ရွှေငါး
ဟိုး…ရာစုနှစ်တွေများစွာတုန်းက တရုတ်ပြည်ရဲ့ ရွာလေးတစ်ရွာမှာပေါ့။ သမီးပျိုလေးသုံးယောက်ရှိတဲ့ လူကြီးတစ်ယောက်ရှိတယ်။ သူဟာ မအေမရှိတော့တဲ့ သူ့သမီးတွေကို ဖအေလိုရော မအေလိုရော နှစ်ဆချစ်ပေးသတဲ့။ ကလေးတွေငယ်ငယ်ကတည်းက အလုပ်ကိစ္စနဲ့ အပြင်သွားတိုင်း သမီးလေးတွေမှာသမျှ ရှာဖွေ ဝယ်ယူလာပေးတာ တစ်ခေါက်မှ မပျက်ကွက်ခဲ့ဘူး။
သမီးလေးတွေ အရွယ်ရောက်လာတော့ သုံးယောက်စလုံးဟာ ဇာထိုးပန်းထိုးရတာကို ဝါသနာပါကြပြီး တောရိုင်းပန်းကလေးတွေကို စံနမူနာပြု မှီငြန်းပြီး သူတို့ ပိတ်စပေါ်မှာ လက်မှုပညာအဖြစ် ပြန်ထိုးကြသတဲ့။ ဒါ့ကြောင့် သူတို့ညီမတွေရဲ့ ပန်းထိုးလက်ရာတွေဟာ သူများထက် ထူးခြားပြီး ပိုလှနေတာပေါ့။ သူတို့ဟာ သူတို့အဖေ အလုပ်ကိစ္စနဲ့ အဝေးသွားရတိုင်း ငယ်ငယ်တုန်းက ကစားစရာလေးတွေ မှာကြပေမဲ့ ခုတော့ တောရိုင်းပန်းကလေးတွေပဲ မှာကြသတဲ့။
"ပါပါးရေ ဒီတစ်ခါ အရင်နဲ့ မတူတဲ့ တောရိုင်းပန်းကလေးတွေ ခူးလာပေးနော်"
"ခရမ်းရောင်လေးတွေ အဝါရောင်လေးတွေ ရရင် ပိုကောင်းမယ် ပါပါး"
"ရစေရမှာပေါ့ ငါ့သမီးတွေရယ်"
မိန်းကလေးတွေရဲ့ အဖေဟာ အလုပ်ပြီးလို့ ပြန်လာတော့ တောထဲကိုဖြတ်လာတဲ့အခါ သမီးတွေအတွက် တောရိုင်းပန်းကလေးတွေ ခူးဖို့ မမေ့ရှာဘူး။ ဒါပေမဲ့ တလမ်းလုံး ဘာပန်းမှ မတွေ့ဘဲ ဖြစ်နေပါရော။ သမီးတွေကို သိပ်ချစ်တော့ ပန်းကလေးတွေ မပါလာရင် သူတို့လေးတွေ မျက်နှာမကောင်းမှာ စိတ်ပူရှာတဲ့ အဖေဖြစ်သူဟာ ဟိုးတောနက်ထဲထိ တောရိုင်းပန်းကလေးတွေ ဝင်ရှာလိုက်တယ်တဲ့ကွယ်။
သွားရင်း သွားရင်း ရေကန်တစ်ခုနားလည်းရောက်ရော ပန်းကလေးတွေ ရောင်စုံ ပွင့်နေကြတာများ ဒီလောက်လှတဲ့ ရေကန်နဲ့ပန်းကလေးတွေ ဘာလို့ ဒီလောက်တောနက်ထဲမှ လာရှိနေတာလဲလို့တောင် တွေးမိသွားစေတယ်။
သမီးတွေမှာလိုက်တဲ့ ခရမ်းရောင်နဲ့ အဝါရောင် တောရိုင်းပန်းကလေးတွေကို ရွေးခူးနေတုန်း
"ဟိတ် မလှုပ်နဲ့" ဆိုပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကြပ်စွာ ချုပ်နှောင်ခံလိုက်ရသလို ခံစားလိုက်ရတယ်။
