KhatSit
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် နဲ့ ဗုဒ္ဓဘာသာ ဝင်စစ်စစ် ဆိုပြီးတော့ ၂ မျိုး ၂ စားရှိပါတယ် ။ မိရိုးဖလာ ဗုဒ္ဓဘာသာ ဝင်ကတော့ မိဘတွေက ဗုဒ္ဓဘာသာဝင်မိုလို့ ကိုယ်တိုင်ကဗုဒ္ဓဘာသာ ဝင်ဖြစ်လာတယ် ။ ဗုဒ္ဓဘာသာဝင်စစ်စစ်ကတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို အစစ်အမှန်နားလည်တဲ့ သူတွေကို ခေါ်ဆိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသက် ၂၄ နှစ်လောက်ထိ မိရိုးဖလာ ဗုဒ္ဓဘာသာ ဝင်အဖြစ်သာ နေထိုင်ခဲ့ပါတယ် ။
သိပ်မကြာခင်ကမှ ကျွန်တော့်ရဲ့ အထက်လူကြီးဖြစ်တဲ့ မန်နေဂျာ မှ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဦးစီးဆောင်ရွက်နေတဲ့ သုတဓမ္မဆိုတဲ့ သင်တန်းကို လမ်းညွှန်ပြသခဲ့တဲ့ အတွက် ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်နိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦးဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော်လို လူငယ်တွေ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်စေဖို့အတွက် ထိုသင်တန်းကို လေ့လာနိုင်စေရန် ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးဖွဲ့ခြင်းဖြစ်ပါတယ် ။ ဒီဆောင်းပါးမှာ ရေးသားဖော်ပြချက်တွေဟာပါမောက္ခချုပ် ဆရာတော်ဘုရားကြီးက တဆင့်ဟောကြားပေးခဲ့အတွက် သိရှိလာတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေထဲက မြူမှုန်တစ်မှုံစာမျှသာ ရှိတဲ့ ကျွန်တော့်ရဲ့ အသိလေးကို ဝေမျှခြင်းပင်ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အများစု နှင့် ထိုသင်တန်းကို မတက်ရသေးခင်အထိ ကျွန်တော်ကိုယ်တိုင် ရောလက်ခံထားတဲ့ အသိတစ်ခုရှိပါတယ် ။ ထိုအသိတစ်ခုက ဗုဒ္ဓရဲ့တရားတော်တွေဟာ လောကုတ္တရာစာပေ တွေဖြစ်တယ် ၊ ဘုန်းကြီးစာတွေဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အသိပဲဖြစ်ပါတယ် ။ ဒါပေမဲ့ ဒီသုတဓမ္မ ဆိုတဲ့ သင်တန်းကိုလေ့လာကြည့်လိုက်တဲ့အခါမှာတော့ ထိုအသိဟာ လွဲမှားနေတယ်ဆိုတဲ့ အသိလေးကို ရရှိ လာပါတယ် ။ ဘာလို့လဲဆို ဗုဒ္ဓရဲ့တရားတော်တွေဟာ လောကုတ္တရာကိုဦးတည်ပြီး ဟောခဲ့ပေမဲ့ လောကမှာ နေဖို့ ၊ ထိုင်ဖို့ ၊ စီးပွားရေးလုပ်ဖို့ ၊ လှုမှုရေး နဲ့ နိုင်ငံရေးဆိုတာ အဆင်တပြေရှိဖို့ဆိုပြီး နည်းလမ်းအမျိုးမျိုးကို ဟောကြား တော် မှုခဲ့တာကို လေ့လာသိရှိခဲ့ပါတယ် ။
မြတ်စွာဘုရားက လူရယ်လို့ဖြစ်လာရင် ဉာဏ်မျက်စိ (၂) မျိုးရှိရမယ်လို့ “ အင်္ဂုတ္တရနိကာယ် ၊ အန္ဓသုတ္တန် မှာ ဟောကြားတော်မူခဲ့ပါတယ် ။ ထိုမျက်စိ (၂) မျိုးကတော့ စီးပွားမျက်စိ နဲ့ ဓမ္မမျက်စိ ဖြစ်တယ်လို့ သိရှိရပါတယ် ။ စီးပွားမျက်စိဆိုတာကတော့ မရှိသေးတဲ့ စည်းစိမ်ဥစ္စာကို ရရှိအောင် ၊ ရရှိပြီးသား စည်းစိမ်ကို တိုးပွာအောင် လုပ်တတ်တဲ့ နည်းပညာတွေ တတ်ကျွမ်းတာကိုဆိုလိုပါတယ် ။ ဓမ္မမျက်စိဆိုတာကတော့ ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး အကောင်းအဆိုး ၊ အကြောင်းအကျိုးခွဲခြားသိတာကို ဆိုလိုခြင်းဖြစ်ပါတယ် ။ ထိုမျက်စိ (၂) မျိုးနှင့်ပြည့်စုံမှ လောကမှာ လူရယ်လို့ဖြစ်လာရင် ပြည့်စုံတဲ့လူသား ၊ အကောင်းဆုံးလူသားဖြစ်မယ်လို့ ဟောကြားတော်မူခဲ့ပါတယ် ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ ထိုမျက်စိ (၂) မျိုးက ကျွန်တော်တို့လူသားတွေအတွက် အရေးကြီးဆုံးလို့တောင် ပြောလို့ရပါတယ် ။ မကောင်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ချမ်းသာနေတဲ့ လူက ဓမ္မမျက်စိကန်းနေတဲ့ လူနဲ့တူပြီးကိုယ်ကျင့်တရား ကောင်းပြီး မချမ်းသာတဲ့လူကလည်း စီးပွားမျက်စိကန်းနေတဲ့ လူပဲဖြစ်ပါတယ် ။ ဒါကြောင့် အအောင်မြင်ဆုံးလူဖြစ်ချင်ရင် ထိုမျက်စိနှစ်မျိုးရှိဖို့အရေး ကြီးပါတယ် ။
ဗုဒ္ဓမြတ်စွာလက်ထက်တော် ကာလတုန်းက ကောလိယတိုင်း ၊ “ ကက္ကရပတ္တ”မြို့ ကို ရောက်ရှိနေချိန်မှာ ထိုမြို့မှာရှိတဲ့ မြို့သားတွေကို “ ဒီဃဇာဏု” ဆိုတဲ့အမျိုးသား ဦးဆောင်ပြီးတော့ မြတ်စွာဘုရားရှင်ထံ ဝင်ရောက်ပြီး မေးခွန်းတချို့ကိုမေးမြန်းလျှောက်ထားကြပါတယ် ။ အရှင်ဘုရား တပည့်တော်တို့ဟာ ဒီဘဝမှာလည်း ချမ်းချမ်းသာသာနေချင်တယ် ၊ နောင်ဘဝမှာလည်း ကောင်းရာဘုံဘဝရောက်ချင်တယ် အဲ့လိုဖြစ်နိုင်တဲ့ အကြောင်းကောင်းတွေရှိပါသလား ဆိုပြီး လျှောက်ထားကြပါတယ် ။ မြတ်စွာဘုရားက ရှိတယ် ၊ ဒီဘဝအတတွက် “ ဟိတ” ဆိုတဲ့အခြေအနေကောင်းတွေရရှိပြီး “သုခ” ဆိုတဲ့ ချမ်းသာသုခကို ရရှိစေနိုင်တဲ့ အချက်လေးချက်ရှိတယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ် ။
ထိုအချက်လေးချက်ရဲ့ ပထမ အချက်ကတော့ “ဥဋ္ဌာနသမ္ပဒါ” - ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သတ်ပြီးတော့ ကြိုးကြိုးစားစားလုပ်ကိုင်ရမယ်လို့ဆိုပါတယ် ။ အဲ့လိုကြိုးကြိုးစားစားလုပ်ကိုင်ရမယ်ဆိုတဲ့ အချက်တွေထဲမှာမှ “ဒက္ခ” ဆိုတဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိရမယ် ၊ “ အနလသ” ဆိုတဲ့ ဇွဲကောင်းမှုရှိရမယ် ၊ “ ဥပါယဝီမံသာ” ဆိုတဲ့ နည်းပညာ ရှိရမယ်ဆိုပြီး ဟောကြားတော်မူပါတယ်။ ဒုတိယအချက်ကတော့ “အာရက္ခသမ္ပဒါ” ဆိုတဲ့ ထိန်းသိမ်း စောင့်ရှောက်မှု ရှိရမယ်လို့ ဆိုပါတယ် ။ လောကမှာ စီးပွားရေးတွေတိုးတက်လာတယ် ငွေတွေအမြောက်အများ ဝင်လာပြီဆို အရေးကြီးဆုံးက ထိုလုပ်ငန်းနဲ့ ဝင်ငွေတွေကို မဆုံးရှုံးသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ဆိုပါတယ် ။ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို ရန်သူမျိုးငါးပါးရန်ကနေ ကင်းဝေးအောင် အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ဟောကြားတော်မူထားပါတယ် ။ ဒါကလည်း အခုလက်ရှိဘဝမှာ စီးပွား တိုးတက်ဖို့အတွက် အင်မတန်လိုအပ်တဲ့ အကြောင်းတရားတစ်ခုလို့ပြောချင်ပါတယ် ။
တတိယမြောက်အချက်ကတော့ ကျွန်တော်တို့တွေ အားလုံးသိရှိပြီးသား ဖြစ်တဲ့ “ ကလျာဏမိတ္တတာ” ဆိုတဲ့ မိတ်ကောင်းဆွေကောင်းတွေ ရှိရမယ်လို့ ထပ်မံပြီး ဟောကြားထားပါတယ် ။ စီးပွားရေးနဲ့ပတ်သက်ပြီး အကြံပေးမည့် မိတ်ဆွေ ၊ အကျင့်စာရိတ္တကောင်းတဲ့မိတ်ဆွေ ၊ အသိပညာတွေ ဝေမျှပေးတဲ့ မိတ်ဆွေ ဒီလိုမိတ်ဆွေကောင်းတွေ ရှိနေဖို့လည်း အရေးကြီးပါတယ် ။ နောက်ဆုံးတစ်ချက်ကတော့ “ သမဇီဝိတာ” ရှိရမယ်လို့ ဟောကြားတော်မူပါတယ် ။ “သမဇီဝိတာ” ဆိုတာက ဘာလဲဆို ကိုယ့်ရဲ့ ဝင်ငွေနဲ့ထွက်ငွေကို အမြဲတမ်း ညှိပြီး သုံးစွဲတာကိုဆိုလိုပါတယ် ။ ကိုယ့်ရဲ့ တစ်လဝင်ငွေက လေးသိန်းပဲရှိပါလျက်နဲ့ ကိုယ့်အသုံးစားရိတ်က လေးသိန်းထက်ပိုနေရင် ဘယ်လိုလုပ်စီးပွားဖြစ်တော့မလဲလို့ဆိုပါတယ် ။ ဒါကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့လိုတယ်လို့လည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူခဲ့ပါတယ် ။
