မောင်ဇင်(မှိုင်းဌာနီ)
လူ့ပတ်ဝန်းကျင်လောကကြီးမှာ လူ ရယ်လို့ဖြစ်လာကြပြီဆိုရင်တော့ "အလုပ်" ဆိုတဲ့အရာနဲ့ ထိစပ်ပက်သက်နေကြရတာအမှန်ပါပဲ။ကျွန်တော်တို့ဟာ ကျောင်းသား၊သူအရွယ်မှာ ပညာသင်ယူရမယ့် အလုပ် ၊ မိသားစုအသင်းအဖွဲ့တွေကိုဦးစီးဦးဆောင်လုပ်ရမယ့် အရွယ်ရောက်တော့ အိမ်ထောင့်ဦးစီး အလုပ် ၊ နောက်ဆုံး ဘဝနေဝင်ချိန်ရောက်ခါနီးပြီးဆိုရင်လည်း ဗုဒ္ဓဘာသာအယူအဆတွေအရ အို၊နာ၊သေ သံသရာစက်ဝဲထဲက ရုန်းထွက်နိုင်စေဖို့ တရားဘာဝနာရှာမှီးရတဲ့ အလုပ် ဆိုပြီး အလုပ်တွေ အမျိုးမျိုး အထွေထွေရှိကြပါတယ်။
ခုပြောပြချင်တာက "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆိုတာကိုပါ။ ကျွန်တော့်တစ်ဦးတည်းအမြင်အနေနဲ့ကတော့ အလုပ်မှန်သမျှဟာ ကောင်းတဲ့အလုပ်တွေ မဟုတ်ကြပါဘူး၊ စာဖတ်သူမောင်နှမများစဉ်းစားချင့်ချိန်ကြည့်ကြပါ။ ဘိန်းစား၊ရောင်းတဲ့အလုပ်ဟာ ဂုဏ်ရှိကောင်းမွန်ပါသလား၊ မူးရည်သေစာသောက်သုံးလို့ ရပ်ရွာထဲလှည့်ပတ်ပြီး ကျက်သရေယုတ်စေတာကရော မွန်မြတ်ပါသလား နောက်ထပ် နောက်ထပ် မေးရရင် ကုန်မှာတောင်မဟုတ်ပါဘူးဗျာ။ ဒီလို သုစရိုက် မဟုတ်တဲ့ ဒုစရိုက် အလုပ်တွေဟာဆိုရင် ဂုဏ်မရှိမယ့်အပြင် ဥပဒေဘောင်ထဲကမလွတ်ကင်းတဲ့အတွက် ပြုလုပ်သူ ပါ အပါ ဆက်နွယ်ရာ မိသားစုအသိုက်အဝန်းကိုပါ ဂုဏ်သိက္ခာကျဆင်းစေပါတယ်၊ဒုက္ခရောက်စေပါတယ်။ဒါကြောင့် "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆိုတဲ့ ဆိုရိုးစကားကို ကျွန်တော့်အမြင် ဥပမာများနဲ့ပါ သဘောမတူလက်မခံကြောင်း စာဖတ်သူများကို ရှင်းလင်းတင်ပြဆွေးနွေးရခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်က ခုလိုခေတ်ကာလမျိုးကြီးမှာ အသက်အရွယ်ပေါင်းစုံက လူအတော်များများဟာ "အလုပ်" ဆိုသဟာကို ပေါ့တန်တန် တန်ဖိုးထားနေကြတာကိုမြင်နေကြရပါတယ်။ (အလုပ်သမားတစ်ယောက်ဟာ အလုပ်မလုပ်ဘဲ ဝင်ငွေမရနိုင်သလို ၊ ပညာသင်နေဆဲ ကျောင်းသား၊သူများဟာလည်း သင်ယူနေတဲ့ စာအပေါ် ပေါ့ပျက်ပျက်သဘောထားရင် ရချင်တဲ့ ပညာ ကိုဘယ်သောအခါမှရမှာ မဟုတ်ဘူး) လို့ အတိအလင်းပြောလို့ရပါတယ်။ကျွနတော်တို့လို စာရေးသူများဟာ အများအကျိုးကိုရှေးရှု့ပြီး မှားတာရှိလည်းပြင်နိုင်အောင်၊မှန်တာတွေကိုလည်း အခြေတည်ခိုင်ခံ့သွားစေရအောင် ကိုယ်ဝါသနာပါတဲ့ စာရေးခြင်းအနုပညာနဲ့ ထုတ်ဖော်ရေးသားရှင်းလင်းပြရတဲ့ "အလုပ်"ကိုလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ စာရေးသူတွေတင်မဟုတ်ဘဲ တခြား(ဆရာဝန်၊အင်ဂျင်နီယာ၊ကျောင်းဆရာ)စတဲ့သူတွေကလည်းပဲ အများအကျိုး (ပရဟိတ) ၊ကိုယ့်အကျိုး (အတ္တဟိတ)ပြည့်ဝစေဖို့အတွက် "အလုပ်"တွေကိုစဉ်ဆက်မပြတ်လုပ်ကိုင်နေကြပါတယ်။ပြောချင်တာက "အလုပ်" ဆိုတာကို လူတိုင်းလုပ်နေရကြောင်းပါ။
