မိုးနှောင်းအလင်္ကာ
တတိယမြောက် ဒီအချိန်ကို လွမ်းမိပြန်ပြီ။ ပိတောက်တွေရယ် တိုင်းတပါးကနေ သင်းရနံ့ ရမိပါတယ်။ ကျွန်မ ထိုင်းမှာ အိမ်ဖော်လာလုပ်တာ ဒီနှစ်နဲ့ဆို သုံးနှစ်ပြည့်ပြီ။ ရိုးရာသင်္ကြန်တွေ၊ မုန့်လုံးရေပေါ်တွေ၊ ပိတောက်နဲ့ မြန္ဒာ ပြီးတော့ ထိုမျက်ဝန်းတွေ အို... ကျွန်မအကုန်လွမ်းသည်။
ထိုင်းမှာ ဆုန်ခရန် (ထိုင်းရေပွဲတော်) ရှိပေမဲ့ ကျွန်မ ဒီသုံးနှစ်လုံး မပျော်ခဲ့ပါ။ တိုင်းတစ်ပါးကို လာရခြင်းဟာ ကိုယ့်နိုင်ငံမှာ အဆင်မပြေခြင်းများစွာနဲ့ အတူ ထိုမျက်ဝန်းစူးစူးတွေကို မေ့ဖျောက်ပစ်ဖို့။
ကျွန်မအလုပ်လုပ်တဲ့ အိမ်မှာ အဖွားကြီးတစ်ယောက်နဲ့ သူဌေးမ သားအမိဘဲ ရှိတယ်။ သူဌေးမက တစ်နေ့လုံး အပြင်ထွက်ပြီး ညဘက်မှပြန်လာတတ်သည်။ သမီးဖြစ်သူကလည်း အထက်တန်းကျောင်းသူမို့ ညနေပိုင်းသာ အိမ်မှာရှိတတ်တယ်။ နေ့တိုင်း အိမ်အလုပ်တွေ လုပ်ရင်း သုံးနှစ်တာ ကုန်လွန်သွားတယ် ဆိုပါတော့။
ထိုင်းသံဝဲဝဲကလေးနဲ့ ဗမာစကားကို ရည်လည်စွာ ပြောတတ်နေပြီဖြစ်သော ထိုအထက်တန်းကျောင်းသူ ထိုင်းမလေးကို ကြည့်ရင်း မမြတ်မေ အတွေးတို့ဝင်လာသည်။
တစ်နေ့တာ ကုန်ဆုံးသွားသည်နှင့်အတူ အထက်တန်းကျောင်းသူကလေး အိမ်ကိုပြန်ရောက် ရောက်ခြင်းမှာ လှန်းအော်လိုက်သည်က
သုံးနှစ်ဆိုပေမဲ့ ထိုကလေးမက မမြတ်မေ အပေါ်တော့ သံယောဇဥ်ရှိပါသည်။ ဒါ့အပြင် နှစ်တိုင်း ဒီလို အချိန်ရောက်တိုင်းမှာ မြန်မာနိုင်ငံရဲ့ သင်္ကြန်ရိုးရာ အကြောင်း၊ မုန့်လုံးရေပေါ် နဲ့ ယိမ်းသမား လေးတွေအကြောင်းကို မမြတ်မေက စီကာပတ်ကုံး ပြောပြတတ်သေးသည်။ ယခုညလည်း ပြောပြရန် စကား စလာချေပြီ။
ထိုင်းမှာက ဆုန်ခရန် ဆိုပေမဲ့ မြန်မာ မှာဆိုရင် သင်္ကြန်ပေါ့။ သင်္ကြန် ဆိုတဲ့ စကားလုံးက သင်္ကန္တ လို့ခေါ်တဲ့ ပါဠိပုဒ် ဘာသာကလာတဲ့ သက္ကတရရစ်သံနဲ့ သင်္ကြန် ဆိုတဲ့ မြန်မာစကား ဖြစ်ပေါ်လာတာ။ သင်္ကန္တ၏အနက်ကတော့ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းလို့ ဆိုတယ်။
မြန်မာလူမျိုးတို့ရဲ့ ကျင်းပမြဲ၁၂ ရာသီပွဲတော်များမှာ သင်္ကြန်ရေသဘင် ပွဲတော်ဟာ အလွန်ကြီးကျယ်စည်ကားသော ပွဲတော်တစ်ခု ဆိုလည်း မမှားဘူး။ ပြီးတော့ သင်္ကြန်မှာလည်း သင်္ကြန်ဘယ်လို ဖြစ်ပေါ်လာလည်း ဆိုတာတွေရဲ့ ပုံပြင်တွေ၊ ရာဇဝင်တွေ၊ နဲ့ သတိကပ်သင့်တဲ့ဖြစ်ရပ်မှန် တွေလည်းရှိတယ်။
