သိုက်စိုးထွန်း(နတ်ရွာ)
“တန်ဖိုးအနဂ္ဃရတနာ နိတုံရွှေကိုသာ နဝရတ်ကျောက်မျက်ပုလဲနဲ့ စီခြယ်သွန်းသည့်အခါ မင်္ဂလာခညောင်း အပေါင်းကျက်သရေပြည့်စုံလာ မောင်နဲ့မေ နှောင်ဖွဲ့အခြေမှာ နေနဲ့လ ရွှေနဲ့မြ ပုံပမာ”
“နတ်ရွာကျေးရွာမှ လူငယ်လေးအပေါင်းတို့ခင်ဗျာ၊ နတ်ရွာကျေးရွာမှ လူငယ်လေးအပေါင်းတို့ ခင်ဗျာ၊ သတို့သားအိမ်သို့ ရေနွေးသောက်ကြွကြပါရန် လေးစားစွာဖြင့် ဖိတ်မန္တကပြုအပ်ပါတယ် ခင်ဗျား”
ရွာမှာမင်္ဂလာဆောင်ရှိရင် ဓာတ်စက်သံတညံညံနဲ့။ ဟိုတုန်းကတော့ ဆောင်းဘောက်ဆိုတာ ရွာမှာ သိပ်မသုံးကြသေးဘူး၊ ဟွန်းတိုဟွန်းရှည်တွေ သတို့သားအိမ်က တမာပင်ပေါ်၊ ကုက္ကိုလ်ပင်ပေါ် တက်ချည်၊ တစ်ရွာလုံးတင်မက ရွာနီးချုပ်စပ်ကပါကြားအောင် စက်သံကိုအဆုံးအထိချဲ့ပြီး မိုးလင်းမိုးချုပ်ဖွင့်တော့တာပဲ။ ဆူညံလှသကိုးဆိုပြီးလည်း ဘယ်သူမှ မငြိုငြင်ကြပါဘူး။ အလှူပွဲ၊ မင်္ဂလာပွဲဆိုတာ ခဏခဏရှိနိုင်တာမျိုးလည်းမဟုတ်ဘူးလေ။ တစ်သက်တစ်ခါခင်းရတဲ့ပွဲလေး၊ စိတ်တိုင်းကျနွှဲကြပါစေပေါ့။
မဏ္ဍပ်ဝင်ညမှာ ရွာကလူငယ်တွေအကုန်ဖိတ်ပြီး လက်ဖက်ပွဲနဲ့၊ ရေနွေးကြမ်းနဲ့၊ ချင်းသုတ်နဲ့ ဧည့်ခံတယ်။ ဓာတ်စက်သံတညံညံကြားမှာ ပြောကြဆိုကြ၊ စားကြသောက်ကြတာပေါ့။ စားကောင်း သောက်ဖွယ်တွေနဲ့ တည်ခင်းဧည့်ခံတာမဟုတ်ပေမယ့် ရပ်ထဲရွာထဲကလူတွေအကုန်ဆုံကြတဲ့အချိန်မို့ ပျော်စရာတစ်မျိုးပါပဲ။ လကလေးကသာ၊ နှီးဖျာကလေးတွေခင်း၊ သစ်သားစားပွဲဝိုင်းကလေးတွေချ၊ ငါးယောက်တစ်ဝိုင်း၊ ခြောက်ယောက်တစ်ဝိုင်းနဲ့ ရေနွေးသောက်လိုက်၊ လက်ဖက်စားလိုက်၊ စကားပြောလိုက်နဲ့ပေါ့။ ရေနွေးသောက်တဲ့သူကသောက်၊ မိုက်ခဲတဲ့သူကခဲ။
“သူငယ်ချင်းတွေစုံစုံညီညီ ပြေးလွှားပျော်ပါးဆော့ကစားခဲ့တဲ့ ရွာဉီးကကုက္ကိုလ်ပင်အောက်မှာ အမြဲလွမ်းလို့နေမှာ အမြဲစောင့်လို့နေမှာ စာဥရေ ငါအရောက်ပြန်ခဲ့မှာ ဒါဒါးဒါ ဒါဒါးဒါ”