ထိတ်လန့်ပြီး သူ့ကို ချုပ်နှောင်ထားတဲ့အရာကို ကြည့်လိုက်တော့ ဒေါသထွက်နေတဲ့ နဂါးကြီးတစ်ကောင် ဖြစ်နေပါရောလား။
"ကျူးမီးငါး"
ကယ်ကြပါဦးလို့ အော်ပေမဲ့ လူသူအရောက်အပေါက်နည်းတဲ့ တောထဲမှာ ဘယ်သူက လာကယ်ပါ့မလဲ။
"ရာရာစစ ငါ့နယ်မြေထဲလာပြီး ငါ့ပန်းတွေကို ခူးရဲတဲ့ အသင်လူသား... သေဖို့သာ ပြင်ပေတော့" လို့ နဂါးကြီးက အသံကျယ်ကြီးနဲ့ ပြောလိုက်တယ်။
"အိုင်းယား...ကျွန်တော်....မ...မ... မသိလို့ ခူးမိတာပါ။ သမီးလေးတွေက တောပန်းလှလှလေးတွေ မှာလိုက်လို့ ခူးမိတဲ့ အဖေတစ်ယောက်ပါ။ ခွင့်... ခွင့်...ခွင့်လွှတ်ပေးပါ.. မသတ်ပါနဲ့ဗျာ" လို့ လက်နှစ်ဖက်နဲ့ အခါခါ ရှိခိုးတောင်းပန်လိုက်တယ်။
နဂါးကြီးက ဒေါသတွေ ပြေလျော့သွားတဲ့ပုံနဲ့
"ဟေ... သမီးလေးတွေ ရှိတယ် ဟုတ်လား...ကောင်းပြီလေ... အသက်ကို ချမ်းသာပေးမယ်.. ဒါပေမဲ့ သမီးတော်တစ်ယောက်ကို ဆက်သရလိမ့်မယ်... သဘောတူလား" လို့ မေးတယ်။
မိန်းကလေးတွေအဖေလည်း လောလောဆယ် အသက်ဘေးက ချမ်းသာဖို့ အရေးကြီးတယ်။ ကျန်တာ မီးစင်ကြည့်ကရမှာပဲဆိုပြီး ကတိပေးလိုက်တယ်။ နဂါးကြီးလည်း အသက်ချမ်းသာပေးတဲ့အပြင် ပန်းတွေ ခူးစေပြီးတော့ ပြန်လွှတ်ပေးလိုက်တော့တယ်။
သူဟာ နဂါးကြီးလက်ထဲက လွတ်ပြီး အိမ်ကိုပြန်လာနိုင်ခဲ့တယ်။ ပန်းလေးတွေပါလာပေမဲ့ မျက်နှာမကောင်းတဲ့ အဖေဖြစ်သူကို သမီးတွေက မေးမြန်းကြတယ်။
"ပါပါးရယ် ခါတိုင်းထက် နောက်ကျလိုက်တာ ဘာတွေဖြစ်လာတာလဲဟင်"
"သမီးတို့ ပါပါးကို စိတ်ပူနေတာ။ ဒါနဲ့ ပါပါး ဒီတစ်ခါခူးလာတဲ့ ပန်းကလေးတွေက လှလိုက်တာ တခါမှ မမြင်ဖူးဘူး"
"ပါပါး နားပါဦး ထမင်းအရင်စားရအောင်နော်"
"မစားတော့ဘူး သမီးတို့ပဲ စားလိုက်ကြနော်" လို့ ပြောပြီး သူဟာ အခန်းထဲက မထွက်တော့ဘဲ စဉ်းစားနေသတဲ့။
"ငါ့သမီးတစ်ယောက်ပေးမယ်လို့ ကတိပေးခဲ့ရပြီ။ ဘယ်လိုလို့ ငါ့သမီးတွေကို နဂါးကြီးတစ်ကောင်နဲ့ ပေးစားရမှာလဲ"
"ငါ ကတိမတည်ခဲ့ရင် နဂါးကြီးက သူ့တန်ခိုးနဲ့ ဘယ်လိုတောင် လာဒုက္ခပေးမလဲ မသိဘူး"