သိကြားမင်းနဲ့ ဗြဟ္မာမင်းကြီး အငြင်းပွားကြ တဲ့ အခါမှာ သိကြားမင်းအနိုင်ရတဲ့ အတွက် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို ရရှိခဲ့တယ်။ ဗြဟ္မာမင်းကြီး က တန်ခိုးအင်မတန်ကြီးတဲ့ အတွက် အဲ့ဒီ ဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချမယ် ဆိုရင် ရေခန်းမယ်။ မြေကြီးမှာထားရင် မီးလောင်ပျက်စီးကြမယ်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမယ် ဆိုတော့ သိကြားမင်းက ဘယ်နေရာမှ ထားလို့မရဘဲ လက်ထဲမှာသာ ကိုင်ထားရတယ်တဲ့။
နောက်ပိုင်းမှာတော့ တန်ခိုးကြီးတဲ့ နတ်မင်းကြီး တွေကို တာဝန်လွှဲပြီး တစ်နှစ်မှာ နတ်မင်းတစ်ပါးကဦးခေါင်းကြီးကို ထိန်းသိမ်းထားဖို့ ဖြစ်လာခဲ့တယ်။ အဲ့ဒီဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန် အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး အဲ့ဒီအကူးအပြောင်းကာလကို 'သင်္ကန္တ'အခါဟု ဆိုကြတယ်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်ကြတယ်။
အဲ့ဒီ ကာလာမှာ သိကြားမင်းဟာ လူ့ပြည်မှာ ကောင်းမှုကုသိုလ်ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားဖို့အတွက် လူ့ပြည်ဆင်းပြီး ဆောင်ရွက်လေ့ရှိသတဲ့။ ကောင်းတာလုပ်တဲ့သူနဲ့ မလုပ်တဲ့သူကို မှတ်တမ်းနဲ့ပါ ရေးထားတယ်လို့ဆိုတယ်။ ကောင်းတာ လုပ်တဲ့သူတွေကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မ ကောင်းတာ လုပ်တဲ့ သူတွေကို ခွေးသားရေတွင် ရေးမှတ်တယ်တဲ့။
တကယ်က ဖိမေတို့ ဘုရားရှင်လက်ထပ်တော် တုန်းက နတ်၊သိကြားတွေဟာ သန်းခေါင်အချိန် တနည်းအဖြင့် လူတွေ အိပ်သွားတဲ့ အချိန်မှသာ တရားလာနာ တယ်တဲ့။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဆီကလာတဲ့ အစာဟောင်း အနံ့ကို မခံနိုင်ကြလို့ ဆိုတယ်။
မိဖုရားစောလုံဟာ ရှမ်းပြည်မှ သီပေါစော်ဘွားကြီးရဲ့ သမီးတော်တစ်ပါးဖြစ်ပြီး “တရုတ်ပြေးမင်း” လို့ လူသိများတဲ့ “နရသီဟပတေ့မင်း” ရဲ့ မိဖုရားတွေထဲက တစ်ပါးဖြစ်တယ်။