ဒါဒါးဒါဆိုတာကတော့ အတီးမပါဘာမပါမဖြစ်ရလေအောင် ကိုယ့်ဘာသာ ပါးစပ်တီးလုံး ကလေး ကောက်ထည့်လိုက်တာပေါ့။ တီးဝိုင်းလည်းမပါ၊ ကာရာအိုကေလည်းနတ္ထိဆိုတော့ ပကတိဓာတ်စက်သံနဲ့လူနဲ့ ဒီနှစ်မျိုးတည်းနဲ့ နှစ်ပါးသွားကြရတာ။ အခြောက်တိုက် ဆိုရတယ် ဆိုပါတော့။ အံမယ်၊ အဲ့ဒီ အခြောက်တိုက်တောင်မှ ဆိုချင်တဲ့သူတွေများနေလို့ မိုက်လုနေရသေးတာ။ ကိုယ့်အလှည့်နဲ့ကိုယ်၊ စာရင်းပေးထားရတာ။ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ အောင်သူ၊ မင်းအောင်၊ အနိုင်၊ သန်းထွန်းလေး သူတို့သီချင်းတွေပဲ အဆိုများကြတာပါ။
ဘာမှန်းညာမှန်းမသိ၊ သူများမင်္ဂလာဆောင် သွားပြီး “မေရယ်၊ မေရယ်၊ ကျော်တော့ လှေသူကြီးပါကွယ်၊ ညားတော့လည်း လှေထိုးသားနဲ့ရယ်” ဆိုတာမျိုး ထဆိုတဲ့သူကရှိသေးတာ။ ဘယ်သူကမှတော့ ဘာမှဝင်မပြောကြပါဘူး။ ဆိုတဲ့သူကလည်း ဘာရယ်ညာရယ်မဟုတ်ပါဘူး၊ သူရတဲ့သီချင်း လွှတ်ခနဲဆိုလိုက်တာပါပဲ။ ဘယ်သူမှလည်း အကျအနကောက်ပြီး ပြဿနာမရှာကြ ပါဘူး။ ပြဿနာရှာရင်တော့ ပြေးပေါက်မှားမယ့်ကိန်းပေါ့လေ။
သီချင်းဆိုတဲ့သူကဆို၊ ရေနွေးသောက်တဲ့သူကသောက်၊ ကြက်သွန်ခွာတဲ့သူကခွာ၊ ကျောက်ဖရုံသီးလှီးတဲ့သူကလှီး၊ ဟင်းတုံးတဲ့သူကတုံး၊ ဆန်ဆေးတဲ့သူကဆေးပေါ့။ တစ်ယောက် တစ်လက်နဲ့ အကုန်လုံးဝိုင်းဝန်းလုပ်မှ ပွဲတစ်ပွဲအထမြောက်တာ။ ရွာကလည်း သေးသေးဆိုတော့ တောင်ပိုင်းမြောက်ပိုင်းတွေ၊ အရှေ့ပိုင်းအနောက်ပိုင်းတွေခွဲနေလို့မရဘူးလေ။ ဘယ်သူ့ပွဲဖြစ်ဖြစ် အကုန်ဝိုင်းကြရတာပေါ့။
မီးဖိုက မြေကြီးကိုတူးလိုက်ရုံပဲ။ မီးဖိုအရှည်ကြီးတွေပေါ့။ ချက်ကြတော့ မိုးဗြဲသံဒယ်ကြီးတွေ၊ သွပ်ဒယ်ကြီးတွေနဲ့။ ထမင်းကတော့ကြေးအိုးကြီးတွေနဲ့ပေါ့။ နောက်ပိုင်းမှာတော့ ထမင်းပေါင်းဖိုတွေ ပေါ်လာတယ်။ ပေါင်းဖိုတွေကတော့လွယ်တာပေါ့လေ။ ဆန်ဆေးပြီး ရေအသင့်အတင့်ထည့်ပြီး မီးထိုးပေးနေရုံပဲ၊ အချိန်တန်တော့နပ်ရော။ ကြေးအိုးကြီးတွေနဲ့ချက်ရတာကျတော့ မွှေရတယ်၊ ပွက်ရင် ငှဲ့ရတယ်။ မီးကျီးနဲ့နှပ်ရတယ်။ မီးအနေအထားမချိန်တတ်ရင် တူးသွားတာတို့၊ ဝတ်ဆံတွေ ကျန်ပြီး မနပ်တာတို့ ဖြစ်ကုန်ရော။ ထမင်းတစ်အိုးတွေကျက်ရင် ဝါးကြမ်းခင်းဖြစ်ဖြစ်၊ ဝါးကြမ်းစင် ဖြစ်ဖြစ် အဲ့ဒီအပေါ် နှီးဖျာသန့်သန့်ခင်း၊ ရိုင်ပတ်ပြီး ထမင်းတွေသွန်ထည့်၊ ငှက်ပျောဖက်တို့ဘာတို့နဲ့ အုပ်၊ အဲ့လိုထားရတာ။ ပွဲကြီး၊ ပွဲသေးအနေအထားအပေါ်မူတည်ပြီး နှီးတောင်းတွေ၊ ထန်းခေါက် တောင်းတွေနဲ့ထည့်ထားတာမျိုးလည်း ရှိတာပေါ့လေ။
