Moti Oo ( Storyteller)
*ကမ္ဘာပေါ်မှာဘယ်ဟင်းက အရသာအရှိဆုံး* လဲလို့ မေးရင်
*မေမေ ချက်တဲ့ ဟင်း မေမေ့လက်ရာက အရသာအရှိဆုံး*ပါလို့ အကျယ် ကြီး
ေအာ် ပြောလိုက်ချင်ပါတယ် လူတိုင်းလည်းကျွန်မနဲ့ အဖြေအတူတူ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ဘယ်ဟင်းတွေ ဘယ်လို အရသာရှိရှိ ၊ နာမည်ကြီး လှပါတယ်ဆိုတဲ့ စားဖိုမှူး လက်ရာတွေ ဘယ်လောက်ကောင်းကောင်း.ကိုယ့်အ
မေရဲ့ ချစ်ခြင်း မေတ္တာ ေစတနာ သဒ္ဒါတရား ေတ့အပြည့်နဲ့ *ဟင်း*တစ်ခွက်ကိုတော့ မှီနိုင်မယ် မထင်ပါဘူး။
ဒါကြောင့်မို့ ကျွန်မတို့တစ်တွေ ဘယ်နေရာ၊ ဘယ်အရပ်၊ ဘယ်အသက် ရောက်ရာက် အမေ့လက်ရာ ဟင်းပူပူလေး တစ်ခွက် ကို တောင်း တကြရမြဲပဲလေ။
*ဥစ္စာ ဖြို စားဖိုက* ဆိုတဲ့ စကားပုံ အတိုင်း အိမ်တစ်အိမ်၊ မိသားစု တစ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေထဲမှာ *မီးဖိုချောင် * ကို စီမံခန့်ခွဲ ထိန်းသိမ်းနိုင် မှုကလည်း အဓိက အရေးကြီး ကိစ္စ တစ်ရပ်ထဲ ပါဝင်နေပြန်ပါတယ်။
ကျွန်မရဲ့ *မေမေ * က ဟင်းချက် လက်ရာ သိပ်ကောင်းသလို မီးဖိုချောင် လည်းစနစ်တကျစီမံနိုင်သူဖြစ်သည်။
မေမေ့ ဟင်းချက်လက်ရာသည် သာမန်ကောင်းသည် ဆိုသော သတ်မှတ်ချက် ထက်ပိုသည်။ မေမေချက်သော မည်သည့်ဟင်းမဆို စားဖူးသူတိုင်း ရင်ထဲ အမှတ်ရ၍ အောက်မေ့ကာ ပြန်ပြောတတ်ကြစမြဲပင်။ငယ် ငယ်က ေန့လည် ထမင်းစားချိန်တိုင်း ကျောင်း ထမင်းချိုင့်ဖွင့် လိုက်လျှင် ကျွန်မ အနားကို အတန်းဖော် သူ ငယ်ချင်း၎၊၅ယောက် ဝိုင်းလာတတ်သည်။ နေ့တိုင်း *ဟင်းလဲစားမည့် သူငယ်ချင်း* နှင့် * နင်ဒီနေ့ ဘာဟင်းလဲ ငါ့ကိုနည်းနည်း ကျွေးနော်* ဆိုသည် သူငယ်ချင်းများ အမြဲလိုလို ကျွန်မ အနား ရှိေနတတ်သည်။
ထိုသို့ပြော၍ ကျွန်မ ဟင်းချိုင့်ထဲ *အသားဟင်း ငါးဟင်း.ပင်လယ်စာဟင်း*
အမြဲပါ၍ မဟုတ်ပါ။ ကျွန်မသည် သာမန်
လူ့လတ်တန်းစား သာဖြစ်၍ *ဆီပြန်ဟင်း*များအမြဲတစေ မထည့်နိုင်ပါ။ တစ်ခါတစ်ရံ ကျွန်မချိုင့် ထဲက ဘဲဥချဉ်ရည်ဟင်း ကပင်လျှင်.အတန်းထဲက သူဌေးသမီးသူငယ်ချင်းများ၏ *ငါ့ ကြက်သားဟင်း နဲ့ လဲစားကြမလား* ဆိုတဲ့ဆွဲဆောင်မှုကို မကြာခဏ ဆိုသလိုကြုံတွေ့ရတတ်သည်။မှတ်မှတ်ရရ *၃တန်း*တုန်းက သူငယ်ချင်းမ လေးပြောတာ သတိရမိသေးသည်။အဲ့ဒီနေ့က ကျွန်မ ဟင်းချိုင့်ထဲဘာဟင်း ပါလာတယ်တော့ မမှတ်မိေတာ့ပါ။
သူက လူကြီးတစ်ယောက်ရဲ့ လက်မ တစ်ချောင်းစာ အရွယ်ရှိတဲ့ ပုဇွန်ထုပ်ကြော်ကြီးတစ်ကောင်ပြီး တစ်ကောင် ပြီး တစ်ကောင်ကိုသူ့ချိုင့် ထဲက ေန ကျွန်မ စားနေတဲ့ ထမင်းချိုင့်ထဲ သို့ ထည့်ပေးနေသည်။သည်လောက်ကြီးသည့် ပုဇွန်ထုပ်ကြီးကို တစ်လ နေလို့မှ တစ်ခါ စားရတာမို့ ကလေး ပီပီ သရေတမြားမြားနဲ့ စားတော့တာပေါ့။ကုန်လည်းကုန်ရော သူက * နင်ငါ့ ပုဇွန်ထုပ်စားပြီးပြီ ဆိုတော့ နင့်အမေ ငါ့ကို ပေးတော့နော်*တဲ့ ။ ကျွန်မ လန့်ဖြန့်ပြီး ပါးစပ်ထဲ တစ်ဝက်ဝင်နေတဲ့ နောက်ဆုံး ပုဇွန်တစ်ကောင်ကို လက်နဲ့ ပြန်ထုတ်ပြီး သူ့ကို ပြန်ပေးလိုက်တယ်။ * နင့်ပုဇွန် ပြန်ယူ ငါ့အမေမပေးဘူး* သူကလည်း မရပါဘူး*အများကြီးစားထားပြီးတော့ ဒါလေးပဲ ပြန်လာပေးတယ် ပြန်မယူဘူး နင့်အမေကိုပဲ ယူမယ်*တဲ့၊ စိတ်အား ထက်သန်မှု အပြည့်နဲ့သူငယ်ချင်းမ မျက်လုံး တွေကို ကြည့်ပြီး ကျွန်မသွေးပျက် သွားတယ်။ စိတ်ထဲမှာလည်း *ငါ့ ရဲ့ ငတ်ကြီးကျမှုကြောင့် ငါ့အမေ
ကို ပေးရတော့မယ်* ဆိုပြီး ကြောက်လန့်တကြား အော်ငိုတယ်။သူငယ်ချင်းမ ကလည်း ငိုတယ် သူ့ပုဇွန်ထုပ်တွေ ကုန်သွားလို့တဲ့ ။ ( သူပဲတစ်ကောင်ပြီး တစ်ကောင် လာကျွေးပြီးတော့နော်) ကျွန်မအာခေါင်ထဲထိလက်ထိုးနှိုက်ပြီး အန်ထုတ်လိုက်တယ်။သူ့ပုဇွန်တွေ ပြန်ထွက်လာအောင်။
ဆရာမ ေရာက်လာတော့ သူ့ကို တစ်မျိုး ကျွန်မကို တစ်ဖုံ နဲ့ အမျိုးမျိုး ရှင်းပြ နားချ ၊ ချော့ရတာပေါ့။ နောက်ဆုံးတော့ ပြန်ပြီး အဆင်ပြေ သွားကြတယ်။ ဆရာမလည်းကျွန်မတို့ နှစ်ယောက် ကြား တော်တော်လေး ပင်ပန်း သွားရရှာတယ်။ နောက်ပိုင်း မေမေ့ကို ဆရာမ ပြန်ပြောတာတော့ * သူငယ်ချင်း မ က အမေချက်တဲ့ ဟင်း စားချင်လို့ပါတဲ့၊ သူတစ်ခါမှ အ မေ