နရသီဟပတေ့မင်းဆိုတာကတော့ အလောင်းစည်သူမင်းကြီးရဲ့ မြေးတော်၊ ဥဇနာမင်းကြီးရဲ့ သားတော်ဖြစ်ပြီး ပုဂံမင်းဆက်ရဲ့ ၅၂ ဆက်မြောက်မင်းလည်း ဖြစ်တယ်။ နရသီဟပတေ့မင်းဟာ ပုဂံထီးနန်းကို နှစ်ပေါင်း ၃၀ ကျော် သိမ်းပိုက်စိုးစံနိုင်ခဲ့တာကြောင့် နန်းသက်ရှည်တဲ့ဘုရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ပြီး ရာဇဝင်ကျမ်းတွေရဲ့ ရေးသားဖော်ပြချက်အရဆိုရင်တော့ သူက ကျန်းမာရေးလည်း အလွန်ကောင်းမွန်သလို သမ်းဝေခြင်း၊ နှာချေခြင်းမျှပင်မဖြစ်ဖူးတဲ့သူလို့လည်း သိရတယ်။
ဒါ့အပြင် အစားအသောက်ကိုလည်း ခုံမင်နှစ်ခြိုက်သူဖြစ်တာကြောင့် ပွဲတော်တည်တဲ့အခါမျိုးမှာ ဟင်းခွက်အရေအတွက် ၃၀၀ ပြည့်တော့မှသာ ပွဲတော်တည်လေ့ရှိတဲ့မင်းတစ်ပါးအဖြစ်လည်း သမိုင်းမှတ်တမ်းတင်ခြင်းခံထားရတယ်။
ပြီးတော့ နရသီဟပတေ့မင်းဟာ အကျီစားသန်သလို အမျက်ဒေါသလည်း ကြီးပြီး စိတ်မထင်ရင် မထင်သလို ပြုလုပ်တတ်သူဖြစ်တယ်။
အထူးသဖြင့် အိပ်ရာနိုးလာတဲ့အခါမှာဆိုရင် အနီးအနားမှာရှိတဲ့ လက်နက် (ဒါမှမဟုတ်) အရာ၀တ္ထုပစ္စည်းတစ်ခုခုနဲ့ ဘေးနားမှာရှိတဲ့ ရံရွှေတော်တွေ၊ မှူးမတ်တွေကို ပစ်ပေါက်တတ်တဲ့ အကျင့်လည်းရှိတယ်။
ဒါပေါ့ နန့်ပန်ရဲ့ အဲ့တာကြောင့် မိဖုရားစောလုံဟာ နရသီဟပတေ့မင်းကြီး အိပ်မောကျနေတဲ့အချိန်တွေမှာဆိုရင် လက်နက်တွေ၊ ပစ္စည်းတွေကို သိမ်းဆည်းထားရပြီး ပစ်ပေါက်လို့ ထိခိုက်မိတဲ့အခါမှာ နာကျင်ခြင်းမရှိစေတဲ့ ခရမ်းသီးတွေ၊ သံပုရာသီးတွေကို ပြောင်းလဲထားရှိပေးရတယ်။
နရသီဟပတေ့မင်းကြီးဟာ သူ့ရဲ့မိဖုရားတွေထဲမှာဆိုရင် မိဖုရားစောလုံကို အမြတ်နိုးဆုံးဖြစ်ပြီး မိဖုရားခေါင်ကြီးဖြစ်တဲ့ မိဖုရားဖွားစောကိုတော့ အရိုသေဆုံးဖြစ်တယ်လို့ ဆိုကြတယ်။
ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့ မိဖုရားစောလုံဟာ ရှမ်းသွေးပါသူပီပီ အလှသွေးကြွယ်ဝသလို အိန္ဒြေသိက္ခာကြီးမားပြီး ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းတတ်သူဖြစ်တာကြောင့် သူ့ရဲ့အချိန် အများစုကို ဘာသာရေးနဲ့သာ ကျော်ဖြတ်လေ့ရှိတယ်။ ဒါ့အပြင် နန်းတော်အတွင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့အခါမှာဆိုရင်လည်း ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲ ဘေးတစ်နေရာမှာသာ အသာအယာစံမြန်းနေတတ်သူကွဲ့။
