ဂျိုဇော်
အင်းဝရဲ့အရှေ့ဘက်ကမ်း၊ကျွန်တော့်ဇာတိမြေဟာတကယ့်ထူးဆန်းထွေလာပဲ။ဦးစံမင်းကြီးအကြောင်းဆို ခုထိ ပြောကြတုန်း။ ဦးစံမင်းကြီးက သူ့ကိုယ်သူ ဒုတိ ယအင်းဝခေတ်က ဝမ်းဘဲအင်းစံမင်း ဝင်စား တာတဲ့။လမ်းစဥ်ပါတီဥက္ကဋ္ဌကြီးလွန်ရင်နောက်တက်မယ့် မင်း လောင်းဟာသူပဲတဲ့။ဥက္ကဋ္ဌကြီးဆီ စာလှမ်းရေးလို့ အဘစစ်အဆေးတွေတော်တော်ရှုပ်သွားခဲ့ ပါရောလား။
အဲသည်အချိန်မှာ ကျွန်တော့် ဘကြီး ဦးနွဲ့က ယဲ့ယဲ့လေးပြုံးလို့။မဲ့မဲ့လေးပြုံးလို့ပေါ့။"ဘကြီးနွဲ့ရေ..ဦးစံမင်းကြီးက တကယ်လား " လို့ ကျွန်တော်ကမေးတော့ ၊ " ဟုတ်ချင်လည်း ဟုတ်မှာပေါ့ကွာ.." တဲ့။ရာဇဝင်ဗဟုသုတ နှံ့စပ်တဲ့ ဘကြီးက မငြင်းဘူးဗျ။ "ဟာ..ဒါဆို ဦးစံမင်းကြီးက အကောင်ပေါ့.."လို့ပြောတော့.. "နန်းဆက်ပြတ်လို့ သူများတင်မှ ဘုရင်ဖြစ်ရတာ။ မထင်မရှားပါကွာ.." တဲ့။ စကားတွေ ဆက်ပြောတော့ ကျွန် တော်မျက်လုံးပြူးသွားတယ်။
" မင်း..ပင်းယမြို့တည်နန်းတည် တစီးရှင်သီဟသူ ဆိုတာ ကြားဖူးလား.."
" ကြားဖူးတယ်ဗျ။ဆင်ဖြူတော်တစ်စီး ပိုင်တဲ့ဘုရင် "
" အေး..သူ့သား..ငါးစီးရှင်ကျော်စွာ ကော ကြားဖူးလား "
" ကြားဖူးတယ်ဗျ။ဆင်ဖြူငါးစီးပိုင်တယ်။ ရာဇဝင်မှာ ထင်ရှားတယ် "
" အေး..လျှောက်မပြောနဲ့ဦး။ တစီးရှင်က ငါ့အဖေ။ငါးစီးရှင်ဆိုတာ ငါ ပဲကွ "
" ဗျာ.."
ကျွန်တော်..ပြူးသွားတဲ့မျက်စိကို မျက်တောင်မခတ်အားဘူး။ ဘကြီးနွဲ့ရဲ့ ဘုရားစင်ကို ငေးကြည့်နေမိတယ်။ဘုရားဆင်းတုတော်ဘေး၊တစ်ဖက်တချက်မှာဆင်ဖြူသုံးကောင်စီရံထားတာဗျ။ဆင်ဖြူ ခြောက်စီး။ငါးစီးရှင်ထက်တောင် တစ်စီးပိုနေသေး။သူ့ ဆင်ဖြူတွေကစက္ကူနဲ့၊နှီးနဲ့အရုပ်ချိုးပြီးဆေးခြယ်ထားတာ။ကျွန်တော်သိသားပဲ။ရတနာဂူနတ်ပွဲစျေးတန်း၊အရုပ်ဆိုင်ကဝယ်ထားတာ။
ခက်တာက..သူ့အလှည့်ကျ.. စာလှမ်းရေးဖို့ရာ၊ ဥက္ကဋ္ဌကြီးကလည်း မရှိတော့ဘူး။
#ဂျိုဇော်
#ခြောက်စီးရှင်ဦးနွဲ့
Keep Reading