ချက်ပေးတဲ့ ဟင်းကိုမစားဖူး လို့ စားချင်လို့ ပါတဲ့လေ ။ အဲ့ဒီသူငယ်ချင်းမ ရဲ့ မိဘတွေ က သူ လ သား အရွယ်ထဲကပင် *မလေးရှား နိုင်ငံ*၌ အလုပ်သွားလုပ်ကြသည်။ဟိုးငယ်ငယ်လေးထဲက အဖိုး အဖွား နဲ့ အိမ်အကူတွေနဲ့သာ နေလာခဲ့ရတာမို့ သူ့စိတ်ထဲ တောင်း တတဲ့ အရာကိုသူ အဆင်ပြေငလို နည်းလမ်းေလးနဲ့ ရှာကြံလိုက်တာပဲ ဖြစ်ပါလိမ့်မည်။ထိုနောက်ပိုင်း နေ့တွေကစပြီး ကျွန်မ ဟင်းချိုင့်ထဲ သူ့အတွက် ဝေစုကိုပါ မေမေ က ထည့်ပေးခဲ့တတ်သည်။ကျွန်မ အသိစိတ်ထဲမှာလည်း သူများ ပေးတာ ကျွေးတာ စားမိရင် ငါ ပိုင်တာ တခုခု ပြန်ပေးရမယ်ဆိုတဲ့ ( မေမေ့ ရှင်းပြ ဆုံးမမှု)စိတ်ကြီးက အ့အရွယ်ထဲက စွဲ လာခဲ့တာ (နောက်ပိုင်း ဘယ်သူ ဘာကျွေးကျွေး ဘယ်သူ့ဆီကမှ အလကား မစားရဲတော့ဘူး)
ကျွန်မ လုပ်ငန်းခွင် စဝင်တဲ့ အချိန်နဲ့ အဖေ့ရဲ့ စီးပွားရေးလေးလည်း တက်နေချိန်မှာ မေမေဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းမပေါ့ . မေမေ့ "မီးဖိုချောင်"လေးကလည်း ကျွန်မတို့အတွက် Aladin ရဲ့ လိုတရ မှော်မီးခွက်လေးလို လိုချင်တာ စားချင်တာ ဘာမဆို ရနေနိုင်သည် ( အဲ့ဒီအချိန်က nabati တစ်ထုပ် ၄၀၀ ဖြစ်သည်)။ ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ဆီ ၊ငရုပ်သီး၊ ကြက်သွန်နီ/ဖြူ၊ ....အစရှိတဲ့ အခြေခံ ဟင်းခတ်အမယ်များကစပြီး လက်ဖက်၊မြေပဲ၊ကြက်ဥ၊ကြက်အူချောင်း တွေ အပြင် ထောပတ်သီး၊ သီးမွှေး(ငှက်ပျော)၊ ကော်ဖီ ၊ နို့ဆီ၊သကြား၊....သကဲ့သို့သော စားသောက်စရာများနှင့်'မေမေ့ မီးဖိုချောင်' က ရပ်ကွက်ထဲက အစုံရ ကုန်စုံဆိုင်လေးလိုမျိုး ဆင်တူနေသေးသည်။
အခါတ်ိုင်း မီးဖိုချောင်ထဲ တွေ့ရတတ်တဲ့ ပြုံးပျော်နေတဲ့ မေမေ့မျက်နှာထက် ပိုပြီးတောက်ပ လန်းဆန်းနေသည်။ သားသမီး တွေရဲ့ ' ဒါလေး စားချင်လိုက်တာ မေမေ ' ' ဒီလိုလေး ချက်ကျွေးနော် ' ဆိုတဲ့ သားသမီးတွေရဲ့ အာသီသ ကို ချက်ချင်း လက်ငင်း ချက်ပြုတ်ပေးနိုင်တဲ့ အတွက် မေမေ ဂုဏ်ယူနေတတ်မြဲ ဖြစ်သည်။ ကျွန်မတို့ ကလေးဘဝ ကျောင်းကပြန်လာတဲ့ အချိန်ကစပြီး အခု လုပ်ငန်းခွင်ဝင်လို့ အလုပ်မှ ပြန်လာတဲ့ ညနေတိုင်း ' မေမေ ရှိနေတဲ့ မီးဖိုချောင်လေးက ကျွန်မတို့ရဲ့ တစ်နေ့တာ ကြုံတွေ့ရသမျှ အခြင်းအရာ များကို အိတ်သွန်ဖာမှောက် ပြန်ပြောနေကြနေရာ၊ ' မေမေ့ရဲ့ ဖေဖေ့ အကြောင်းနဲ့ သူ့ korea series တွေကို sharing လုပ်တဲ့ နေရာ ၊ သားအမိတွေ 'မတည့်သူများ အကြောင်း ' အတင်းတုပ်ရာ နေရာ၊ ရေခဲသေတ္တာ ဆွဲဖွင့်ပြီး ရှေ့တပတ်ပိတ်ရက်လေး 'ရခိုင်မုန့်တီချက်စားမယ်'၊ 'ဆီထမင်းထိုးစားမယ်'၊' အုန်းထမင်းချက်စားမယ် '' နဲ့ ကိုယ့်စိတ်ကြိုက် menu တွေကို အထူးသီးသန့် မှာယူလို့ရတဲ့ ' VIP Restaurant ' လိုနေရာ ၊ တစ်ခါတစ်ရံ ဟင်းချက်နေတဲ့ မေမေ့အနား Blutetooth Speaker ကြီးနဲ့ K-pop သီချင်းတွေ တန်းစီဖွင့် က လို့ရတဲ့ mini club လိုနေရာ (ဒါတွေအားလုံးက ကျွန်မတို့ချစ်တဲ့ မေမေနဲ့ သူချစ်တဲ့ မီးဖိုချောင်ထဲမှာ အရာအားလုံး က တစ်စုတစ်စည်းတည်း အေးချမ်းစွာ ရှိနေတဲ့အချိန်' နိဗ္ဗာန် ဆိုတာ ဘယ်မှာလဲ')လို့ မေးစရာ မလိုတော့ဘူးလေ။
" မီးဖိုချောင်ထဲ စိုပြေနေရင် ငါ့အမေက အရင်ထက်ပိုပြီး ပြုံးပျော်နေတာပဲနော် '' လို့ ကျွန်မက ပြောတော့ မေမေက '' ဒါပေါ့ မိန်းမတစ်ယောက် အတွက် ဆန်အိုးထဲ ဆန်ရှိနေတာ၊စားဆီ အတွက် စိုးရိမ်စရာ မလိုတာ၊ရေခဲသေတ္တာ ဖွင့်လိုက်တာနဲ့ ကြက်စွပ်ပြုတ် တစ်ပွဲရအောင် ချက်နိုင်တာ က ဘယ်လောက်အထိ အရေးကြီးလိုက်သလဲ ၊ မေမေ ရှင်းပြနေရင် တစ်ထောင့်တစ်ည ပုံပြင်ဖြစ်နေမှာမို့ ငါ့သမီးတွေကတစ်ဖြည်းဖြည်းနဲ့ သူ့အလိုလို နားလည် သဘောပေါက်လာပါလိမ့်မယ်တဲ့ '' (မေမေ့စကား ကို အခုအချိန်မှာ ကျွန်မ နားလည် တယ် ဆိုတာထက် ပိုသိလာခဲ့ပါပြီ)
ကျွန်မတို့ မိသားစု ရဲ့ ကံတရား အကျိုးပေး တိုက်ဆိုင်ပုံများ နိုင်ငံရေး အခြေအနေ အပြောင်းအလဲနဲ့ ကုန်စျေးနှုန်း တက်ချိန် (အာဏာသိမ်းပြီး ပထမ အစောပိုင်းကာလ)မှာ အဖေ လေဖြတ်ပြီး အိပ်ယာထဲ လဲသွားခဲ့သည်။ အဖေ့စီးပွားရေး ကို သိပ်နားမလည်တဲ့ အမေက ရှိတာလေး ထုခွဲရောင်းချလိုက် အဖေ့ အကြွေးစာရင်း စာအုပ်ထဲက နာမည်တွေဆီ ရသမျှလေးတောင်းလိုက်နဲ့ တောင့်ခံလာခဲ့ရသည်။ တစ်ချို့ကျတော့လည်း ကိုယ်ချင်းစာစိတ် အပြည့်နဲ့ ပြန်ပေးကြပေမယ့် တစ်ချို့ကျတော့ နိုင်ငံရေး အကြောင်းပြ ၊ မြန်မာ့ စီးပွားရေး ၊ ကမ္ဘာ့စီးပွားရေး အကြောင်းပြပြီး ယနေ့အထိ ပြန်မပေးကြသော သူများလည်း တစ်ယောက်မက ရှိနေပါသေးသည်။ ကုမ္ပဏီ ဝန်ထမ်း လခစား ကျွန်မတို့ ညီအစ်မရဲ့ ထောက်ပံ့မှုက အဖေ့ဆေးဖိုး ၊ အိမ်စရိတ်နဲ့ အငယ်ဆုံး ညီမလေး ၏ ကျောင်းစရိတ် ကျူရှင် စရိတ်တွေအထိ လောက်ငှအောင် မေမေ့ခမျာ မနည်းစီမံခန့်ခွဲနေရသည်။
ဒါပေမယ့်လည်း မေမေ့မျက်နှာ အပြုံးမပျက် ၊ ပုံမှန်အတိုင်း ''မေမေ့ မီးဖိုချောင်'' လေး စိုပြေနေသေးသည်။ ဘယ်လောက် စိတ်ပင်ပန်း ပါစေ အချိန်တန်ရင် ဗိုက်ဆာတတ်သည့် သားသမီးတွေအတွက် ထမင်းစားပွဲပေါ် ထမင်းဟင်း အဆင်သင့် ဖြစ်နေစေရမည်။ ကြက်ဥ တစ်လုံး ( ၆၀၀ ) ဖြစ်သွားခဲ့ အချိန် ထမင်းစားပွဲပေါ် ဖွယ်ဖွယ်ရာရာ မများလှတော့ပေမယ့် စားကောင်းအောင် အရသာရှိအောင် ပြင်ဆင်ချက်ပြုတ်ထားနိုင်သည်။ ဒါပင်မကသေး အဝေးမှာရောက်နေတဲ့ ကျွန်မကို လည်း တစ်ပတ်တစ်ခါ ပုံမှန် ပြန်လာပြီး အိမ်ထမင်းဟင်း စားဖို့ အမြဲမှာ တတ်ပြီး ကျွန်မ ကြိုက်တတ်တဲ့ ဟင်းတွေနဲ့ ချစ်ခြင်း မေတ္တာတွေ ထုတ်ဖော်ပြတတ်သေးသည်။
နိုင်ငံစီးပွားရေး တစ်စထက်တစ်စ ကျဆင်းလာပြီး ကြောက်စရာကောင်းလောက်အောင် ငွေကြေးဖောင်းပွမှုတွေနဲ့ ကုန်စျေးနှုန်း ခုန်တက်မှုတွေက ကျွန်မတို့ မိသားစု အပါအဝင် တစ်နိုင်ငံလုံး က မိသားစုတွေ အထူးသဖြင့် ''မေမေတွေ'' ''မီးဖိုချောင်''ကို တာဝန်ယူထားရသူတွေ ပိုပိုပြီး အသက်ရှုကြပ် မျက်ဖြူဆိုက် ကြရသည့် ကာလ တစ်ခု ဖြစ်လာခဲ့သည်လေ ။
ကန်စွန်းရွက် တစ်စီး (၆၀၀ ) ၊ ဆန်တစ်ပြည်( ၆၅၀၀) နဲ့ ဆီတစ်ဗူး (၁၂၀၀၀) ဖြစ်တဲ့အခါ မေမေ အရင်လို ''အိမ်မှာ / မီးဖိုခန်း''ထဲမှာ ရှိမနေနိုင်တော့။ အိမ်ကို ဖုန်းဆက်လိုက်တိုင်း များသောအားဖြင့် ''မေမေ'' အပြင်ရောက်နေတတ် ပြီး အပေါင်းအသင်း မိတ်ဆွေများသော မေမေက သူ့အသိပွဲစား တစ်ချို့နဲ့ ပေါင်းကာ ''အိမ်ခြံမြေ '' ပွဲစား အလုပ်ကို လိုက်လုပ်သည်။ ( သမီးတွေရဲ့ ပုခုံးပေါ်မှာပဲ ရှိသမျှ တာဝန် အပ်မထားနိုင်ဘူး)ဟု