ဒီလိုအရှက်အကြောက်ကြီးမားလွန်းတဲ့ မိဖုရားစောလုံရဲ့ ကြမ္မာငင်မှုက တစ်ခါသော နွေရာသီချိန် ဧရာဝတီမြစ်ကမ်းနံဘေးမှာ အတာသင်္ကြန်ပွဲကျင်းပခဲ့ရာကနေ စတင်တာပေါ့။
အဲဒီတုန်းက နရသီဟပတေ့မင်းကြီးဟာ သင်္ကြန်ပွဲမှာ ရေကစားဖို့အတွက် လူအများမမြင်နိုင်အောင် နန်းတော်ကနေ မြစ်ဆိပ်အထိကို အမိုးအကာတွေကာရံပြီး သွားရောက်ခဲ့တယ်။
မြစ်ဆိပ်ကို ရောက်တဲ့အခါမှာလည်း မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ၊ မောင်းမမိဿံတွေနဲ့အတူ ရေကစားမဏ္ဍပ်မှာ ရေသဘင်ပွဲဆင်နွှဲခဲ့ပြီး ဒီလိုဆင်နွှဲတဲ့အချိန်အတွင်းမှာတော့ မိဖုရားစောလုံဟာ သူ့ရဲ့မူလအကျင့်အတိုင်း ပါဝင်ဆော့ကစားခြင်းမရှိဘဲ မြစ်ဆိပ်အနီးက ယာယီတဲနန်းမှာသာ ဥပုသ်သီလဆောက်တည်နေတာပေါ့။
ဒီအခါမှာတော့ အကျီစားသန်လှတဲ့ နရသီဟပတေ့မင်းဟာ အိန္ဒြေကြီးလွန်းတဲ့ သူ့ရဲ့မိဖုရားစောလုံကို ရေတွေရွှဲရွှဲစိုရုံသာမက ရေမွန်းအောင်ပက်ဖို့အတွက် ဘေးမှာရှိတဲ့ မောင်းမမိဿံတွေကို အမိန်ပေးခဲ့ပြီး ယာယီတဲနန်းမှာရှိနေတဲ့ စောလုံကိုလည်း သူ့ဆီ လာရောက်ခစားဖို့အတွက် အခေါ်တော်လွှတ်ခဲ့တယ်။
အခြေအနေအရပ်ရပ်ကို သတိမမူမိတဲ့ စောလုံကတော့ အရှင်မင်းကြီးရဲ့အမိန့်အတိုင်း ရှေ့တော်မှောက်ကို ခစားဖို့အတွက် ရေကစားမဏ္ဍပ်ဆီကို ဝင်လာခဲ့ပါတယ်။
ဒီလိုနဲ့ မဏ္ဍပ်ထဲရောက်တဲ့အခါ မောင်းမ မိဿံတွေက အရှင်မင်းကြီး မှာကြားထားတဲ့အတိုင်း မိဖုရားစောလုံကို တစ်ကိုယ်လုံးရွှဲရွှဲစိုရုံသာမက အသက်ရှူကြပ်အောင်အထိ ရေတွေလောင်းပက်လိုက်တာကြောင့် အရှက်ကို အသက်ထက်ပိုတန်ဖိုးထားသူ စောလုံခမျာမှာ လူပုံအလယ် အရှက်ကွဲခဲ့တဲ့အပြင် တခြားသောမိဖုရားတွေနဲ့ ရံရွှေတော်တွေရဲ့ ရယ်မောမှုကိုပါ ရရှိခဲ့တော့တယ်။
ဒါတင်မကသေးပါဘူး ခင်ပွန်းတော်စပ်သူ နရသီဟပတေ့မင်းကပါ သူ့ရဲ့ဖြစ်အင်ကိုရှုစားပြီး သဘောတကျနဲ့ တသောသော ရယ်မောနေခဲ့တာကြောင့် စောလုံရဲ့စိတ်မှာ ပိုမိုခံစားရခက်သွားခဲ့တာပေါ့။
အဲဒီအခါတုန်းက အတာရေသဘင်ပွဲဆိုတာ ရေကို ခန္ဓာကိုယ်စိုရုံအနေအထား ယဉ်ယဉ်ကျေးကျေး ပက်ဖျန်းလေ့ရှိတဲ့ ဓလေ့အဖြစ်ဘဲ ရှိနေသေးတာ။