ရပ်နီးရပ်ဝေးကဖိတ်ထားတဲ့ဧည့်သည်တွေကို မနက်စောစောကစပြီး ဧည့်ခံကျွေးမွေးရမှာ ဆိုတော့ ညပိုင်းကတည်းက သီးစုံဟင်းကျိုတာတွေ၊ ကုလားပဲနှပ်တာတွေ၊ ငရုတ်သီးကြော်တာတွေ၊ ဝက်သားဟင်းချက်တာတွေက ကြိုလုပ်ထားကြရတာ။ အစိမ်းကြော်တို့၊ မှန်ရောင်ဟင်းတို့လို လွယ်တာတွေဆိုရင်တော့ လင်းပိုင်းမှပေါ့။ ထမင်းချက်တဲ့အဖွဲ့က မအိပ်ရတော့ဘူး ဆိုပါတော့။ တစ်ယောက်တစ်လဲ ခဏတစ်ဖြုတ်မှေးရုံပဲမှေးရတာ။
ချက်တာပြုတ်တာ၊ သီချင်းဆိုတာတွေက သတို့သားအိမ်မှာ။ မင်္ဂလာမဏ္ဍပ်ကျတော့ သတို့သမီးအိမ်မှာ ဆောက်ရတာပေါ့။ သစ်နဲ့ဝါးနဲ့ ထန်းရွက်နဲ့ဆောက်တာပါပဲ။ နောက်ပိုင်းတော့ ထန်းရွက်သိပ်မမိုးဘဲ မိုးကာနဲ့မိုးလာကြတယ်။ မဏ္ဍပ်ကလေး တင့်တင့်တယ်တယ်ဖို့အတွက် ကျတော့ ဆပ်တွန့်တွေ၊ ပူစီဖောင်းတွေ ဝေဝေဆာဆာနဲ့ အလှဆင်ကြရတာပေါ့။ ပူဖောင်း မှုတ်ရတာကလည်း သိပ်တော့ လွယ်တာမဟုတ်ဘူး။ လေထိုးတံတွေဘာတွေသိပ်မသုံးသေးခင်ဆို တဖူးဖူးနဲ့ တစ်လုံးပြီးတစ်လုံး အကုန်ဝိုင်းမှုတ်ရတာ။ ညဉီးပိုင်းကနေ အစောကြီး ကြိုလုပ်ထားလို့လည်းမရဘူး။ စောစောစီးစီးလုပ်ထားရင် ပူဖောင်းတွေက လေလျော့ပြီး ဆပ်တွန့်ကြိုးတွေက ပျော့တွဲကျကုန်တာ။ ဒီတော့ ညသန်းခေါင်ကျော်လောက်မှ အလုပ်စရတာ။ ပူဖောင်းတွေမှုတ်၊ ထိုင်းခနဲထကွဲတဲ့ဟာကကွဲ။ ဆပ်တွန့်ဆွဲတဲ့သူကဆွဲ။ ဒီလိုပဲ တစ်ယောက်တစ်လက် မနားတမ်းပေါ့။
“ကိုသိန်းတန် ကိုသိန်းတန်၊ စိုး သင်္ဘောပေါ်တက်ခဲ့မယ်နော်”
“အို မတက်နဲ့ မတက်နဲ့”
“ဟင် ဟင် တက်မယ် တက်မယ်”
မိုက်ခဲအဖွဲ့တွေ လက်မြှောက်ပြီးချိန်မှာတော့ အသံချဲ့စက်က “စိုးမိုးမေတ္တာ”တို့၊ “အသည်းနုတဲ့ တောကကိုရင်”တို့လို အသံပြဇာတ်တွေဖွင့်တာပေါ့။ ချက်ရင်းပြုတ်ရင်း လုပ်ရင်း ကိုင်းရင်း နားအရသာခံရင်းပေါ့။ ကျေးလက်ကလူတွေဆိုတော့ ကျေးလက်အငွေ့အသက်ပါတဲ့ ပြဇာတ်တွေကို ပိုကြိုက်ကြတာပေါ့။
“ဆန်ဆိုတာ စပါးကဖြစ်သတဲ့၊ စပါးဆိုတာ လယ်ကွင်းထဲမှာရှိသတဲ့ဗျာ။ မသိရင် မှတ်သားထားကြပါ”
ပြဇာတ်ခေတ်ကိုလွန်လာပြီး ဗီဒီယိုခေတ်ရောက်လာတော့ မင်္ဂလာဆောင်အိမ်မှာ ဗီဒီယို ပြစက်ငှားပြီး တစ်ကားနှစ်ကား ပြကြတာမျိုးလည်းရှိတယ်။ မနက်လင်းလာတော့ ကျွေးမွေး ဧည့်ခံဖို့ပြင်ကြရတာပေါ့။ စားပွဲတွေခင်း၊ ပန်းကန် ခွက်ယောက်တွေခင်း၊ အမှိုက်ရှင်းတဲ့သူကရှင်း။ ရွာဓလေ့က မိုးလင်းတာနဲ့ ဧည့်တွေကျလာတာပဲ။ မနက်စောစောဧည့်ခံတဲ့အပိုင်းက သတို့သား အိမ်ဘက်မှာပေါ့။
အလှူ၊ မင်္ဂလာဆောင်ရှိရင် စာရင်းထိုင်ဆိုတာလည်း ရှိရသေးတာ။ စာရင်းထိုင်ဆိုတာ အမှန်တော့ စာရင်းကိုင်ပေါ့။ စာရင်းတွေထိုင်ရေးနေရလို့ ရွာက စာရင်းထိုင်ခေါ်တာထင်ပါရဲ့။ မဏ္ဍပ်ပေါက်မှာ အောင်သပြေနဲ့၊ မြေစာနဲ့၊ သီးညွန့်၊ ဒန်းညွန့်တွေနဲ့ အောင်ပန်းဝေတဲ့သူ၊ ဆေးလိပ်ဝေတဲ့သူတွေလည်း ရှိမယ်။ စာရင်းရေးတဲ့သူတွေလည်းရှိမယ်ပေါ့။ စာရင်းရေးတဲ့သူရဲ့ အလုပ်ကတော့ ဒီပွဲမှာ မင်္ဂလာမောင်နှံအတွက် ဘယ်ရွာကဘယ်သူက ဘယ်လောက်လက်ဖွဲ့ပါတယ် ဆိုတာကို တစ်ရွာချင်းစီအလိုက် စာရင်းလေးတွေခွဲမှတ်ရတာပေါ့။
“သားအတွက်ဆိုတော့
တစ်အားတက်အောင်ရယ်လို့(ကျုပ်တို့) အမေအိုကလည်း
ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်း၊
(ကိုမင်းရာရယ်) မယားဘက်က မောင်တွေကလည်း ပုလွေတိုနှစ်စင်း”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အညာမင်္ဂလာဆောင်လေးချိုးကြီးနဲ့အညီပေါ့လေ။ တစ်အိုး တစ်အိမ်ထူထောင်ကြတဲ့ ကြင်စဉီးဇနီးမောင်နှံကို လာသမျှပရိတ်သတ်တွေက ကိုယ်တတ်နိုင်တာ လေးတွေနဲ့လက်ဖွဲ့ကြတာ၊ ငွေကြေးလေးတွေအပြင် အိုးအင်ခွက်စလောင်းတွေပါ ပါလိုက်သေးတာ။ စာရင်းထိုင်ရဲ့အလုပ်ကလည်း သိပ်တော့လွယ်တာမဟုတ်ဘူးရယ်။ ငွေရေပြီး သိမ်းတဲ့သူက တစ်ယောက်၊ ရေးမှတ်တဲ့သူကတစ်ယောက်။ တစ်ခါတစ်ခါ ရွာနီး၊ ရွာဝေးခွဲပြီး နှစ်ခုံထားတာမျိုးလည်း ရှိတယ်။ လက်ဖွဲ့တဲ့သူတွေက အေးအေးဆေးဆေးလက်ဖွဲ့ကြတာမဟုတ်ဘူး။ အသွားသမားကလည်း အသွားမို့ မဏ္ဍပ်ထဲထိုင်ချင်တော့လို့၊ အပြန်သမားကလည်း အပြန်မို့ အမြန်သွားချင်တော့လို့ “ဟေ့ဟေ့၊ ဘယ်ရွာက ဉီးဘယ်သူ+ဒေါ်ဘယ်သူကွာ၊ အဲ့ဒါအရင်ရေးလိုက်စမ်း”ဆိုတာမျိုးနဲ့ တိုးနေ ဝှေ့နေကြတာဆိုတော့ စာရင်းမမှားအောင် သတိကထားနေရတာ။ စာရင်းချုပ်လိုက်လို့ မကိုက်ရင် ကိုယ်ကစိုက်ရမယ့်ကိန်းမဟုတ်လား။