ဖုန်းဆက်တိုင်း ပြောတတ်သေးသည်။ ဘာမှမရှိတဲ့ ဗူးခွံ အလွတ်တွေ များလာတဲ့ မေမေ့ "မီးဖိုချောင်"လေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ခြောက်ကပ်လာခဲ့သည်။ "ပိုက်ဆံ (၁၅၀၀၀ )လောက်ကို လက်မှာကိုင်ပြီး စျေးဝမှာ ငူငူကြီး မတ်တပ်ရပ်နေရတဲ့ အကြိမ်တွေ မနည်းဘူး သမီးရယ်''တဲ့ '' သမီးရေ မေမေလေ မီးဖိုချောင်ကို ကြည့်ရမှာကြောက်လာပြီ၊ နောက်တစ်နေ့ မနက်မိုးလင်းတာနဲ့ ဘာတွေ ဘယ်လောက်အထိ ထပ်တက်ဦးမှာလဲ ဆိုပြီး အိပ်လို့လည်း မပျော်နိုင်တော့ပါဘူး'' ဖုန်းထဲက မေမေ့အသံက ကျွန်မရဲ့ နှလုံးအိမ်ကို ထိခိုက်ကြေကွဲစေသည်။ '' မေမေရယ် ဒါတွေက အခိုက်အတန့်သာမို့ ခနလောက် အားတင်းထားပါနော် '' ဆိုတဲ့ အားပေးစကား ပြောယုံကလွဲပြီး မေမေ့အတွက် လိုအပ်တဲ့ ငွေကြေးကို လုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်တဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်မိသည်။
ဒီနေ့နဲ့ဆို မေမေ အိမ်မှာ မရှိတာ ရက်ပေါင်း (၁၂၀ ) တိတိ ရှိသွားခဲ့ပြီ။ " ကျေးဇူးပြုပြီး အချိန်ရတဲ့ အခါတိုင်း မေမေ့ မီးဖိုချောင်လေးကို ဖုန်ခါ သန့်ရှင်းရေး လုပ်ပေးပါနော် "လို့ အဖေနဲ့ ကျောင်းတက်နေတဲ့ အငယ်ဆုံး ညီမလေးကို စောင့်ရှောက်ပေးနေတဲ့ တူမလေးကို ဖုန်းဆက်တဲ့ အခါတိုင်း အကူအညီတောင်းရသည်။
ဒီတစ်ခေါက် တွေ့ရမယ့် 'ရုံးချိန်း'မှာ မေမေ့ ကို ' စိတ်ဓါတ်မကျဖို့ ကျန်းမာရေး ဂရုစိုက် ဖို့၊ မိသားစုကိုလည်း အများကြီး စိတ်မပူဖို့နဲ့' မေမေ့ရဲ့ မီးဖိုချောင် ' လေးကိုလည်း မေမေ ရှိတုန်းကလိုအမြဲဂရုစိုက် သန့်ရှင်းပေးနေတဲ့အကြောင်း၊ မေမေ တစ်ခါပြောဖူးသလို မေမေလိုချင်တဲ့ koreaကားထဲကလို မီးဖိုချောင်အကြီးကြီး မှာ ရပ်ကွက်ထဲက ကုန်စုံဆိုင် အသေးစား လေးလို၊ လိုလေသေးမရှိ ပြင်ဆင်ပေးထားမှာမို့ သမီးတို့ကို ဒီအတွက် အချိန်ပေးရင်း " အထဲမှာ " ဘုရား တရား လုပ်ရင်း၊ကျန်းကျန်းမာမာ နေပေးပါနော် မေမေ" လို့ အမှာစကားလေး သေချာပြောခဲ့ ရပါဦးမည်။
#မိုတီဦး
#နှလုံးသားကို ဖွင့်ဟ၍
Keep Reading