အဲ့တာကြောင့် ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးရွှဲရွှဲစိုပြီး အသက်ရှုကြပ်လောက်အောင် ရေတွေလောင်းချခံထားရသူ စောလုံအတွက်ကတော့ ဒီအဖြစ်ဟာ အသည်းခိုက်အောင် အလွန်နာကျင်စရာကောင်းခဲ့သလို ခင်ပွန်းဖြစ်သူအပေါ်မှာလည်း နာကျည်းစိတ်တွေ၊ ရန်ငြိုးတွေ ဖြစ်ပေါ်စေတော့တာပေါ့။
အဲဒီနောက်မှာတော့ မိဖုရားစောလုံက သူ့ကို အရှက်မဲ့စေခဲ့သူ နရသီဟပတေ့မင်းကို ကလဲ့စားချေဖို့ စတင် ကြံစည်ခဲ့တယ်။ စောလုံက မင်းကြီး ပွဲတော်တည်မဲ့ စားတော်အုပ်ထဲမှာ အဆိပ်ခတ်ပြီး စားတော်ပွဲပို့ခဲ့တယ်။
ဒါပေမဲ့လည်း ဘုရင်တွေရဲ့ ဘုန်းကံအရှိန်အဝါက အင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်း နရသီဟပတေ့မင်းရဲ့ ဘုန်းကံအဟုန်ကလည်း ထိုစဉ်အချိန်မှာ မြင့်မားနေခဲ့တယ်လို့ ဆိုရမှာပေါ့။
ဖြစ်စဥ်က ပွဲတော်မတည်ခင်အချိန်မှာ အနီးအနားဆီကို ခွေးတစ်ကောင်က အမှတ်မထင် ရောက်ရှိလာခဲ့တယ်။ ဒါကြောင့် မင်းကြီးကလည်း ဒီအချင်းအရာအပေါ်မှာ သင်္ကာမကင်းဖြစ်ပြီး သူ့ရဲ့ပွဲတော်အုပ်ထဲက ဟင်းတစ်ဖတ်ကို ချကျွေးလိုက်တယ်။
ဒီအခါမှာဆိုရင် ခွေးဟာ ချကျွေးတဲ့အသားကို စားပြီးအချိန်ခဏအတွင်းမှာတင် သေဆုံးသွားခဲ့တာပေါ့။ နရသီဟပတေ့မင်းလည်း သူ ပွဲတော်တည်မဲ့ ဟင်းတွေထဲမှာ အဆိပ်ပါဝင်နေတယ်ဆိုတာကို သိရှိသွားတာပေါ့ကွယ်။
အဲ့တာနဲ့ မင်းကြီး ဒေါသပုန်ထပြီး ပွဲတော်အုပ်ဆက်သသူကို ရှေ့တော်မှောက် ခေါ်ဆောင်လာဖို့ အမိန့်ပေးလိုက်တယ်။
ဒီအချိန်မှာ မိဖုရားတွေထဲမှတစ်ပါးဖြစ်သူ မိဖုရားဖွားစောက မင်းကြီး ပွဲတော်တည်ဖို့အတွက် နေ့စဉ်လာပို့တဲ့ ဟင်းခွက်တွေထဲက ဘယ်ဟင်းခွက်ကို ဘယ်သူက ဆက်သပါတယ်ဆိုတာ အတိအကျမှတ်ရတာဖြစ်တဲ့အတွက် အဆိပ်ပါတဲ့ဟင်းခွက်က မိဖုရားစောလုံ ဆက်သတာဖြစ်ကြောင်းကို လျှောက်တင်လိုက်တယ်။
ဒီလိုနဲ့ စောလုံတစ်ယောက် ဘုရင့်ရှေ့တော်မှောက် ရောက်တဲ့အခါမှာတော့ သူပြောတာက။
မင်းကြီးဟာ မောင်းမမိဿံတွေကို ရေပတ်ဖို့အတွက် စေခိုင်းခဲ့ပြီး လူပုံအလယ်မှာလည်း ရာဇဣန္ဒြေပျက်အောင် အရှက်ခွဲခဲ့တာကြောင့် မင်းကြီးရဲ့အသက်ကို လုပ်ကြံခြင်းဖြစ်ကြောင်း၊ ဒီအတွက် မင်းကြီး ပေးလိုသည့်အပြစ်ကို ပေးနိုင်ကြောင်းဆိုကာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ရဲရဲဝံ့ဝံ့ လျှောက်တင်လိုက်ပါတော့တယ်။
အဲဒီလိုလျှောက်တင်တဲ့အခါမှာလည်း
