစ်ကြနှင့် ဝိုင်းဝန်းငြှိမ်းသတ်နေကြသော အသံများ၊ မီးလောင်နေသော အိမ်ငယ်လေးထဲမှ အမျိုးသမီးတစ်ဦးကို ကယ်နိုင်ရန် ကြိုးစားနေကြပုံများ၊ မီးလောင်အိမ်ကြီးထဲမှ မိခင်ကို စိတ်ပူလွန်းစွာဖြင့် ကလေးအတွေးနှင့်ပင် ပုံမှန် တူးတူပုန်းနေကြအချိန်မှာကဲ့သို့ အရှုံးပေးပါပြီဟုဆိုကာ ငိုယိုတောင်းပန်နေသော ၆နှစ်အရွယ် ကလေးမလေး ခင်ခင်လေး၏ ငိုရှိုက်သံများ၊ အဖြစ်အပျက်များက မြန်ဆန်လွန်းကြသလို ရင်ထဲတွင်ခံစားနေရသော အပူလုံးကြီးကလည်း လည်ချောင်းအတွင်းဝယ် ကန့်လန့်ကြီးနှင့် တစ်ဆို့လွန်းလှသည်။ မျက်ရည်စတို့နှင့် ပြည့်လျှမ်းနေသော မျက်ဝန်းရှေ့တွင် မြင်နေရသည်က လှပသည်ဟု ထင်ခဲ့ရသော မီးပုံးများလား၊ အပူဟပ်လွန်း၍ အနီးမကပ်နိုင်လောက်အောင် တဟုန်းဟုန်း တောက်လောင်နေသည့် အိမ်ငယ်လေးကို ဝါးမျိုနေကြသော မီးတောက်မီးလျှံကြီးများလား၊ မေမေ့ကိုမူ မမြင်တွေ့ရသေး။ ရင်တွင်းရှိ ခံစားမှုများက ရှုပ်ထွေးနောက်ကျိလွန်းလှသလို မြင်ကွင်းများကလည်း ပီပီသသ မမြင်ရပေ။ မြင်ရသည့်အချိန်တွင်ကား ရုပ်ကလာဘ်မထင်ရှားတော့သည်အထိပင် မည်းတူးနေပြီဖြစ်သည့် လူသေအလောင်းတစ်လောင်းကို ရွာလူကြီးများက ကြိုးစားသယ်ဆောင်နေသည့် မြင်ကွင်း။ “ဟဲ့… ဟဲ့၊ ကလေးကို မမြင်စေနဲ့၊ စိတ်ထိခိုက်မယ်” ကလေးမလေးကို နောက်မှရပ်နေရင်းအနေအထားနှင့် သိုင်းချုပ်ထားသည့် အမျိုးသမီးကြီးက လှမ်းအော်ရင်း ကလေးမလေး၏ မျက်လုံးများကို လက်ဝါးဖြင့် ရုတ်တရက် အုပ်ထားလိုက်သည်။ ကလေးမလေးက တွန်းထိုးရုန်းကန် ငိုယိုအော်ဟစ်ရင်း အမျိုးသမီးကြီး၏ ပိတ်ထားသောလက်ဝါးပြင်တစ်ဖက်ကို အတင်းဆွဲဖယ်နေလေသည်။ “အဖြစ်ဆိုးလိုက်တာ မိဝါရယ်” “ထွန်းဝေကို မတွေ့ဘူးနော်၊ သူပြန်မရောက်သေးဘူးလား” “ညဉ့်နက်မှ ပြန်ရောက်မယ် ပြောသွားတယ်” “ဪ… မိဝါရယ်… စိတ်မကောင်းစရာပါပဲလား…” စုပ်တသက်သက် စကားသံများက နားထဲတိုးဝင်လာလိုက်၊ ပြန်ထွက်သွားလိုက်။ နားထဲတွင် မသိမသာ ပြန်လည်ကြားယောင်လာရပြန်ပြီ။ “ထွန်းဝေမရှိဘူး၊ အရေးနဲ့အကြောင်းနဲ့ဆို ဒီကောင် ဘယ်ရောက်နေလဲ” ဟူသော ပြစ်တင်သံများ…။ စောစောက လူရုပ်မပီတော့သော ရုပ်အလောင်းက မေမေမဟုတ်ဘူးဟု စိတ်ထဲမှ ခါးခါးသီးသီး ငြင်းဆန်လျက်။ အိမ်မီးလောင်ချိန် မေမေ့ကို ရွာလူကြီးများက အသက်နှင့်ရင်း၍ ကယ်ထုတ်နေကြချိန်တွင် ဖေဖေ ဘာကြောင့် မရှိရတာလဲ၊ ဖေဖေက မေမေ့ကို မချစ်ဘူးလား။ မေမေ့ကို ဖေဖေမကယ်ဘူးဆိုတော့ မေမေသေတာ ဖေဖေကြောင့်ပဲ။ မဟုတ်ဘူး၊ ဖေဖေ့မှာ အပြစ်မရှိပါဘူး။ မဟုတ်ဘူး… ဖေဖေ့ကို မုန်းတယ်၊ မေမေသေရတာ ဖေဖေ့ကြောင့်၊ ဖေဖေ လာမကယ်လို့၊ ဖေဖေ ပစ်ထားခဲ့လို့ပဲ။ မဟုတ်ဘူး… မဟုတ်ဘူး… အီး… ဟီး… ဟီး။ အတွေးစများပင်လား၊ အော်ဟစ်ငိုရှိုက်သံများပင်လား၊ ပြစ်တင်ဝေဖန်သံများပင်လား…။ လူတစ်ကိုယ်လုံး သွေးစုပ်ခံထားရသူနှယ် အားအင်ချိနဲ့စွာ မြေကြီးပေါ်သို့ ပုံလျက်လဲကျသွားသယောင် ခံစားရသည်။ ဒါ အိပ်မက်မက်နေတာပါ… ဒါ အခုထပ်ဖြစ်နေတာ မဟုတ်ပါဘူး… ဒါတွေအားလုံး ပြီးသွားခဲ့ပြီလေ။ ငါ ဘာလို့ ဒါတွေ ပြန်မြင်နေရတာလဲ။ ဒါတွေ ပြီးဆုံးခဲ့ပြီကို။ မေမေလည်း မရှိတော့ဘူး၊ ဖေဖေကြောင့်လည်း မဟုတ်ဘူးလေ။ မဟုတ်ဘူး… ဖေဖေ့မှာ အပြစ်ရှိတယ်… ဖေဖေ့ကို မုန်းတယ်… အရမ်းမုန်းတယ်လို့။ “သမီး… သမီးလေး… ဖေဖေ့ကို မမုန်းပါနဲ့၊ ဖေဖေ… ဖေဖေလေ… သမီးမေမေ စိတ်ချမ်းသာဖို့ သွားရ…” “ဟင့်အင်း… ဘာမှ လာမပြောနဲ့… မကြားချင်ဘူး။ဖေဖေက မေမေသေရတဲ့ ဖြစ်ရပ်ရဲ့ တရားခံပဲ… ဖေဖေ့ကို မုန်းတယ်… မုန်းတယ်လို့…” “သမီးရယ်… သမီးလေး… ဖေဖေ့… ဖေဖေ့ကို…” “ဘာမှ လာမပြောပါတော့နဲ့…” နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆို ငြင်းဆန်နေကြသံများ။ အတွေးစများပင်လား…၊ စကားသံများပင်လား။ ပုံရိပ်တွေ ကြည်လာလိုက် ၊ ဝါးသွားလိုက်။ အသံတွေ ကျယ်လာလိုက်၊ တိုးသွားလိုက်။ အိပ်မက်လား၊ တကယ့်မြင်ကွင်းလားဟူသည်ကိုမူ သေချာ မဝေခွဲတတ်သေး။ မြင်ကွင်းများက ဖလင်ချပ်များကို ဟိုတစ်ခုဒီတစ်ခု ရွေးပြနေသကဲ့သို့ အစီအစဉ်တကျမဟုတ်ဘဲ ရောက်တက်ရာရာများ။ ပထမဆုံး မြင်ခဲ့ရသော ပျော်ရွှင်ကြည်နူးဖွယ် သီတင်းကျွတ်ည ပုံရိပ်များ၊ ထို့နောက် သွေးပျက်ချောက်ချားဖွယ် အိမ်ကိုဝါးမျိုနေကြသော နီရဲရဲ မီးတောက်မီးလျှံများကြားက လူရုပ်မပီပြင်တော့သော ရုပ်အလောင်းတစ်ခု၊ ထို့နောက် အချအတင် စကားများရန်ဖြစ်သံများ၊ ထိုအချိန်များမှစ၍ ယခုအထိ တောက်လျှောက် နွှဲလာကြရသော ဖခင်နှင့် သမီးကြားက ပဋိပက္ခစကားသံများ၊ ယခုထိ၊ ယခုထိ…။ ဒါ အိပ်မက်ဟု စိတ်ထဲက သိနေသည်။ သို့သော် အိပ်မက်လား၊ တကယ့်လားဟုလည်း မဝေခွဲတတ်။ အိပ်မက်ဖြစ်စေ၊ တကယ်ဖြစ်စေ ဤဖြစ်ရပ်ဆိုးများကို အကြိမ်ကြိမ် မကြုံတွေ့လိုတော့ပါ။ ဤနာကျင်စရာ အဖြစ်အပျက်များထဲမှ အမြန်ရုန်းထွက်လိုပါသည်။ အိပ်မက်ဖြစ်နေပါကလည်း ဤအိပ်မက်မှ အမြန်နိုးထချင်ပါသည်။ သို့သော်… ဤအိပ်မက်ထဲက ကလေးငယ်က သူမပဲလားဟုလည်း တပ်အပ်မပြောတတ်…။ ကလေးငယ်၏ ပုံရိပ်က ရုတ်ချည်းပျောက်ကွယ်ကာ အသက်၁၀နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ယခု ၃၄နှစ် စသည့် အရွယ်အမျိုးမျိုး ကူးပြောင်းလာကြသော ခင်ခင်လေး၏ ပုံရိပ်များအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေကြသည်။ ထိုပြောင်းလဲနေသော သူမ၏ပုံရိပ်များက အရွယ်အမျိုးမျိုး ဖြစ်နေကြသော်လည်း မျက်နှာအနေအထားကမူ တစ်သမတ်တည်းပင်။ တင်းမာခက်ထန်စွာဖြင့် ဖခင်အား ရန်တွေ့လျက်၊ တခါတရံ ကျောခိုင်း ဥပေက္ခာပြုလျက်၊ တခါတရံတွင်ကား ဖေဖေ့အား တင်းကျပ်စွာ ဖက်ထားချင်နေသည့် ကြားမှပင် ဝမ်းနည်းနာကျင်စွာ နှုတ်ဆိတ်ငြိမ်သက်လျက်။ လည်ချောင်းတွင်း၌ ချွန်ထက်စူးရှသော အချောင်းကြီးတစ်ချောင်း ကန့်လန့်ခံနေသကဲ့သို့ တစ်ဆို့ပူလောင်လွန်းလှသည်။ တံတွေးမျိုချမိသည်တွင် ခြောက်ကပ်လွန်းလှသော လည်ချောင်းအတွင်းပိုင်းက