ထပ်ပြောပြချင်တာက ဘယ်လိုအလုပ်မျိုးကိုမဆို လုပ်ကိုင်ကြတဲ့အခါ {၁။အလုပ်အပေါ်သစ္စာရှိပါ။ ၂။လုပ်ကိုင်နေတဲ့အလုပ်ကကောင်းကျိုးဖြစ်ထွန်းပြီး မှန်ရာဖက်ရှိနေပါစေ။ ၃။အလုပ်အပေါ်မတွယ်ကပ်ပါနဲ့။ ၄။အလုပ်တစ်ခုအပေါ် လိုအပ်တာထက်ပိုပြီးအချိန်တွေမဆွဲထားပါနဲ့။ ၅။အဲ့ဒီ့အလုပ်ကိုလုပ်နေစဉ်အတွင်းမှာလည်း အကြိမ်ကြိမ်ဝေဖန်သုံးသပ်ပြီး ရှေ့ရေးကိုထည့်စဉ်းစားပါ။ ၆။အလုပ်တစ်ခုကနေဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ဆိုးကျိုးမှန်သမျှကို responsibilityရှိနိုင်အောင်ကြိုစားပါ။ ၇။အလုပ်အပေါ်ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အမှားနည်းအောင်လုပ်နိုင်ပြီး ဖြေရှင်းနေကြဖြစ်တဲ့ နည်းစနစ်တွေကိုပြုပြင် ပြင်ဆင်သွားပါ။} စတဲ့အချက်တွေကိုလေ့လာမှတ်သားထားရပါမယ်။
"အလုပ်" ကိုသေချာဖိစီးပြီးမြောက်အောင် ဆောင်ရွက်နိုင်သူတွေဟာဆိုရင်လည်းပဲ ကိုယ့်ဘဝသမိုင်းကို ကိုယ်လှအောင် ရေးဆွဲနေကြတဲ့ "ဘဝတစ်ခုရဲ့ ပန်းချီဆရာ"တွေပါပဲ။ အလုပ် လုပ်ကြတယ်လို့ပြောလိုက်ရင် Genderခွဲခြားတဲ့ကိစ္စကိုလည်းထည့်ပြောရပါမယ်၊ မှန်ကန်သင့်မြတ်တဲ့ ဘယ်လို အလုပ် ကိုမဆို လုပ်ကိုင်ကြတဲ့ ဘယ်လိုလူတန်းစားမျိုးကိုမဆို respectထားတတ်ရပါမယ်၊တန်ဖိုးသိတတ်ရပါမယ်။ "အမျိုးသမီး မို့ စာမရေးရဘူး၊အိမ်မှုကိစ္စသာနိုင်နင်းရမယ် "ဆို-- ဆရာမ လူထုဒေါ်အမာ၊ငွေတာရီ၊ဂျာနယ်ကျော်မမလေး တို့ဆိုတာလည်းပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ "အမျိုးသား မို့ အိမ်မှုကိစ္စနိုင်နင်းနေစရာမလိုပါဘူး၊စီးပွားသာရှာပါ" ဆိုရင်လည်း-- အဲ့ဒီသူဟာ ခင်ပွန်းကောင်းတစ်ယောက်၊အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၊နောက်ဆုံး ဖခင်ကောင်း တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ သူနေ့ရာနဲ့သူ အလုပ်တစ်ခုကို အံဝင်ခွင်ကျလုပ်တတ်နေတဲ့လူတစ်ယောက်ကို ဖိနှပ်ချုပ်ချယ်၊အတင်းအဓမ္မ ပြုပြင်ပြောင်းလဲတာမျိုးတွေ မလုပ်မိစေဖို့ အထူးအရေးကြီးပါတယ်။ ဒီလိုဆို မှားတာကြီးကိုအံဝင်ခွင်ကျလုပ်နေတဲ့အခါကျ "သူလုပ်သူခံပါစေ" ဆိုတဲ့စိတ်ထားမျိုးကိုတော့ရင်ဝယ်မပိုက်ကြပါနဲ့၊အမြင်မတော်ရင် ဝေဖန်ဆုံးမသွန်သင်လမ်းပြပေးရပါမယ်။
နိဂုံးချုပ်ရတော့မယ်ဆိုရင် သင်ဟာ ဘယ်လိုအလုပ်ကို ဘယ်လိုအသက်အရွယ်၊အချိန်၊နေရာမှာပဲဖြစ်ပါစေ မှန်မှန်ကန်ကန်နဲ့ကောင်းကျိုးများကိုသာ ဖြစ်ထွန်းစေမယ့် နည်းနာတွေကိုပဲသုံးပြီးလုပ်ကိုင်ဖြေရှင်းသင့်ကြောင်းနဲ့ "အလုပ်ဖြင့်သာ" ကိုယ့်ဘဝသမိုင်းကိုကိုယ်သာအလှဆုံးရေးဆွဲနိုင်တဲ့ "တန်ဖိုးရှိတဲ့လူတစ်ဦး" ဖြစ်နိုင်ကြပါစေကြောင်း ဆုတောင်းပတ္ထနာပြုပြီး ဆောင်းပါးလေးကို ဒီလောက်မှာပဲ ရပ်နားပါရစေခင်ဗျာ။
ဖောင်တိန်ဖြင့် ရှင်သန်မည့်
မောင်ဇင်(မှိုင်းဌာနီ) ၂၄.၁၂.၂၀၂၄
Keep Reading