လို့ဆိုကာ စောလုံက မင်းကြီးရဲ့ မျိုးရိုးဇာတိဖော်ကာ မချေမငံ ပြောဆိုပါတယ်။ နရသီဟပတေ့မင်းရဲ့ မယ်တော်ဟာဆိုရင်တော့ မြစ်သာရွာသူ ပန်းပွတ်သည်ရဲ့ သမီးဖြစ်တယ်။
ဒီအခါမှာတော့ စောလုံရဲ့ စကားလုံးတွေဟာ ယခင်ကတည်းက အမျက်ဒေါသကြီးမားတဲ့ နရသီဟပတေ့မင်းကို ပိုမိုစိတ်ဆိုးဒေါသထွက်သွားစေခဲ့သလို "မိဖုရားစောလုံကို ဖိုကျင်ထိုးပြီး စီရင်စေ" လို့လည်း အမိန်တော် ချမှတ်ခဲ့တယ်။ ဒီလိုစီရင်ဖို့အတွက်လည်း ပန်းပဲသမားဦးရေ တစ်ထောင်ကိုအသုံးပြုပြီး အချိန်တိုအတွင်းမှာ သံကျပ်စင်ကို ပြုလုပ်စေတယ်။
အဲ့ဒီ သံကျပ်စင်ကိုပြုလုပ်နေတဲ့အချိန်အတွင်းမှာတော့ မိဖုရားစောလုံက ခန့်မှန်းထားတဲ့အချိန်ထက်ဆွဲပြီး ၇ ရက်ကြာ ပြုလုပ်ပေးဖို့အတွက် ပန်းပဲသမားတွေကို ရွှေငွေတွေပေးပြီး တိတ်တဆိတ်တောင်းဆိုခဲ့တယ်။
အဲဒီ ၇ ရက် အတွင်း မှာတော့ စောလုံဟာ တစ်နေကုန်ဆိုသလို သရဏဂုံသီလဆောက်တည်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်တွေကိုပဲ ရွတ်ဖတ်ပူဇော်နေခဲ့တယ်လို့ပြေကြတယ်။
၇ ရက်မြောက်တဲ့နေ့ကို ရောက်ရှိလာချိန်မှာတော့ မိဖုရားစောလုံဟာ သူနဲ့အမြဲတစေရှိနေတဲ့ စိပ်ပုတီးကို လက်မှာကိုင်ပြီး မီးအပူရှိန်တွေကြောင့် ရဲရဲတောက်နီနေတဲ့ သံကျပ်စင်ကြီးပေါ်ကို တက်လာခဲ့တယ်။ ဒီလိုတက်လာတဲ့အခါမှာတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ တက်လာခဲ့တာဖြစ်သလို ကွပ်မျက်ခံရဖို့စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာလည်း ရတနာသုံးပါးရဲ့ဂုဏ်တော်တွေကိုသာ တစ်ခုပြီးတစ်ခု အာရုံပြုပွားများနေခဲ့တယ်။
စောလုံတစ်ယောက် သံကျပ်စင်အပေါ်ကိုရောက်ရှိပြီး အချိန်တခဏအတွင်းမှာပဲ မိုးကောင်းကင်မှာ မိုးသားတွေ၊ တိမ်စိုင်တိမ်ခဲတွေ ပေါ်လာခဲ့သလို နန်းတော်ကြီးတစ်ခုလုံးလည်း မိုးကြိုးပစ်သံတွေနဲ့ မိုးခြိမ်းသံတွေကြောင့် တုန်ခါနေပြီး သိပ်မကြာခင်အချိန်အတွင်းမှာပဲ မိုးတွေက သည်းထန်စွာရွာချလာခဲ့တာကြောင့် သံကျပ်စင်ကို အပူပေးထားတဲ့ မီးတွေကလည်း ငြိမ်းသက်သွားတယ်ကွဲ့။
ဒါပေမဲ့ ဘုရင်မင်းမြတ်က ကိစ္စမပြီးမချင်း သံကျပ်စင်နဲ့ စီရင်မှုပြုရမယ်လို့ အမိန့်ပေးထားတာဖြစ်တဲ့အတွက် အမှုထမ်းတွေမှာလည်း မင်းအမိန့်ကို ရှောင်လွှဲနိုင်ခြင်းမရှိဘဲ နောက်တစ်ရက်မှာထပ်ပြီး မိဖုရားကို သံကျပ်စင်ပေါ်တင်ရပြန်တယ်။