ဒီကနေ့ခေတ် စီးပွားဥစ္စာတိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ ထိုအချက်လေးချက်စလုံးနဲ့ ပြည့်စုံနေတာကို တွေ့ရပါတယ် ။ မြတ်စွာဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ဒီအချက်တွေကို ဟောကြား တော်မူခဲ့ပါတယ် ။ မည်သည့်ပုဂ္ဂိုလ် မည်သည့်ဘာသာဝင်ပဲဖြစ်ပါစေ ထိုလေးချက်အတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆို စီးပွားရေးက တိုးတက်လာမယ်ဆိုတာ သေချာပါတယ် ။ ဒါက ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပဲဖြစ်ပါတယ် ။
တော်တော်များများက ဗုဒ္ဓဘာသာဝင် ဖြစ်ပေမဲ့ ဗုဒ္ဓစောကြားခဲ့တဲ့ တရားတော်တွေဟာ “ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ” စသဖြင့်ဟောတယ် ၊ သံသရာက ငြီးငွေ့ဖို့ဟောတဲ့အတွက် ငါတို့လို လူပုဂ္ဂိုလ်တွေနဲ့ မဆိုင်ဘူးလို့ ထင်မြင် မိကြပါတယ် ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သံသရာမှ လွတ်မြောက်ကြောင်းတရားကိုလည်း ဟောကြားသလို သံသရာမှာ ကျင်လည်နေခိုက်မှာလည်း ချမ်းသာသုခရစေဖို့ တရားတော်တွေကိုလည်း ဟောကြားတော်မူခဲ့တာကို ကျွန်တော်တို့တွေ သိရှိဖို့လိုပါတယ် ။
ကြီးပွားတိုးတက်နေတဲ့ နိုင်ငံတွေ ၊ ကြီးပွားတိုးတက်နေတဲ့ လုပ်ငန်းတွေ ၊ ကြီးပွားတိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ မြတ်စွာ ဘုရား ဟောကြားတာ်မူခဲ့တဲ့ တရားတွေကို မသိသော်လည်း မြတ်စွာဘုရားဟောကြားခဲ့တဲ့ အချက်အလက် တွေနဲ့ပြည့်စုံတယ်လို့ဆိုနိုင်ပါတယ် ။ သူတို့မှာ လုပ်ငန်းကျွမ်းကျင်မှုရှိတယ် ၊ မိတ်ကောင်း ဆွေကောင်းတွေရှိတယ် ၊ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အရည်အချင်းတွေရှိတယ် ၊ ဝင်ငွေထွက်ငွေကို မျှတစွာသုံးစွဲတတ်တဲ့ အရည်အချည်းတွေနဲ့ ပြည့်စုံနေကြပါတယ် ။
ဒီတရားတော်တွေကို ကြည့်မယ်ဆို မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေဟာ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေအတွက်ပါ အကျိုးရှိတယ်ဆိုတဲ့ အသိလေးတစ်ခု တိုးပွားလာပါတယ် ။ ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေဟာ လောကုတ္တရာစာပေ တွေဖြစ်တယ် ၊ ဘုန်းကြီးစာတွေဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အသိဟာ လွဲမှားနေကြောင်းကို သိရှိလာမှာပဲဖြစ်ပါတယ် ။
ကျွန်တော်သိတဲ့ အသိလေးတစ်ခုကို ကျွန်တော်လို့ လူငယ်တွေသာမက လူတိုင်းကိုသိရှိစေတဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီဆောင်းပါးလေးကို ရေးဖွဲ့ခြင်းဖြစ်ပါတယ် ။ နောက်ပြီး သုတဓမ္မဒီုပလိုမာ သင်တန်းလေးကို လေ့လာကြည့်ဖို့တိုက်တွန်းပါရစေ ။
ကိုးကား ။ ။ သုတဓမ္မဒီပလိုမာ level- 1 ( မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ)
Keep Reading