"ငါ့သမီးတွေကရော နဂါးကြီးကို ဘယ်လိုလက်ထပ်နိုင်ပါ့မလဲ ဒုက္ခပါပဲ"
သူ နဂါးကြီးအကြောင်းတွေးရင်း ညတွေ အိပ်မပျော်နိုင်ခဲ့ပါဘူး။ သမီးတွေဟာ သူတို့အဖေ ထမင်းတောင် ထမစားတာကြာတော့ စိတ်ပူလာတယ်။ ဒါ့ကြောင့် သမီးအကြီးက ထမင်းဟင်းတွေ ခူးပြီး အဖေ့အခန်းထဲ လာကျွေးတယ်။
"ပါပါးထမင်းလေး စားပါဦး။ ဘာတွေ စိတ်ညစ်စရာရှိလို့လဲ။ သမီးကို ပြောပြပါ" လို့ မေးလာလို့ ပြောပြလိုက်တဲ့အခါ
"ဟင် ... ပါပါး သမီးလေ ပါပါးကို ချစ်ပါတယ်။ ဒါပေမဲ့လေ သမီး နဂါးကြီးကိုတော့ လက်မထပ်နိုင်ဘူး။ သမီးကို ခွင့်လွှတ်ပါ" လို့ ဖြေတယ်။
နောက်နေ့ သမီးအလတ်ကလည်း ထမင်းဟင်းတွေ ခူးပြီး အဖေ့အခန်းထဲ လာကျွေးတယ်။
"ပါပါး ထမင်းလေး စားပါဦး။ ဘာတွေ စိတ်ညစ်စရာရှိလို့လဲ။ သမီးကို ပြောပြပါ" လို့ မေးလာလို့ ပြောပြလိုက်တဲ့အခါ
"ဟင် ... ပါပါး သမီးလေ ပါပါးကို ချစ်ပါတယ်။ ဒါပေမဲ့လေ သမီး နဂါးကြီးကိုတော့ လက်မထပ်နိုင်ဘူး။ သမီးကို ခွင့်လွှတ်ပါ" လို့ ဖြေပြန်တယ်။
နောက်ထပ်တစ်နေ့ သမီးအငယ်ဆုံးလေးကလည်း ထမင်းဟင်းတွေ ခူးပြီး အဖေ့အခန်းထဲ လာကျွေးတယ်။
"ပါပါး ထမင်းလေး စားပါဦး။ ဘာတွေ စိတ်ညစ်စရာရှိလို့လဲ။ သမီးကို ပြောပြပါ" လို့ မေးလာလို့ ပြောပြလိုက်တဲ့အခါ
"အို ပါပါးရယ်။ ကတိဆိုတာ ပေးပြီးရင် တည်ရမှာပေါ့။ စိတ်မပူဘဲ ထမင်းစားပြီး အရင်လိုနေပါတော့။ သမီး ပါပါးကတိတည်အောင် နဂါးကြီးနဲ့ လက်ထပ်ပြီး ပါပါးကျေးဇူးကို ဆပ်ပါ့မယ်" လို့ ပြောရှာတယ်။
အဖေဖြစ်သူလည်း ဝမ်းနည်းဝမ်းသာနဲ့ ထမင်းတွေပြန်စားပြီး ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သမီးထွေးလေးကတော့ အဖေဖြစ်သူစိတ်ချမ်းသာအောင် နဂါးကြီးနဲ့ လက်ထပ်ရတော့မှာမို့ မပျော်နိုင်ပါဘူး။
"ဘာပဲဖြစ်ဖြစ်လေ။ ငါဆုံးဖြတ်တာ မှန်တယ်။ ငါ့အဖေလည်း စိတ်ချမ်းသာရမယ်။ ကတိမတည်တဲ့သူလည်း မဖြစ်ရတော့ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် အားတင်းထားတယ်။
နောက်တစ်နေ့ ညီအမ သုံးယောက် ပန်းလေးတွေ ထိုးနေတုန်း ပိတုန်းကောင်တစ်ကောင်က တဝီဝီနဲ့ တချိန်လုံး သူတို့နားမှာ ဝဲပျံနေတာ နားကိုညည်းနေရောတဲ့။