ဒီအခါမှာလည်း ပထမတစ်ရက်အတိုင်း မိုးတွေရွာချလာတာကြောင့် မီးတွေငြိမ်းသွားခဲ့သလို တတိယမြောက်နေ့ရောက်ပြန်တော့လည်း အလားတူဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့တယ်။
ဒီလိုမျိုးသုံးကြိမ်တိုင်တိုင် မီးတွေငြိမ်းခဲ့ရပြီးနောက်မှာတော့ မိဖုရားစောလုံဟာ သူမအနေနဲ့ ရတနာသုံးပါးနဲ့ ဂုဏ်တော်တွေပွားများရခြင်းရဲ့ အကျိုးအားကြောင့် အခုလိုဖြစ်တယ်ဆိုတာကို သဘောပေါက်ဆင်ခြင်မိခဲ့တော့တယ်။
ဒါကြောင့်လည်း “မိမိသည် အတိတ်ဘ၀က ကံကြမ္မာဝဋ်ကြွေးကြောင့် ယခုဘ၀တွင် ယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်း” ကို နှလုံးသွင်းလိုက်ပြီး
အဲဒီတော့မှသာ စောလုံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းဆိုသလို မီးဟုန်းဟုန်းတောက်လောင်ကျွမ်းပြီး ပြာကျသွားခဲ့တာဖြစ်တယ်ကွဲ့။
အဲ့ဒီနောက်တော့ အရှင်မင်းတရားနှစ်သက်မြတ်နိုးရတဲ့ မိဖုရားစောလုံကို ပေးခဲ့တဲ့အမိန့်အတိုင်း စီရင်ပြီးတဲ့အကြောင်းကို နရသီဟပတေ့မင်း ကြားသိပြီးချိန်မှာတော့ နောင်တကြီးစွာရခဲ့ပြီးတော့ အိပ်မပျော်စားမဝင်နဲ့ သောကဗျာပါဒဝေခဲ့တယ်ကွယ့်။ နန်းတော်တစ်ခုလုံးမှာလည်း “စောလုံ … ငါ့ကို စောင့်ပါ” ဆိုတဲ့ တမ်းတဟစ်အော်သံတွေက ပဲ့တင်ထပ်နေခဲ့တော့တာပေါ့ကွယ်။
နောက်ပိုင်းမှာတော့ မင်းကြီးဟာ သူ့ရဲ့လက်ချက်နဲ့ တိမ်းပါးသွားခဲ့သူ မိဖုရားစောလုံအတွက်ရည်စူးပြီး “မင်္ဂလာစေတီ” လို့အမည်ရတဲ့ ကောင်းမှုစေတီတော်တစ်ဆူကို တည်ထားစေဖို့ ဆုံးဖြတ်ခဲ့တယ်။ မိဖုရားစောလုံအတွက် ရည်စူးပြီး နရသီဟပတေ့မင်းကြီး တည်ထားခဲ့တဲ့ “မင်္ဂလာစေတီ” ကိုတော့ ပုဂံမြို့တောင်ဘက် လေးဖာလုံခန့်အကွာမှာရှိတဲ့ မြင်းကပါရွာရဲ့မြောက်ဘက်မှာ ဖူးတွေ့နိုင်တာပေါ့။
ဒီစေတီကိုတည်တဲ့အခါမှာ နရသီဟပတေ့မင်းက ရွှေစည်းခုံဘုရားရဲ့အသွင်သဏ္ဍာန်အတိုင်း တည်ဆောက်ဖို့စေခိုင်းခဲ့ပြီး ရွှေစည်းခုံဘုရားနဲ့ တူညီမှုမရှိပါက ပန်းရံသမားတွေရဲ့ အသက်ကို ဇီဝိန်ခြွေမှာဖြစ်ကြောင်း မိန့်တော်မူခဲ့တာကြောင့် ပန်းရံသမားတွေကလည်း မြင်းစီးပြီး ရွှေစည်းခုံဘုရားကို ပြေးကြည့်လိုက်၊ မင်္ဂလာစေတီတည်ထားမဲ့နေရာကိုပြန်လာပြီး ဘုရားတည်လိုက်လုပ်ခဲ့ကြရတယ်။