နေနည်းနည်းမြင့်လာမှ ကန်တော့ပွဲနဲ့၊ လူကြီးစုံရာနဲ့ တန်းစီပြီး သတို့သမီး အိမ်ဘက်ချီတက်ကြတာ။ အသံချဲ့စက်ဆရာကလည်း သူ့စက်တွေ လှည်းပေါ်တင်ပြီး ဖွင့်ရင်းနဲ့ နောက်ကလိုက်ရတာပေါ့။
မင်္ဂလာပွဲကိုဉီးဆောင်ကျင်းပတာကျတော့ ဘိသိက်ဆရာရဲ့အခန်းကဏ္ဍပေါ့။ မဏ္ဍပ်ထဲမှာ စားပွဲ၊ တန်းလျားတွေခင်း၊ ကန်တော့ပွဲတွေ၊ ပန်းအိုးတွေတင်၊ တန်းလျားပေါ်မှာ နှစ်ဘက်မိဘ၊ ဘိုးဘွားတွေ၊ ရွာ့မိရွာ့ဖတွေထိုင်၊ စားပွဲရှေ့က ဖျာပေါ်မှာ သင်ဖျူးလေး၊ ကော်ဇောလေး ဒါမှမဟုတ် စောင်အသစ်ကလေးခင်းပြီး သတို့သား၊ သတို့သမီးကထိုင်။ အပျိုရံ၊ လူပျိုရံတွေက သူတို့ ဘေးမှာထိုင်။ နောက်က ပရိတ်သတ်တွေထိုင်ပြီး မင်္ဂလာလက်ထပ်ပွဲဆင်နွှဲကြတာပေါ့။ မဏ္ဍပ်နဲ့မလှမ်းမကမ်း မှာတော့ ခါတော်မီလာရောင်းတဲ့ဈေးဆိုင်လေး တစ်ဆိုင်နှစ်ဆိုင်။ စက်ဘီးကလေး၊ ဆိုင်ကယ် ကလေးနဲ့ပေါ့။ ကားတွေ၊ သေနတ်တွေ၊ အရုပ်တွေ၊ ပူဖောင်းတွေ၊ ပိပီတွေ၊ ကလေးတွေ ကြိုက်မယ့်ဟာ အကုန်ပါတာပေါ့လေ။
ပုဆိုးတန်းတင်ထိမ်းမြားခြင်း၊ လက်ဆုံစား၍ထိမ်းမြားခြင်း၊ လက်စွပ်လဲ၍ထိမ်းမြားခြင်း၊ အဝတ်လဲ၍ထိမ်းမြားခြင်း၊ လက်ထပ်၍ထိမ်းမြားခြင်း၊ ဒါလီဖွဲ့၍ထိမ်းမြားခြင်း၊ စုလျားရစ်ပတ်၍ ထိမ်းမြားခြင်း၊ ပန်းကုံးစွပ်၍ထိမ်းမြားခြင်း၊ ရေခွက်၌လက်ချ၍ထိမ်းမြားခြင်း၊ ဉီးထိပ်၌ရေစင်သွန်း၍ ထိမ်းမြားခြင်းဆိုပြီး မြန်မာ့ရိုးရာထိမ်းမြားခြင်းမင်္ဂလာဆယ်ပါးရှိတဲ့အထဲက ရွာဘက်မှာတော့ လက်ထပ်၍ ထိမ်းခြားခြင်း၊ ရေခွက်၌လက်စုံချ၍ထိမ်းမြားခြင်းနဲ့ ဉီးထိပ်၌ရေစင်သွန်း၍ ထိမ်းမြားခြင်း ဆိုတဲ့ ထိမ်းမြားခြင်းသုံးမျိုးနဲ့ လက်ထပ်ထိမ်းမြားခြင်းသုံးမျိုးလောက်သုံးပြီး မင်္ဂလာပွဲကျင်းပလေ့ ရှိကြတာပါ။
