ရွှေငါး
တစ်ခါတုန်းက ရွာတစ်ရွာမှာ ညီအစ်မနှစ်ဦးရှိကြတယ်။
အမကြီးက ထောင်ထောင်မောင်းမောင်း အပြုံးချိုချို စကားကောင်းကောင်းနဲ့မို့ အားလုံးက သူ့ကို စိတ်ထားကောင်းမယ်လို့ ထင်ကြတယ်။
ညီမလေးက ပိန်ပိန်သွယ်သွယ် ရိုးရိုးကုတ်ကုတ်လေးနဲ့ အမကြီး ဘာပြောပြော “ဟုတ် ဟုတ်” လို့ပဲ နေတဲ့ သူမျိုး။
သူတို့မှာ မိဘတွေ မရှိတော့တဲ့အခါ မိဘတွေ ချန်ထားခဲ့တဲ့ အိမ်လေးရယ်၊ နွားမကြီးတစ်ကောင်ရယ်၊ စိုက်ပျိုးထွန်ယက်စရာ လယ်ကွက်တချို့ရယ် ကျန်ခဲ့လို့ ဒုက္ခတော့ သိပ်မရောက်ကြဘူးပေါ့။
ဒါပေမဲ့ အမအကြီးက သူ့ညီမလေးဟာ အားနာတတ်မှန်း ရိုးမှန်းသိလို့ မိဘတွေထားခဲ့တာတွေကို အညီအမျှမပေးချင်လို့ ခုလို အကြံထုတ်သတဲ့။
"ညီမလေး အမတို့ ညီအစ်မတွေ အကုန်လုံး တစ်ယောက်တစ်ဝက်မျှတဖို့ ဒီလိုလုပ်ကြရအောင်။
စောင်က တစ်ထည်တည်းရှိတော့
ညီမလေးက နေ့ဘက်ခြုံ၊
မကြီးက ညမှ ခြုံမယ်။
နွားကလည်း တစ်ကောင်တည်းရှိတော့
ညီမလေးက အရှေ့ပိုင်းယူ၊
မကြီးက နောက်ပိုင်းပဲ ယူမယ်။
အင်း သီးနှံတွေကိုကျတော့
ညီမလေးက အောက်ပိုင်း ယူ၊
မကြီးက အပေါ်ပိုင်းပဲ ယူတော့မယ်လေ။
အားလုံးတစ်ယောက် တစ်ဝက်ပဲ နော်"
ညီမဖြစ်သူကတော့ ရှည်ရှည်ဝေးဝေး မတွေးဘဲ အမကြီးခွဲခြမ်းပေးတဲ့အတိုင်း လက်ခံလိုက်တာပေါ့။ ပတ်ဝန်းကျင်ကလူတွေကိုလည်း အမကြီးက သူဟာ ညီမလေးကို အမကြီးတစ်ယောက် ပီသစွာ အညီအမျှ ခွဲပေးထားကြောင်း ပြောထားတော့ သူ့ကို အားလုံးက ချီးတောင် ချီးကျုးနေကြသေးတာ်လေ။
အဲဒီ သူတော်ကောင်းယောက်ဆောင်ထားတဲ့ အမကြီးကြောင့်လေ ညီမလေးခမျာ တကယ်တမ်းလည်းကျရော စောင်က နေ့ပိုင်း ခြုံဖို့လည်း မလို၊ အလုပ်တွေလုပ်ရလို့ နေ့လည်ခြုံအိပ်ချိန်လည်းမရ။
ညဘက်အိပ်ချိန်လည်းကရော အမကြီးက စောင်ခြုံပြီး အိပ်ပြီလေ။ ညီမလေးခမျာ ညတိုင်း ချမ်းတုန်ပြီး ဆောင်းတွင်းညတွေကို အနွေးထည်လေးဝတ်ပြီးပဲ အံတုနေရတော့တာပေါ့။
နွားကိုလည်း ညီမလေးက အရှေ့ပိုင်းပဲ ရတာဆိုတော့ ညီမလေးကပဲ နွားကို ရေတိုက် အစာကျွေးရပြီး နွားနို့ကျတော့ အမကြီးက ညှစ်ယူတယ်လေ။ ညီမလေးကိုလည်း တစ်စက်ကလေးမှမပေးဘဲ သူပဲ နွားနို့တွေကို သောက်တယ်။ မုန့်လုပ်တယ်။ ပိုရင် ရောင်းစားပစ်လိုက်သေးတယ်။
ဒါတင်ဘယ်ကမလဲ။ ညီမလေးက သီးနှံပင်တွေရဲ့ အောက်ပိုင်းပဲ ရထားတော့ လယ်ထွန်၊ မြေဆွ၊ ပေါင်းသင်၊ စိုက်ပျိုးသမျှ ညီမလေးပဲလုပ်ရတယ်။ ကောက်ပဲသီးနှံတွေ သီးပွင့်လာတော့ အပေါ်ပိုင်းယူထားတဲ့ အမကြီးက အပိုင်သိမ်းပြန်ရောပေါ့။
ဒီလိုနဲ့ အားနာတတ်ပြီး ရိုးသားတဲ့ ညီမလေးခမျာ အမကြီးကိုလည်း ပြန်မပြောဘဲ ပင်လည်းပင်ပန်း အစာအာဟာရလည်း မပြည့် ချမ်းကလည်းချမ်းနဲ့ ဒုက္ခရောက်နေရှာတာပေါ့ကွယ်။