သမီးထွေးလေးအနားကိုလာပြီး
"ဝီ ...ဝီ
နဂါးကြီးက မျှော်လှပြီ
သတို့သမီး လာသင့်ပြီ ဝီ....ဝီ" လို့ အော်တယ်။ သမီးထွေးလေးက မလိုက်ချင်လို့ မသိချင်ယောင်ဆောင်နေပေမဲ့ ပိတုန်းလေးက အော်တုန်းပဲ။
"ဝီ ...ဝီ
နဂါးကြီးက မျှော်လှပြီ
သတို့သမီး လာသင့်ပြီ ဝီ....ဝီ"
နောက်ဆုံးနားညည်းလွန်းလာလို့ သမီးထွေးလေးဟာ သည်းမခံနိုင်တော့ဘဲ
"နားညည်းလွန်းလို့ အော်မနေပါနဲ့တော့ လိုက်ခဲ့ပါတော့မယ်...လမ်းသာပြပါတော့" လို့ ဆိုပြီး အဖေနဲ့ အမတွေကို နှုတ်ဆက်ပြီး ပိတုန်းလေး လမ်းပြရာနောက် တောနက်ထဲကို လိုက်ခဲ့ပါတော့တယ်။
နဂါးကြီးဆီရောက်ပါပြီ။ သမီးထွေးလေးက နဂါးကြီးဟာ ရက်စက်ကြမ်းကြုတ်ပြီး မီးတောက်ကြီးတွေနဲ့လို့ ထင်တာပေါ့။ ဒါပေမဲ့ သူထင်ထားတဲ့အတိုင်း မဟုတ်ခဲ့ဘူး။
နဂါးကြီးဟာလေ သူ့ကို ကြင်ကြင်နာနာကြိုဆိုတယ်။ အဆောက်အဦးကောင်းကောင်းမှာ ထားတယ်။ သူဝတ်ဖို့ ပိုးထည်ပိတ်စတွေ၊ သူစားဖို့ စားကောင်းသောက်ဖွယ်တွေ၊ သူ့အတွက် တောပန်းလေးတွေ ထားပေးထားတယ်။ သူ့ကိုလည်း ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။
နဂါးကြီးနဲ့ နေလာတာ ကြာလာလေ သမီးထွေးလေးက ပျော်လာလေပါပဲ။ နဂါးကြီးရဲ့ ပန်းကလေးတွေနဲ့ လှပတဲ့ရေအိုင်လေးမှာ ရေကစားတယ်။ သူဒီမှာမှ မြင်ဖူးတဲ့ တောရိုင်းပန်းကလေးတွေကိုကြည့်ပြီး ပန်းလေးတွေ ထိုးတော့ သူ့ရဲ့ ပန်းထိုးလက်ရာတွေကလည်း ပိုလှလာလို့ ကျေနပ်နေမိတယ်။ နဂါးကြီးက ဂရုတစိုက် လိုလေသေးမရှိထားလို့ သူဟာ နဂါးတစ်ကောင်ကို လက်ထပ်ထားတာကိုတောင် မေ့ပြီး လူတစ်ယောက်လို့တောင် ထင်နေမိပြီလေ။ နဂါးကြီးရဲ့ အသံဟာ ကြမ်းတမ်းပြီး အသားအရည်ကလည်း ခြောက်ကပ်ကြမ်းကြုတ်နေပေမဲ့ အကြည့်နဲ့ နှလုံးသားက နွေးထွေးတယ်လို့ ခံစားမိတယ်။
ဒါပေမဲ့ နဂါးကြီးမှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေပုံပဲ။ သူ့ကြည့်ရတာ တခါတလေ ဝမ်းနည်းနေတဲ့ပုံပေါ်တယ်။