မင်္ဂလာဩဝါဒကိုလည်း ဘိသိက်ဆရာက အတော်လေးပြည့်စုံအောင်ပြောကြတာ။ မြို့က ပွဲတွေလို စတိသဘောလောက်ပြောရတာမျိုးမဟုတ်ဘူး။ လာတဲ့ပရိသတ်ကလည်း စားရင်း သောက်ရင်းနားထောင်တာမျိုးမဟုတ်ဘဲ သက်သက်ကိုနားထောင်တာဆိုတော့ ဘိသိက်ဆရာ ဘာပြောသလဲ၊ ဘာဆိုသလဲ သေသေချာချာကို နားထောင်နေကြတာ။ ဒီတော့ ပြောတဲ့သူကလည်း ပေါ့ပေါ့တန်တန်ပြောလို့မရဘူးပေါ့လေ။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာမင်္ဂလာတွေ၊ မိဘ ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်တွေနဲ့ ဆီဆိုင်ရာတွေ စီကာပတ်ကုံး ပြောရဆိုရ ဩဝါဒပေးရတာပေါ့။
ဒီနေရာမှာ သတိတရထည့်ပြောချင်တာလေးကတော့ အလှူဘိသိက်ပဲဖြစ်ဖြစ်၊ မင်္ဂလာ ဘိသိက်ပဲဖြစ်ဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့မူနဲ့ ဘိသိက်သွန်းတဲ့သူ တော်တော်များများ ရှိတယ် ဆိုတဲ့အချက်ပါ။ ဆရာကြီးက ဇာတိမာန်စာဆိုကြီး၊ ငြိမ်းချမ်းရေးပိသုကာကြီးဖြစ်တဲ့အပြင် ဘိသိက် ဆရာကြီးလည်းဖြစ်ပါတယ်။ ဆရာကြီးရဲ့တပည့် ဣန္ဒာဝဇိရဘွဲ့ခံ သာယာဝတီ သခင်အောင်ချိန်ရေးတဲ့ ဆရာဖြစ်သင်ဘိသိက်မင်္ဂလာကျမ်းဆိုတာရှိတယ်။ ဒီကျမ်းမှာ ဆရာကြီး ကိုယ်တိုင် ဥယျောဇဉ်ရေးထားပါသေးတယ်။ ဒီကျမ်းကိုကြည့်ပြီးဆောင်ရွက်တဲ့မူက ဆရာကြီးရဲ့မူလို့ ဆိုရမှာပေါ့လေ။
ဘိသိက်ဆရာက ဆီဆိုင်ရာအခန်းကဏ္ဍတွေ စုံအောင်ခင်းပြီးတော့ မင်္ဂလာမောင်နှံအတွက် ပတ္ထနာအောင်ဆုပြုပြီး ပွဲကိုသိမ်းတယ်။ ပွဲပြီးပြီပေါ့။ ဒါဆိုမဏ္ဍပ်ထဲက ပူစီဖောင်းတွေလည်း သူ့ထက်ငါအလုအယက်ဖြုတ်ကုန်ကြလို့ ကုန်ပြီပေါ့လေ။ ပူဖောင်းဖြုတ်ကြတာကလည်း ရွာမှာ ဓလေ့လိုဖြစ်နေပြီ။ ကြိုပြီးညှိထားစရာမလိုဘူး၊ ပွဲသိမ်းတာနဲ့တစ်ပြိုင်နက် အသံချဲ့စက်ဆရာက အောင်ပါစေသီချင်းကိုဖွင့်တယ်။ တစ်ခြားသီချင်းမပါရင်နေမယ်၊ ရွှေမန်းရဲ့ အောင်ပါစေကတော့ မင်္ဂလာပွဲတိုင်းမှာ ဒီကနေ့အချိန်အထိ မပါမပြီး။
“အောင်ပါစေ၊ ဇေယျတုနဲ့ခြွေ၊ သပြေနုခက်ဝေ၊ ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ခြွေ၊ ကမ္ဘာမြေအမှီပြုတဲ့ လူထုအားလုံးကျန်းမာချမ်းသာစေ”
သိုက်စိုးထွန်း(နတ်ရွာ)
၈.၁.၂၀၂၂ ရက်နေ့ထုတ်
The Daily Eleven သတင်းစာ
Keep Reading