ပတ်ဝန်းကျင် အသိမိတ်တွေတွေကို ရင်ဖွင့်တော့လည်း သူတို့က မယုံကြဘူးတဲ့။ အမကြီးက ဒီလောက် ပြုံးချိုပြီး ဖော်ရွေတာ ဒီလိုမလုပ်နိုင်လောက်တာမို့ ညီမလေးက လုပ်ကြံပြောနေတယ်လို့ပဲ ထင်ကြတာပေါ့။
အကူအညီမဲ့နေတဲ့ ညီမလေးခမျာ ကြံရာမရတဲ့အဆုံး သူတို့တစ်ရွာလုံးအားကိုးရတဲ့ ပညာရှိအဖိုးအိုဆီကို သွားအကူအညီတောင်းကြည့်တယ်။ သူ့ရဲ့ဖြစ်ကြောင်းကုန်စင်ကိုလည်း ပြောပြတာပေါ့။
ပညာရှိ အဘိုးအိုးက
"သမီး ညည်းအမဟာ မျှမျှတတလုပ်ပေးတယ်ဆိုတဲ့ သူတော်ကောင်းယောင်ဆောင်ပြီး သမီးကို လူလည်ကျတာပဲ။ သမီးခုလို ပိန်လှီအားပြတ်ပြီး ဒုက္ခရောက်နေတာရယ် ညည်းအမကြီး မတရားလုပ်နေတာရယ်ကို အဘိုးဖြင့် မကြည့်နိုင်ဘူး။ ဒါ့ကြောင့် ဒီလိုလုပ်...." လို့ အကြံပေးလိုက်ပါတော့တယ်။
ညီမလေးလည်း အဘိုးရဲ့ အကြံပေးမှုကို သေချာနားထောင်ပြီးတဲ့အခါ ကျေးဇူးတင်လို့ ရှိခိုးကန်တော့ပြီး အိမ်ပြန်လာခဲ့တယ်။
နောက်နေ့ကစပြီး ညီမလေးဟာ သူမနက်ပိုင်းပဲပိုင်ဆိုင်ရတဲ့ စောင်ကို ရေစိမ်ထားလိုက်တယ်။
ညနေ အမကြီးက အိပ်ဖို့လုပ်တော့ စောင်ကြီးက ရေစိုပြီး ခြုံလို့မရတော့ဘူးလေ။ အမကြီးကလည်း သူ့စကားနဲ့သူ ညီမလေးကို ဘာမှမပြောနိုင်ဘူး။ သူလည်း ညီမလေးလိုပဲ ညဘက်တွေကို ချမ်းချမ်းနဲ့ ကွေးအိပ်ရပါလေရော။
နောက်နေ့ ညီမလေးဟာ နွားမကြီးကို အရင်လို ရေတိုက် အစာကျွေးမလုပ်တော့တဲ့အပြင် နွားမကြီးကို အရင်လို ချိုချိုသာသာမပြောဘဲ အော်ဟစ်ဆဲဆိုထားလိုက်တယ်။ ဒီလိုနဲ့ အမကြီး နွားနို့လာညှစ်ချိန်လည်းကျတော့ နွားမကြီးဟာ အရင်လို နို့အညှစ်မခံတော့ဘဲ ခြေနဲ့ကန်လိုက်တာ အမကြီးမျက်နှာ ဖူးယောင်သွားပါရောတဲ့။ ဒါပေမဲ့ သူ့စကားနဲ့သူ နွားအနောက်ခြမ်းယူထားတော့ ဘာမှ မပြောနိုင်ဘူးဖြစ်နေတာပေါ့။
နောက်ထပ် ညီမလေးဟာ ခါတိုင်းလို သီးနှံပင်တွေကို ဂရုတစိုက်ပြုစုမနေတော့ဘဲ အမြစ်တွေကို မသိမသာ နှုတ်ထားပစ်လိုက်တယ်။ အမကြီးက ခါတိုင်းလို သီးနှံတွေ ခူးဖို့လာတော့ အပင်တွေအကုန် သေနေပြီလေ။
ဒီတော့မှ
စောင်မခြုံဘဲ ချမ်းအေးစွာ အိပ်ရတဲ့ ဒုက္ခ၊
နွားမကြီးဆီက နို့မရတဲ့ ဒုက္ခ၊
သီးနှံတွေ မရှိတဲ့ ဒုက္ခတွေကို ခံစားရတဲ့ ညီမလေးအပေါ် ကိုယ်ချင်းစာစိတ်ဖြစ်လာပါတော့တယ်။
အဲဒီအချိန်ကစပြီး အမကြီးဟာ အရင်လို စိတ်မပုပ်တော့ဘဲ ရှိသမျှအရာအားလုံးကို ညီမလေးနဲ့အတူတူ ခွဲဝေသုံးစွဲ စားသောက်ရင်း ချစ်ချစ်ခင်ခင် နေသွားကြပါတော့တယ်တဲ့ကွယ်။
ရွှေငါးပြန်လည်ရေးသားသည်။
Credit = Storytime (Around the World Tales)
#ရွှေငါး
#ပုံပြင်
#ရိုးရာပုံပြင်
#tales
#folktales
Keep Reading