ဒီလိုမျိုး ခေါက်တုံ့ခေါက်ပြန် အပြေးအလွှားလုပ်ခဲ့ရတာကြောင့်လည်း စေတီတည်နေတဲ့ အချိန်အတွင်းမှာ မောပြီး အသက်ဆုံးရှုံးခဲ့တဲ့ မြင်း ၉ ကောင်တောင်ရှိခဲ့တယ်လို့ ပါးစပ်ရာဇဝင်တွေရဲ့ အဆိုအရ သိရပြန်တယ်။
လွန်ခဲ့တဲ့ ၄နှစ်ကျော်ခန့်က။ ၂၅နှစ်ပြည့် မွေးနေ့အတွက် ဘုရားမှာ ကောင်းမှုကုသိုလ် လုပ်ရင်း မတော်တဆ မောင်ဆိုတဲ့ကြိုးနဲ့ ချည်နှောင်မိခဲ့တယ်။ အမောင်ဟာ သိပ်အလိုလိုက်သူရယ်ပါ။ ကျွန်မ မျက်နှာတစ်ချက်ငြိုးတာနဲ့ နောက်ကတစ်တွက်တွက် နဲ့ ချော့နေသူတစ်ယောက်ပေါ့။ အဲ့ဒီနှုတ်ခမ်းငယ်က "မမမြတ်" ဆိုတဲ့ အသံလေး။ အို...... အရာရာချိုမြိန်ခဲ့ရတဲ့အချိန်ပေါ့။
မောင်နဲ့ကျွန်မ ခွဲခွာခဲ့ရသောနောက်ဆုံး သင်္ကြန်ဟာ ၂၀၂၂ အတာသင်္ကြန်။ ကျွန်မတို့နိုင်ငံကလေး အာဏာသိမ်းမှုတွေ ဖြစ်ပြီးနောက် မောင်ဟာ တောခို သွားသတဲ့။ ကျွန်မ မောင့်ကိုတားချင်ပါသော်လည်း မောင့်ဆုံးဖြတ်ချက်ကို လေးစား၍ စကားတစ်ခွန်းမျှပင် မဆိုခဲ့။အဲ့ဒီ သင်္ကြန်ရောက်တော့ မောင်အိမ်ကို ခဏပြန်လာခဲ့တယ်။
မောင်ရဲ့အပြုံးနုနုတွေနဲ့အတူခေါင်းငြိမ့်ပြရင်း အိမ်ရောက်တော့ ထမင်းအတူစားခဲ့ကြတယ်။ နောက်တော့ မောင်က ခဏဟုဆိုကာ အပြင်ပြေးထွက်သွားပြီး ပြန်ရောက်လာတော့...။
ထိုနေ့က ပိတောက်ပန်းကလေးပေးရင်း လက်ပြနှုတ်ဆက်ခဲ့ရသော ချစ်သူသည်။ နောက်နေ့မနက်တွင် မောင်တို့အဖွဲ့ အဝိုင်းခံရ၍ ကျန်အဖွဲ့သားများလွတ်ရန် ရှေ့မှာ ဝင်သွားခဲ့သည်ဆိုသော သတင်းနှင့်တကွ ချစ်သောသူဟာ ဤကမ္ဘာ၍ မရှိတော့ပြီ ဟူသော အသိသည် နှလုံးကို ကြေကွဲစေတော့သည်မဟုတ်ပါလား။
မောင်ရယ် ယနေ့မနက်တိုင် တုန်ခါသတိရလျှက်ပါကွယ်။ မောင်ပေးတဲ့ ပိတောက်လက်ကျန်တွေတောင် ညိုးရော်ကုန်ပြီ မောင်ပေါ်မလာသေး။ ရာဇဝင် အဆက်ဆက်က ကြည်နူးစရာကောင်းခဲ့သော အတာသင်္ကြန်သည် မောင်နှင့်အတူ ပိတောက်ရနံ့တွေရယ် မြတ်အတွက် လက်ကျန်မည်မျှကျန်ပါသေးလည်း။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
ကိုးကား
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီ တိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။)
Keep Reading