စူးကနဲ ပိုနာကျင်သွား၏။ “ရေဆာတယ်… ရေဆာတယ်… ရေပေးပါ၊ ရေဆာတယ်… ရေတိုက်ပါ” “ခင်… ခင်လေး… ဘာဖြစ်လို့လဲ… အိပ်မက်ဆိုးတွေမက်လို့လား။ ခဏနော်… ကို ရေသွားခပ်ပေးမယ်” ခင်ပွန်းသည် ကိုမြင့်နိုင်၏ အသံကို ကြားမှ အိပ်မက်မှ လန့်နိုးလာကာ သူမမျက်လုံးများ ပွင့်လာကြသည်။ ကိုမြင့်နိုင် ခပ်တိုက်သော ရေတစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ပြီး ဘာမျှ ပြန်မဖြေမိ။ မိမိတို့နှစ်ယောက်အကြားဝယ် ခွေခွေကလေး အိပ်ပျော်နေသော သမီးငယ်လေးသည်မူ အပြစ်ကင်းစင်စွာ အင်မတန် ချစ်ဖို့ကောင်းနေလျက်…။ ခဏကြာလေမှ မိမိအား ကြင်နာစွာ ကြည့်နေဆဲဖြစ်သော ခင်ပွန်းသည်ကို နံနက် အလုပ်စောစော သွားရမည်မို့ ပြန်အိပ်ခိုင်းကာ သူမလည်း ပြန်အိပ်ပျော်ဖို့ ကြိုးစားခဲ့၏။ သို့သော်… ထိခိုက်နာကျင်ဖွယ် အိပ်မက်ဆိုးက ပေါက်ဖွားပေးလိုက်သော အတွေးစများကြောင့် နံနက် မိုးလင်းသည်ထိ သူမ ပြန်အိပ်မပျော်ခဲ့ပေ။ ဒါ… အိပ်မက်သက်သက် မဟုတ်ပါ။ ဖြစ်ရပ်မှန်တစ်ခုပင် ဖြစ်ပါသည်။ မေ့ဖျောက်မရနိုင်သော သူမ၏ ငယ်ဘဝ အဖြစ်အပျက်များကို မည်သို့ ကြိုးစား မေ့ဖျောက်ထားစေကာမူ အကြောင်းတိုက်ဆိုင်လေတိုင်း အတွေးထဲပေါ်လာကာ စိတ်ထဲ မသိမသာ ပြန်စွဲဝင်သွားပြီး ထိုပေါ်လာသည့် နေ့ရက်တိုင်း၏ ညတိုင်းတွင်လည်း အိပ်မက်အဖြစ် အမြဲ ပြန်ပြန်မက်တတ်လေ၏။ ယခုဆိုလျှင် ကျွန်မအသက် ၃၄နှစ် ပြည့်ခဲ့ပြီ။ ကျွန်မ၏အဖေသည်လည်း ဇရာ ထောင်းလာခဲ့ပြီ။ အမုန်းတရားများ၊ သံသယများ၊ နာကျင်ဖွယ် ဥပေက္ခာတရားများနှင့် ကျွန်မ ဆက်၍ မရှင်သန်လိုတော့ပေ။ အရာအားလုံးကို ပြည်ဖုံးကားချကာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်မိပြီ။ အဖေ့ကိုရော ကျွန်မစိတ်ကိုပါ အေးချမ်းစေချင်လှပါပြီ။ သို့သော် ကျွန်မ ကြိုးစားနိုင်မည်လားလေ…။ ခင်ပွန်းသည်ကိုမြင့်နိုင် အလုပ်သွားရန် ပြင်ဆင်ပေးစရာရှိသည်များ ပြင်ဆင်ပေးပြီးနောက် သမီးလေး ကျောင်းသွားရန်အတွက် ဆက်၍ လုပ်ဆောင်ပေးရလေသည်။ ခင်ပွန်းသည်က ကျွန်မနှင့် သမီးလေးအား ကြင်နာနွေးထွေးသော နှုတ်ဆက်အနမ်းနှင့် နှုတ်ဆက်ကာ အလုပ်သို့ ထွက်ခွာသွားတော့၏။ “မေမေ… သီတင်းကျွတ်ရောက်ဖို့ ၃ရက်ပဲ လိုတော့တယ်လို့ ဖေဖေက သဲသဲကို ပြောတယ်” သမီးလေးက ကျွန်မခါးကို ဖက်ကာ ပြောလိုက်သော စကားသံကြောင့် ခင်ပွန်းသည်ထွက်ခွာသွားရာသို့ ငေးမောလိုက်ပါနေမိသော အကြည့်တို့ကို ပြန်လည် ရုတ်သိမ်းကာ ပြန်ဖြေရသည်။ . “ဪ…အင်း၊ ဟုတ်တယ် သဲသဲရဲ့၊ သီတင်းကျွတ် ရောက်ခါနီးနေပြီလေ။ ဘာလဲ… သဲသဲလေးက သီတင်းကျွတ်မှာ မေမေ့ကို ဘာပူဆာမလို့လဲ ပြောပါဦး” အိပ်မက်ဆိုးတို့ ပြန်မက်မိလေတိုင်း အတွေးစများဖြင့် မည်မျှ ငေါင်ကျန်နေတတ်ခဲ့ပါစေ သမီးလေးအပေါ်အတွင်မူ အာရုံစိုက်မှုတို့ အပြည့်အဝပေးနိုင်အောင် ကျွန်မ အစဉ် ကြိုးစားနေထိုင်ပေသည်။ ကျွန်မ၏ ရင်တွင်းနက်နက်၌ မည်မျှ ကြီးမားသော စိတ်ဒဏ်ရာများရှိနေပါစေ၊ အမေမရှိဘဲ ကြီးပြင်းလာရ၍ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုဒဏ်များကြောင့် မည်မျှပင် ကျွန်မ မာကြောကြမ်းတမ်းနေပါစေ၊ ကျွန်မ၏ ရင်နှစ်သည်းခြာ သမီးငယ်လေးကိုကား မည်သည့် နာကျင်ဖွယ် အရိပ်အငွေ့မျှ ငြိတွယ်မနေစေရ၊ မည်သည့် ကြမ်းတမ်းမှုတို့မျှ ကပ်တွယ်မနေစေဘဲ အစဉ် နူးညံ့အေးချမ်းနေရမည် ဟူသော မျှော်လင့်ချက်များဖြင့်သာ ပြုစုပျိုးထောင်ပေးနေပါသည်။ ကျွန်မကိုယ်တိုင်ကမူ…။ “သဲသဲက ဘာမှ မပူဆာပါဘူး မေမေရဲ့။ သီတင်းကျွတ်ရင် ဘဘထွန်းကို သွားကန်တော့ကြမယ်လို့ ပြောမလို့ပါ မေမေ။ ပြီးရင် ကြီးကြီးရွှေတို့လည်းရှိရင် မီးပုံးပျံ တူတူ လွှတ်ကြမယ်လေနော်” ဘဘထွန်း ဆိုသူက ကျွန်မ၏ အဖေ၊ သဲသဲလေး၏ အဖိုးဖြစ်သည့် ဦးထွန်းဝေ။ ကြီးကြီးရွှေသည်ကား ‘မေရွှေ’ဟု ကျွန်မ ချစ်စနိုးဖြင့် ခေါ်လေ့ရှိတတ်သော ဖေဖေ့၏အကြီးဆုံးအစ်မအရင်းဖြစ်သူ ဒေါ်လေးရွှေ။ “မီးပုံးပျံ တူတူလွှတ်မယ်” ကျွန်မ အသံက ထိန်လန့်တကြားအသံ ဖြစ်သွားဟန်တူသည်။ “ဟုတ်တယ်လေ မေမေ။ ဘာလို့လဲဟင်” “ဟို… အင်း… ဘာမှမဖြစ်ပါဘူး။ သဲသဲလေးက လွှတ်ချင်တာဆိုတော့ ဖေဖေ့ကို မေမေ ဝယ်လာပေးဖို့ မှာထားလိုက်မယ်နော်” “ယေး… ဒါမှ တို့မေမေကွ” ပျော်ရွှင်မြူးတူးသွားသော သမီးငယ်လေးအား ကြည့်ကာ ကျွန်မ မချစ်တော့သော မီးပုံးပျံများကိုပင် ကျွန်မ နှစ်သက်လာမိသလိုလို…။ ဪ… ချစ်ခြင်းမေတ္တာ အနွေးဓာတ်တို့ ၏ ကူးစက်မှုတစ်ခုပင်လား…။ * * * * * * * * * * * * * * * * “ဖေဖေ… သဲသဲကို သီတင်းကျွတ် လပြည့်နေ့အကြောင်း ပြောပြမယ်လို့ ဟိုနေ့က ကတိပေးထားတယ်လေ” “အာ… ဟုတ်သား၊ ဖေဖေ မေ့နေလိုက်တာ၊ ကြည့်စမ်း… ဖေ့သဲသဲလေးကတော့ ဉာဏ်သိပ်ကောင်းသဟေ့” “ဟီးဟီး… သဲသဲက အဲ့လောက်လည်း ဉာဏ်သိပ်မကောင်းပါဘူး ဖေဖေရယ်။ သဲသဲက ဖေဖေပြောပြတဲ့ သီတင်းကျွတ်လပြည့်ည အကြောင်းတွေကို သေချာမှတ်ထားပြီး ရွာရောက်ရင် ဘဘထွန်းတို့၊ ကြီးကြီးရွှေတို့ကို ပြန်ပြောပြချင်လို့ မှတ်မိနေတာ နေမှာပါ ဖေဖေရဲ့” . “အွန်း… ဟုတ်တာပဲ။ ဒါဆို ဖေဖေ ပြောပြမယ် သေချာနားထောင်နော်” . “ဟုတ်ကဲ့” “ဖေဖေတို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ဟာ သူ့ရဲ့ အရင်ဘဝက မိခင်တော်စပ်ဖူးသူက နတ်ပြည်မှာ နတ်သားသွားဖြစ်တဲ့အချိန် ကျေးဇူးဆပ်တဲ့အနေနဲ့ အဲ့ဒီ နတ်သားကို အဘိဓမ္မာ(၇)ကျမ်း ဟောကြားတော်မူခဲ့တာ ဒီလို သီတင်းကျွတ်လပြည့်နေ့မှာပဲ သမီးရဲ့” အာရုံစိုက် နားထောင်နေသော သမီးငယ်ကို ကြည့်ကာ ခင်ပွန်းသည်ကိုမြင့်နိုင်က ဆက်ပြောပြနေသည်။ အိမ်မှုကိစ္စ လုပ်နေသော ကျွန်မက သူတို့ သားဖနှစ်ယောက်ကို လှမ်းကြည့်ရင်း စိတ်ချမ်းသာစွာ ပြုံးနေမိ၏။ “အဲဒါကြောင့်လည်း သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လို့လည်း ခေါ်တယ် သမီးရဲ့” “ဪ… အာ့ကြောင့် ဟိုနေ့က သဲသဲတို့ ဆရာမက သီတင်းကျွတ်ပြီးလို့ ကျောင်းပြန်ဖွင့်ရင် သီတင်းကျွတ်လပြည့်နေ့ဟာ ဘာနေ့လို့လည်း ခေါ်သေးလဲလို့ ပြန်မေးဦးမှာမို့ သိအောင် လေ့လာခဲ့လို့ သဲသဲတို့ကို မှာလိုက်တာ ထင်တယ် ဖေဖေရဲ့” တက်ကြွစွာ ထပြောသော သဲသဲ၏ ခေါင်းလေးကို သပ်ကာ သူ့အဖေက ပြုံး၍ ဆက်ပြောပြသည်။ “ဟုတ်လား၊ ဒါမဲ့ ဒါတင်မကသေးဘူး သမီးရဲ့… သီတင်းကျွတ်လပြည့်နေ့ကို တခြားထပ်ခေါ်တဲ့ အမည်တစ်ခုရှိသေးတယ်ကွဲ့” “ဟင်… ဟုတ်လား၊ အဲဒါ ဘာလဲဟင် ဖေဖေ” “အဲဒါကတော့ ‘ဘုရားဆုပန်နေ့’တဲ့” “ဟုတ်လား… ဘာလို့ အဲ့လို ခေါ်တာလဲဟင်” “စောစောက ဖေဖေပြောပါရောလား… ဘုရားရှင်က နတ်ပြည်ကို ကျေးဇူးဆပ်ဖို့ တရား သွားဟောတော်မူတယ်လို့လေ” . “ဟုတ်ကဲ့ ဖေဖေ” “အင်း… အဲ့လို ဟောကြားပြီး နတ်ပြည်ကနေ ပြန်လည် ဆင်းသက်တော်မူလာတဲ့အချိန်မှာ ၃၆ယူဇနာအတွင်းမှာ ရှိတဲ့ ပရိသတ်အားလုံးက တူညီတဲ့ ဆုတစ်ခုကိုပဲ တောင်းကြသတဲ့၊ အဲ့ဒါ ဘာဖြစ်မယ်လို့ သဲသဲ ထင်လဲ” . “ဟင့်အင်း… သမီးမသိဘူး၊ ဖေဖေပြောပြ” . “ဘုရားဖြစ်ခွင့်ရဖို့ ဘုရားဆုပန်ကြသတဲ့။ အဲ့ဒီ ပရိသတ်အားလုံးထဲမှာ ဘုရားဆုမပန်တဲ့သူ တစ်ယောက်မှ မရှိလို့ သီတင်းကျွတ်လပြည့်နေ့ကို ‘ဘုရားဆုပန်နေ့’လို့လည်း ခေါ်တာတဲ့ သမီးရဲ့” “ဪ…” အမေးနှင့်အဖြေ အတိုင်အဖောက်ညီကာ သာယာနေကြသော သားအဖနှစ်ယောက်၏ ပြောစကားများကို ကျွန်မ အဝတ်ခေါက်ကာ နားထောင်နေရင်း ကျွန်မ၏ငယ်ဘဝ ၊ယခု ကျွန်မသမီးလေး သဲသဲထက်ငယ်သော အရွယ်လေးတုန်းက ကျွန်မအဖေနှင့်ကျွန်မ၏ ပျော်ရွှင်စရာအတိတ်ဖြစ်ရပ်လေးများကို ပြန်သတိရမိလာသည်။ ကျွန်မဖေဖေ ဦးထွန်းဝေသည်လည်း ကျွန်မငယ်ငယ်က ဗဟုသုတရဖွယ် အကြောင်းအရာများကို အလျဉ်းသင့်သလို ပြောပြတတ်၏။ ယခု ခင်ပွန်းသည်ကိုမြင့်နိုင်က သမီးငယ် သဲသဲလေးအား ကြင်နာစိတ်ရှည်စွာ ပြောပြသကဲ့သို့ပင် ကျွန်မဖေဖေ ဦးထွန်းဝေသည်လည်း ကျွန်မအား စုံလင်အောင်ပင် ပြောပြခဲ့ဖူးလေ၏။ “ဒါဆို… သီတင်းကျွတ်လပြည့်ညမှာ အိမ်တိုင်းအိမ်တိုင်း ဆီမီးရောင်စုံတွေ ထွန်းညှိပူဇော်ကြတာကရော ဘာကြောင့်လဲ ဖေဖေ” ထိုမေးခွန်းမေးသံလေးသည် သမီးငယ်သဲသဲလေးက ခင်ပွန်းသည်ကိုမြင့်နိုင်ကို မေးနေခြင်းပေလား၊ ကျွန်မခင်ခင်လေးက ကျွန်မဖေဖေဦးထွန်းဝေကို မေးနေခြင်းပေလား…။ စိတ်ထဲဝယ် ရေရေရာရာ ဝေခွဲမရနိုင်တော့ပေ။ “ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင် နတ်ပြည်ကနေ ပြန်လည် ဆင်းသက်တော်မူလာတာကို ရည်စူးပြီး ဆီမီးပူဇော် ကပ်လှူတဲ့အနေနဲ့ ဆီမီးရောင်စုံတွေ ထွန်းညှိပူဇော်တဲ့ အလေ့ရယ်လို့ ဖြစ်လာခဲ့တော့တာပါပဲ သမီးရဲ့” ဖြေသံကိုလည်း ပြန်ကြားနေရသည်။ စကားသံချိုချိုတို့ကိုလည်း ပြန်လည်ကြားယောင်နေရသည်။ မြတ်သောအကြောင်းအရာတို့ကို ကြားရကာ အကုသိုလ်ကင်းနေသောကြောင့် စိတ်တို့က အေးချမ်းနေသယောင်ယောင်။ သို့သော် စကားတို့ တီးတိုးပြောနေကြသည်က ဖေဖေနှင့်ကျွန်မငယ်ငယ်ကလား၊ သို့တည်းမဟုတ် ခင်ပွန်းသည်နှင့် သဲသဲလေးပေပဲလား။ ကျွန်မ သေသေချာချာ မသိတော့ပါ။ မျက်တောင်ရှည်များတွင် မျက်ရည်စတို့ ခိုတွဲနေကြကာ မြင်ကွင်းတို့ပင် ထင်ထင်ရှားရှား မမြင်ရတော့ပေ။ ဖေဖေ့ကိုလည်း ရုတ်တရက် လွမ်းဆွတ် တသမိလာသည်။ ခင်ပွန်းသည်ကို သမီးလေး ဖက်ထားသည့်အတိုင်းပင် ဖေဖေ့ကိုလည်း ကျွန်မ ဖက်ထားချင်လာမိသည်။ သမီးလေးကို ခင်ပွန်းသည်က ရင်ခွင်ထဲထည့်သွင်းကာ နွေးထွေးကြင်နာစွာ ထွေးပွေ့သွင်းထားသည့်အတိုင်းပင် ကျွန်မငယ်ငယ်ကလည်း ဖေဖေ့ရင်ခွင်နွေးနွေးထဲဝယ် စိတ်လုံခြုံအေးချမ်းစွာ အစဉ် ခိုလှုံမှေးစက်ခဲ့ဖူးပေ၏။ ဖေဖေ့မေတ္တာများကို ငယ်စဉ်ကခံစားခဲ့ဖူးသည့်အတိုင်း ယခုအချိန်တွင် လတ်လတ်ဆတ်ဆတ် ပြန်လည် ခံစားလိုက်ရသကဲ့သို့ ထင်မိသည်။ ရင်ထဲ၌လည်း နှစ်ရှည်လများ တစ်ဆို့နေခဲ့သော အမုန်းတရားများ မရှိတော့သကဲ့သို့ ခံစားမိနေသည်။ ခင်လေးတို့အိမ်ကလေး မီးလောင်ကာ မေမေ့ကိုဆုံးရှုံးလိုက်ပြီးနောက်ပိုင်း ကျန်ကာလများအတွင်း ဖေဖေ့အား ချစ်ကြင်နာပေးရန်၊ နွေးထွေးဂရုစိုက်ပေးရန်၊ မေတ္တာနှင့် ထွေးပွေ့ပေးရန်၊ ကိုယ်ထိလက်ရောက် ခြေဆုပ်လက်နယ် ပြုစုယုယပေးရန် မဆိုထားနှင့်။ ဖေဖေ့အပေါ်၌ ကျွန်မ၏ မထားအပ်သော အမုန်းတရားများသာ အစဉ်ကျရောက်နေခဲ့ပေ၏။ ငယ်ဘဝက မေမေ့ကို ဆုံးရှုံးလိုက်ရခြင်း၏ အဓိကတရားခံသည် ဖေဖေဖြစ်သည်ဟုသာ တစ်ထစ်ချ ပြစ်တင်စွဲဆိုနေမိခဲ့ပေ၏။ “မီးစာကောင်းသေးတဲ့ မီးပုံးပျံတစ်လုံးက အဆင်မသင့်ပြီး ခင်လေးတို့ အိမ်လေးပေါ် ပြုတ်ကျလို့ အိမ်မီးလောင်ခဲ့ရတာပါ၊ အဲဒီအချိန်မှာ ဘေးအိမ်ဘက်ကို ခဏ ရောက်နေတဲ့ ဝါဝါက မီးကူငြှိမ်းပေးနေကြတဲ့ ဦးကြီးဝိုင်းတို့ တားနေတဲ့ကြားကပဲ ခင်လေး ကျောင်းစရိတ်အတွက် ထွန်းဝေနှင့် တိုင်ပင်သိမ်းဆည်းထားကြတဲ့ ခြေစုလက်စုလေးကို မီးထဲ ပါသွားမှာ သတိရပြီး အိမ်ထဲကို အတင်း ဝင်ပြေးသွားတယ်။ ဝါဝါက ပိုးထိထားလို့ ခြေထောက်သိပ်မသန်ရှာတော့ သူသိမ်းထားတာလေး ရှာယူပြီး အိမ်ထဲက ပြန်ထွက်လာဖို့ ပြင်နေတုန်းမှာပဲ လေပြင်းတစ်ချက် ဝေ့တိုက်လိုက်လို့ ပိုအားကောင်းလာတဲ့ မီးတောက်တွေရယ်၊ အပေါ်က မီးစွဲလောင်နေတဲ့ ထုပ်တန်းက ဝါဝါ့ပေါ် ပြုတ်ကျသွားတာရယ် အားလုံး အကြောင်းတိုက်ဆိုင်သွားပြီး အခြေအနေတွေ ပိုဆိုးဝါးခဲ့ရရှာတာပါ။ ကူငြှိမ်းပေးနေကြသူတွေကလည်း တစ်ယောက်တစ်ပုံး ဝိုင်းဆွဲလောင်းကြပေမဲ့ အားပြင်းလာတဲ့ မီးကို မနိုင်နင်းကြတော့ မီးထဲက ဝါဝါ့ကို ဘယ်လိုမှ အမြန် မကယ်တင်နိုင်ကြဘူးလေ။သီတင်းကျွတ် လပြည့်ကျော်ညဆိုတော့ ဘုရားပွဲသွားနေကြသူတွေနဲ့မို့ ရွာထဲမှာ လူသိပ်မကျန်လို့ လူအင်အားနည်းသွားတာကြောင့်လည်းပါ,ပါတယ် ။ ဝါဝါလေးကိုက ကံဆိုးရှာတာပါလေ” ရှည်လျားစွာ ရှင်းပြနေခဲ့သော မေရွှေ၏ စကားများကိုလည်း လီဆယ်၍ ပြောသည်ဟုသာ မှတ်ယူထားခဲ့မိပေ၏။ စိတ်ထဲတွင်မူ ‘မေမေ့အနားမှာ ဖေဖေ ရှိနေမပေးခဲ့လို့လေ၊ ဖေဖေသာ မေမေ့ကို တစ်ယောက်တည်းထားခဲ့ပြီး တစ်ဖက်ရွာကို မသွားခဲ့ရင် မေမေ့ကို ဖေဖေ စောင့်ရှောက်နိုင်ခဲ့မှာပဲ၊ အားလုံးက ဖေဖေ့ကြောင့်ပါ’ ဟုသာ တရားသေ စွဲကိုင်ထားခဲ့မိပေ၏။ “ထွန်းဝေကလည်း ဝါဝါ့အမေ ကျန်းမာရေးအတွက် များများကန်တော့နိုင်ဖို့ လပြည့်ကျော်ညကြီးမှာတောင် အလုပ်မနားဘဲ တစ်ဖက်ရွာကို အလုပ်သွားဆင်းနေရတုန်းမို့ အချိန်မီ ပြန်မလာနိုင်ရှာတာပါကွယ်” အို… အပိုတွေပါ။ မေရွှေက သူ့မောင်ဘက်က လိုက်ပြောပေးနေတာ နေမှာပါ။ မယုံဘူး… မယုံဘူး… ဘာမှ မယုံကြည်နိုင်ဘူး။ ထိုကဲ့သို့သာ ယခုအသက်အရွယ်ထိတိုင် မေမေသေဆုံးခဲ့မှုနှင့် ပါတ်သတ်၍ ဖေဖေ့ကိုသာ တရားခံဟု စွပ်စွဲပြစ်တင်လာခဲ့မိပေ၏။ ယခုအချိန်တွင်ကား အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသကဲ့သို့ ပထမဆုံးသောအကြိမ်အဖြစ် ထူးဆန်းစွာ ခံစားလိုက်မိပေသည်။ တရားခံ… တရားခံ… တရားခံတဲ့လား။ အရာရာတိုင်းဟာ အကြောင်းရှိလို့သာ အကျိုး ဖြစ်လာခဲ့ကြတာပဲ မဟုတ်လား။ ဖေဖေသာ မေမေသေရသည့် အကြောင်းရင်း၏ တရားခံဆိုလျှင် ကျွန်မကတော့ရော။ ကျွန်မကရော တရားခံ မဖြစ်နိုင်ပေဘူးလား။ . မေမေ့ကို အိမ်၌ တစ်ယောက်တည်း ချန်ထားရစ်ခဲ့ကာ မိတောတို့အိမ်ဘက်၌သာ အကြာကြီး ကစားနေခဲ့သည်လေ။ ထိုသို့ မေမေ့ကို စိတ်မပူဘဲ အပျော်မက်နေခဲ့သော ကျွန်မကိုယ်ကျွန်မကိုကား မည်သည့်အတွက်ကြောင့် တရားခံဟု မစွပ်စွဲမိခဲ့လေသနည်း။ ဪ… အတ္တနှင့်မောဟတို့၏ အမှောင်ဖုံးမှုက သိပ်ကြောက်ဖို့ ကောင်းလိုက်တာကလား…။ မျက်ဝန်း၌ မျက်ရည်စတို့ စိုစွတ်နေသော်လည်း ဦးနှောက်ထဲတွင်မူ သံသယအတွေးတို့ကင်းစွာ ကြည်လင်ရှင်းသန့်နေပေပြီ။ “ခင်… ခင်လေး… ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ငိုနေတာလဲ။ ကြည့်စမ်း… ကလေးကျနေတာပဲ…၊ မငိုပါနဲ့ ခင်ရယ်… တိတ်.. တိတ်… တိတ်တော့နော်” ကျွန်မအပေါ်ဝယ် နားလည်မှုအပြည့်တို့ဖြင့် စိတ်လုံခြုံမှုအပြည့်ရှိအောင် အစဉ်စောင့်ရှောက်တတ်လေသော ခင်ပွန်းသည်၏ မေတ္တာတရားတို့အတွက် စိတ်ထဲမှရော နှုတ်မှပါ အထပ်ထပ်အခါခါ ကျေးဇူးတင်နေမိပေ၏။ ကိုမြင့်နိုင်နှင့်အတူ အပြေးကလေး ရောက်လာသော သဲသဲလေးကလည်း “မေမေ… မငိုနဲ့တော့နော်” ဟု နှစ်သိမ့်သည်။ . ဤသို့ ကျွန်မ၏ရင်ခွင်ကို အစဉ်ကြည်နွေးစေတတ်သော မေတ္တာတရားတို့ကို ကျွန်မ ခံယူခွင့်ရရှိနေသကဲ့သို့ ကျွန်မ၏ဖေဖေကိုလည်း ခံယူရရှိစေချင်မိလာ၏။ “ကို... ခင်လေ နောက်တစ်ခါဆို မီးထွန်းပွဲအကြောင်း ပြောသံကြားတိုင်း ဘယ်တော့မှ ထပ်မငိုတော့ဘူးနော်၊ ကတိပေးတယ်” ဟု အပြုံးမျက်ဝန်းတို့နှင့် ရွှန်းရွှန်းစားစားစိုက်ကြည့်ကာ ပြောပြလေသည်တွင် ခင်ပွန်းသည်ကလည်း အရာရာ နားလည်သိတတ်စွာနှင့် ကျွန်မအား ကြည်အေးစွာ ပြန်လည်ပြုံးပြလေ၏။ “ဒါဆို ကိုယ်သဘက်ခါ အဖေနဲ့ မေရွှေတို့ဆီ သွားဖို့ ပြင်ဆင်လိုက်တော့မယ်နော်” . “ဟုတ်ကဲ့…” “ယေး… ကြီးကြီးရွှေရဲ့ လက်ရာတွေ စားရတော့မယ်ကွ…ယေး” . * * * * * * * * * * * * * * * အဖေ့ကို ဘေးတိုက်မြင်လိုက်ရသည့် တစ်မဟုတ်ချင်း၌ “ဒီအမျိုးသားဟာ… ငါဘယ်လောက်ဆိုးဆိုး ငါ့ကိုအပြစ်မမြင်ခဲ့ဘဲ အမြဲချစ်ခင်နွေးထွေးပေးခဲ့တဲ့ ငါငယ်ငယ်ကသိပ်ချစ်ခဲ့ရတဲ့ ငါ့ရဲ့အဖေပါလား”ဟု ချက်ချင်း အောက်မေ့မိကာ လည်ချောင်းတွင်းဝယ် ချက်ချင်း ဆို့နင်တက်လာ၏။ ပါးရိစပြုနေပြီဖြစ်သော ချည်ကွက်လက်ရှည် အပြာနုလေးနှင့် မိုးပြာရောင် ပြောင်ပုဆိုးတို့ကို သေသပ်စွာ ဝတ်ဆင်ထားကာ ပုတီးလုံးများကို ဣန္ဒြေအပြည့်နှင့် မျက်လွှာချကာ ခပ်စိပ်စိပ် အာရုံပြုပြီး ချနေပုံမှာ သူ၏စိတ်ထဲဝယ် မည်သည့်ကိလေသာမှ မရှိရော့လေသည်ထင့် ၊ ကြည်လင်လွန်းလှပေ၏။ ညမှောင်ရီပျိုးစအချိန် ရွာဦးစေတီရင်ပြင်ဝယ် ကပ်လှူပူဇော်ထားသော ဆီမီးတိုင်ဝါကျင်ကျင်များဆီမှ အလင်းပြန်လာသော အရောင်များနှင့်အတူ အဖေ့အား တွဲစပ်မြင်နေရပုံမှာ အဖေ့ထံမှ နွေးထွေးမေတ္တာများကို ပိုမိုခံယူရရှိနေမိသည့်အလားပါပင်။ အဖေသည် သူအဓိဌာန်ချထားသော ပုတီးအပတ်ရေပြည့်သွားသည့်အချိန် ထိုပုတီးကုံးကို လက်ထဲကိုင်ထားရင်းနှင့်ပင် မျက်စိမှိတ်ထားလျက်ဖြင့် စေတီတော်ကို ဦးချလိုက်လေသည်။ “အဖေ…” . ကျွန်မက ရင်တွင်းနက်နက်မှ စစ်မှန်စွာလာသော နွေးထွေးလှိုက်ခုန်နေသည့် အသံဖြင့် ငြင်သာစွာ ခေါ်လိုက်သည်တွင် အဖေက အံ့ဩမှင်သက်သွားသည့်ကြားမှ ချက်ချင်းတန်းမှတ်မိသည့်နှယ် ဘေးကို အလျင်အမြန် ငဲ့စောင်းကြည့်လေ၏။ ထို့နောက် တုန်ယင်လှိုက်မောသည့်အသံဖြင့် “သမီး… သမီး… အဖေ့သမီး ခင်လေး ဟုတ်ပါတယ်နော်…” “ဟုတ်ပါတယ် အဖေ၊ အဖေ့သမီး အမိုက်မလေးပါ” “မမိုက်ပါဘူး သမီးရယ်… အဖေ့သမီးက အမြဲလိမ္မာပြီးသားပါကွယ်” “ဪ… အဖေရယ်…” အဖေကလည်း ရင်ခွင်ကို ဖွင့်ပေးလိုက်သည့်နှယ် လက်နှစ်ဖက်ကို ဘေးသို့ဆန့်ကားပေးလိုက်သည်တွင် ကျွန်မလည်း အဖေ့ရင်ခွင်ထဲသို့ ချက်ချင်းပင်ရှေ့တိုးကာ လှမ်းဖက်လိုက်မိလေသည်။ ခင်ပွန်းသည်ကိုမြင့်နိုင်နှင့် သမီးလေးသဲသဲတို့သည်လည်း တစ်ဦးမျက်နှာတစ်ဦး လှမ်းကြည့်ကာ တစ်ပြိုင်တည်း ပြုံးပြမိလိုက်ကြလေသည်။ “အဖေ… သမီးလေ မီးပုံးပျံလေးတွေကို ပြန်ချစ်တတ်လာပြီ အဖေ။ သမီးတို့ အိမ်ပြန်ရောက်ရင် ကြီးကြီးရွှေတို့နဲ့အတူ မီးပုံးပျံ လွှတ်ကြမယ်နော်…” အဖေက ကျွန်မငယ်ထိပ်ရှိဆံပင်များကို ကြင်နာစွာသပ်တင်ပေးကာ မေတ္တာရိပ်တို့ပြည့်လျှမ်းသော မျက်ဝန်းတို့နှင့်စိုက်ကြည့်ရင်း ခေါင်းကိုတဆတ်ဆတ် ငြိမ့်ပြလေ၏။ ထိုအချိန်ခဏ၌ လောကတစ်ခွင်လုံးဝယ် ကြည်စင်သည့်ဟန် ရှိနေကြသည်။ အားလုံးရင်ထဲတွင်လည်း အမုန်းတရားများ ကင်းဝေးကာ ချစ်ခြင်းမေတ္တာတရားတို့နှင့်သာ လွှမ်းခြုံထားလျက်ရှိကြပေ၏။ ကောင်းကင်ယံ၌ ထိန်ထိန်သာနေသော သီတင်းကျွတ်လပြည့်ဝန်းကြီးနှင့်အပြိုင် ကျွန်မတို့အားလုံး၏ မျက်နှာများသည်လည်း ဝင်းလက်တောက်ပနေကြလျက်…။ . အဖေနှင့်ကျွန်မ၏ လက်အစုံတို့သည်မူ အဖေ့အိမ် ပြန်ရောက်ကြသည်အထိ မြဲမြံစွာဆုပ်ကိုင်ထားလျက် ရှိနေကြဆဲပင်ဖြစ်လေ၏။ * * * * * * * * * * * * * * *
Keep Reading