တစ်နေ့တော့ သူတို့နေတဲ့ အဆောက်အဦးရဲ့ မြေကြီးတွေဟာ ခြောက်သွေးအက်ကွဲလာပြီး ပန်းလေးတွေကလည်း ညှိုးနွမ်းလာတယ်။ ရေတွေကလည်း ခမ်းလာတယ်။ သမီးထွေးလေးလည်း နဂါးကြီးသိအောင် ပြောမလို့ လိုက်ရှာပေမဲ့ နဂါးကြီးကို လုံးဝရှာမတွေ့ဘူးတဲ့။
ဒါ့ကြောင့် သူဟာ အနီးပတ်ဝန်းကျင်မှာ ရေလိုက်ရှာပြီး သစ်သားရေပုံးနဲ့ ခပ်ယူလာခဲ့တယ်။ ပြန်လာတဲ့လမ်းမှာ ခင်ပွန်းဖြစ်သူ နဂါးကြီး အားလျော့ခွေလဲနေတာကို တွေ့လိုက်ရတယ်။ သူဟာ နဂါးကြီးကို ပြေးပွေ့လိုက်တယ်။ သူ့ကို ကြင်နာစွာ ပြေးပွေ့တဲ့ သမီးထွေးလေးကို နဂါးကြီးက အသာလေး မျက်လုံးဖွင့်ကြည့်ပြီး
"ကိုယ်ရေငတ်လွန်းလို့ သေရတော့မယ် ထင်တယ်ကွာ" လို့ ပြောလာတယ်။
သမီးထွေးလေးဟာ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေကျပြီး နဂါးကြီးကို မနိုင့်တနိုင်သယ်ပြီး သူရေခပ်ခဲ့ရာ စမ်းချောင်းဆီ ခေါ်လာခဲ့တယ်။ နဂါးကြီးကို ရေထဲထိ သယ်သွားပြီး ရေတွေတိုက် ရေတွေနဲ့ ပွတ်သပ်ချိုးပေးလိုက်တယ်။
အဲဒီအချိန်မှာ နဂါးကြီးဟာလေ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ခန္ဓာကိုယ်ကြီးကနေ တဖြည်းဖြည်းနဲ့ နူးညံ့ခန်းညားတဲ့ လူအဖြစ်ပြောင်းလဲသွားပါရောတဲ့။ သမီးထွေးလေးဟာ သူ့မျက်လုံးသူ မယုံနိုင်အောင် ပုတ်ခတ်ပြီး ကြည့်နေတုန်း နဂါးကနေ လူအဖြစ်ပြောင်းသွားတဲ့ လူငယ်ဟာ သမီးထွေးလေးရဲ့ မေးစေ့လေးကို ယုယုယယနဲ့ ကိုင်ပြီး ပြောလိုက်တယ်။
"ကျေးဇူးပါ ချစ်ဇနီးလေးရေ ... မင်းကြောင့် ကိုယ့်ကျိန်စာတွေ ပြယ်သွားခဲ့တာပါ။ ဟိုးနှစ်တွေမှာ ကိုယ်ဟာ မှော်ဆရာကြီးတစ်ဦးရဲ့ ပြုစားခြင်းကို ခံခဲ့ရတာ။ နဂါးကြီးဖြစ်သွားတော့ စွမ်းအားတော့ရှိသွားတယ်။ ဒါပေမဲ့ သိပ်အထီးကျန်ခဲ့ရတယ်။ မင်းလေးကြောင့်သာ ကျိန်စာတွေ ပြေပြီး ခုလို လူသားအဖြစ် ပြန်ပြောင်းလာရတာပါကွယ်" တဲ့။
ဒီလိုနဲ့ သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာစွာနဲ့ ပျော်ပျော်ကြီး နေထိုင်သွားကြပါတော့တယ်။ အဲဒီနေ့ကစပြီးလည်း သူတို့ရဲ့ ပန်းကလေးတွေကို ဘယ်သူမဆို ခူးခွင့်ပေးလိုက်ပါတော့တယ်တဲ့ကွယ်။
Keep Reading