မောင်ရွှေဘ
စာဖတ်သူမိတ်ဆွေရေ သင်ဟာအောင်မြင်ကျော်ကြားမှု၊ချမ်းသာကြွယ်ဝမှုစတဲ့အရာတွေနဲ့လူအများကြားမှာစူပါစတားဖြစ်ချင်ပါသလား။ဖြစ်ချင်ရင်သင့်အတွက်အတွက်နည်းလမ်းကောင်းတစ်ခု၊လုပ်ကိုလုပ်သင့်တဲ့လမ်းညွှန်ချက်တစ်ခုကိုပြောပြပါ့မယ်။အဲ့ဒီလမ်းညွှန်ချက်ကတော့ ပညာရပ်တစ်ခုတည်းကိုပဲ ကျွမ်းကျွင်ပိုင်နိုင်အောင်၊တစ်ဖက်ကမ်းခတ် လူအများအံ့သြဘနန်းဖြစ်အောင်လေ့လာသင်ယူရမှာပဲ ဖြစ်တယ် မိတ်ဆွေ။
ပညာရပ်တစ်ခုတည်းကိုပဲ ပညာရှင် အဆင့်တတ်မြောက်ခြင်းကဘယ်လောက်အကျိုးများလဲဆိုတာကို ပုံပြင်လေးတစ်ပုဒ်နဲ့ပြောပြမယ်မိတ်ဆွေ။ပုံပြင်လေးကတော့ပန်းပဲပညာတစ်ခုတည်းကိုပဲတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်ရဲ့အကျိုးရရှိပုံပါမိတ်ဆွေ။
ရှေးသရောအခါ ကာသိတိုင်းရှိ ရွာတစ်ရွာ၌ ဆင်းရဲသောပန်းပဲသမားလင်မယားနှစ်ယောက် ရှိသည်။ သူတို့တွင် သားလုလင်ပျိုတစ်ယောက် ရှိသည်။ လုလင်ပျိုသည် ပန်းပဲအလုပ်ကိုပင် လုပ်ကိုင်သည်။ သူသည် ပန်းပဲပညာကို အထူးကြိုးစားသင်ယူထားသဖြင့် ပန်းပဲပညာကို ထူးချွန်စွာ တတ်မြောက်သည်။ ဓားလှံတို့မှအစ အပ်တိုအထိ သံထည်ပစ္စည်းအမျိုးမျိုးကို ထူးခြားစွာ ပြုလုပ်တတ်သည်။ ပန်းပဲလုလင်ပျိုနေထိုင်ရာရွာအနီးတွင် အိမ်ခြေတစ်ထောင်ရှိသော ပန်းပဲရွာကြီးတစ်ရွာရှိသည်။ ထိုရွာရှိ အကြီးအကဲဖြစ်သူ ပန်းပဲဆရာကြီးတွင် သမီးပျိုတစ်ယောက် ရှိသည်။ သူမသည် လှပတင့်တယ်သည်။ လိမ္မာယဉ်ကျေးသည်။ သူမ၏ ဂုဏ်သတင်းသည် အနီးဝန်းကျင်ရှိ ရွာများတိုင်အောင် သင်းပျံ့သည်။ သူမ၏ ဂုဏ်သတင်းကို ပန်းပဲလုလင်ပျိုကြားသောအခါ မမြင်ဖူးဘဲနှင့် မေတ္တာသက်ဝင်မိသည်။ ထို့ကြောင့် သူသည် “မိမိ၏ ပညာစွမ်းကိုပြ၍ မိန်းမပျိုကိုရအောင် ဆောင်နှင်းမည်” ဟူ၍ ကြံစည်ကြိုးစားသည်။
သူသည် အလွန်ကောင်းသောသံဖြင့် အလွန်သေးငယ်သော အပ်တစ်ချောင်းကို ပြုလုပ်သည်။ အပ်တွင် နဖားထွင်းပြီးလျှင် ရေပေါ်၌ ပေါ်အောင် စီမံပြုလုပ်သည်။ ထို့နောက် ထိုအပ်နှင့်အလားတူသော အပ်အိမ်ကို ပြုလုပ်သည်။ အပ်ကို ထိုအပ်အိမ်ထဲတွင် ထည့်သည်။ ထို့နောက် အလားတူ အပ်အိမ်တစ်ခုကို လုပ်ပြန်သည်။ ပထမအပ်အိမ်ကို ဒုတိယအပ်အိမ်၌ ထည့်သည်။ ဤသို့လျှင် အပ်အိမ် အဆင့်ဆင့်ပြု၍ ထည့်သည်။ အပ်အိမ် ခုနစ်အိမ်အထိ ပြုသည်။ ထို့နောက် ယင်းကို အပ်ကျည်တောက်တွင် ထည့်၍ ပန်းပဲရွာသို့ ယူဆောင်သွားလေသည်။
သူသည် ပန်းပဲဆရာကြီး၏ နေအိမ်ရှေ့သို့ ရောက်သောအခါ “အပ်ရောင်းမည်” ဟူ၍ ဟစ်အော်သည်။
ထိုအချိန်တွင် ပန်းပဲဆရာကြီး၏ သမီးပျိုသည် ဖခင်ပန်းပဲဆရာကြီးကို ယပ်ခတ်ပေးနေသည်။ သူမသည် ပန်းပဲလုလင်၏ အသံကိုကြားသောအခါ အိမ်ထဲမှထွက်လာပြီး ညင်သာစွာပြောဆိုသည်။
“မောင်ကြီးရှင့်၊ သည်ရွာသည် ပန်းပဲရွာ ဖြစ်သည်ကို မသိပါသလော။ အခြားရွာမှ အပ်အလိုရှိသူများပင် သည်ရွာသို့လာ၍ ဝယ်ကြရသည်။ မောင်ကြီး၏ အပ်ကို အခြားရွာသို့ သွား၍ ရောင်းပါလေ။”
“နှမငယ်၊ သည်ရွာမှာ ကျွမ်းကျင်သော ပန်းပဲသမားများ နေထိုင်ရာ ရွာဖြစ်ကြောင်း မောင်ကြီးကောင်းစွာ သိပါသည်။ မောင်ကြီး၏အပ်သည် အခြားအပ်များနှင့် မတူ ထူးခြားလှပါသည်။ ထို့ကြောင့် နှမတို့ရွာသို့ လာရောင်းခြင်း ဖြစ်ပါသည်။ မောင်ကြီး၏ အပ်ကို နှမ၏ဖခင်သာ တွေ့မြင်ပါက မောင်ကြီး၏ပညာကို ချီးကျူးကာ နှမငယ်နှင့်ပင် လက်ဆက်ပေးမည် ထင်ပါသည်။”
သူတို့နှစ်ဦး အချီအချပြောနေသည်ကို ပန်းပဲဆရာကြီး ကြားသွားသည်။ ပန်းပဲလုလင်ကို အိမ်ထဲသို့ ခေါ်စေသည်။ လုလင်ပျို ရောက်လာသောအခါ “အမောင်၊ သင့်အပ်ကို ပြပါ”ဟု ဆို၏။
လုလင်ပျိုက “ဖခင်တစ်ဦးတည်း ကြည့်ရသည်ထက် အခြားပန်းပဲဆရာများနှင့်အတူ ကြည့်ရသည်က ပိုကောင်းပါလိမ့်မည်” ဟူ၍ ဆို၏။ သို့ဖြင့် ပန်းပဲဆရာကြီးသည် ရွာတွင်းရှိ အခြား ပန်းပဲဆရာများကိုပါ ခေါ်ယူစုရုံး၍ ကြည့်ရှုစေသည်။
လူစုံသောအခါ လုလင်ပျိုသည် အပ်ကျည်တောက်ကို ထုတ်၍ ပေးသည်။ ပန်းပဲဆရာကြီးသည် အုပ်ကျည်တောက်ထဲမှ အပ်အိမ်ငယ်ကို ထုတ်ယူ၍ ကြည့်ရှုလျက် မေးမြန်းသည်။
“အမောင်၊ သည်အရာသည် အပ်လော။”
“အပ် မဟုတ်သေးပါ။ အပ်အိမ်မျှသာ ဖြစ်ပါသည်။”
ပန်းပဲဆရာကြီးသည် အပ်အိမ်ကို သေချာစွာ စစ်ဆေးကြည့်သည်။ အပ်အိမ်မှာ နဖားပါနေသဖြင့် အပ်အိမ်နှင့်မတူ။ အပ်ဟူ၍ပင် ထင်မှတ်ရသည်။ ထို့ပြင် အပ်အိမ်ဟု ဆိုရလောက်အောင်လည်း အဖုံးကို မတွေ့ရ။ အဆက်၊ အရာ၊ အကြောင်းကိုလည်း မတွေ့ရ၊ အံ့ဖွယ်ပင်။
ထိုစဉ် လုလင်ပျိုသည် ပန်းပဲဆရာကြီးလက်မှ အပ်အိမ်ကိုယူလျက် လက်သည်းဖြင့်ခြစ်၍ အပ်အိမ်ခုနစ်ခုကို တစ်ခုပြီးတစ်ခု ချွတ်ပြသည်။ နောက်ဆုံးတွင်မှ အပ်ငယ်ပေါ်ထွက်လာသည်။
လုလင်ပျိုက “ဖခင်၊ ဤကား အပ်ဖြစ်ပါသည်” ဟု ဆို၍ အပ်ကို ပန်းပဲဆရာကြီးထံ လှမ်းပေးသည်။ ပန်းပဲဆရာကြီး၊ ကျန်ပန်းပဲ ဆရာများနှင့် ပရိသတ်အားလုံးပင် အံ့ချီးမဆုံးရှိကြသည်။
လုလင်ပျိုသည် ထိုမျှဖြင့် ရပ်တန့်မနေ။ မိမိ၏ အပ်အစွမ်းကို ပြရန်အတွက် ပေခုံကိုလည်း တောင်းသည်။ ရေအပြည့်ထည့်ထားသောကြေးခွက်ကိုလည်း တောင်းသည်။
သူတောင်းသော ပစ္စည်းများကိုရသော် လုလင်ပျိုက ပန်းပဲယောက်ျားကြီးတစ်ဦးအား ပေခုံကို ကိုင်ထားစေသည်။ အခြားတစ်ဦးအား ထိုပေခုံအောက်တွင် ရေထည့်ထားသောကြေးခွက်ကို ကိုင်ထားစေသည်။
အားလုံးအသင့်ဖြစ်ကြသော် သူသည် အပ်ကို ပေ၌စိုက်၍ တူဖြင့် တအားထုချလိုက်သည်။ ထိုအခါ အပ်သည် ပေခုံကို ထုတ်ချင်းခက်ဖောက်ထွင်းကာ ရေခွက်ထဲသို့ ကျသွားသည်။ ကျရာတွင် ရေအောက်သို့လည်း ရောက်မသွား၊ ရေမျက်နှာပြင်ပေါ်တွင်လည်း ပေါ်မနေ။ ရေလယ်တွင်သာ တည်နေသည်။
“ငါတို့သည် ဤမျှကောင်းမွန်လှသော၊ အစွမ်းထက်လှသောအပ်မျိုးကို လုပ်တတ်ရန် ဝေးစွ။ မြင်မျှပင် မမြင်ဖူးပါ။ ယခုမှသာ မြင်ဖူးပါတော့သည်” ဟူ၍ ပန်းပဲဆရာ အားလုံးက ဝန်ခံပြောဆိုကြ သည်။ လက်ပမ်းပေါက်ခတ် ချီးကျူးကြသည်။
ပန်းပဲဆရာကြီးသည် လုလင်ပျို၏ ပညာအစွမ်းကို အလွန်နှစ်သက်သွားသည်။ ထိုနေရာမှာပင် မိမိ၏သမီးပျိုနှင့် လက်ထပ် ထိမ်းမြား ပေးလေသည်။
ဒါ့ကြောင့် မိတ်ဆွေရေသင်ဟာကျောင်းသားဆိုရင်လည်းဘာသာရပ်မျိုးစုံကိုအခြေခံပိုင်အောင်သိပြီးဘာသာရပ်တစ်ခုကိုတော့တစ်ဖက်ကမ်းခတ်ကျွမ်းဖို့လိုပါတယ်။စီးပွားရှာသူဆိုရင်လည်း အလုပ်တစ်ခုလုပ်ရာမှာဖြစ်ဖြစ်၊ကုန်ပစ္စည်းတစ်ခုထုတ်ရာမှာဖြစ်ဖြစ် လုပ်ငန်းတစ်ခုထဲကိုပဲ ယှဉ်သူမရှိနိုင်တဲ့အထိကြိုးစားလုပ်ဆောင်မယ်ဆိုရင် လူအများကြားမှာစူပါစတားဖြစ်ပြီးအောင်မြင်ချမ်းသာနိုင်မယ်ဆိုတာဟာ မြေကြီးလက်ခတ်မလွဲမှန်ကန်တဲ့အကြောင်းလမ်းညွှန်လိုက်ရပါတယ်မိတ်ဆွေ။
#မောင်ရွှေဘ
Keep Reading