တင်ညွန့်
ကာလီဒါသသည် တစ်နေ့တွင် ခရီးတစ်ခုကို ထွက်လာသည်။
ပူပြင်းလှသောနွေနေ့တစ်နေ့ဖြစ်သောကြောင့် သူရေဆာနေသည်။ တစ်နေရာတွင် ရေတွင်းတစ်တွင်းကို တွေ့သဖြင့် ဝမ်းသာအားရနှင့် အပြေးလေးသွားလိုက်သည်။ ရေတွင်း၌ အဘွားအိုတစ်ယောက်သည် ရေငင်နေ သည်ကိုတွေ့လိုက်ရသဖြင့်
“မိခင် ရေဆာလှသဖြင့် ရေအနည်းငယ်မျှ သောက်ခွင့်ပြုပါ” ဟု ပြောလိုက်သည်။
အဘွားအိုက
“သင်မည်သူနည်း ... သင့်ကို ငါမသိ။ သင့်ကိုယ်သင် မိတ်ဆက်လော့” ဟု ဆိုသည်။
“ကျွန်ုပ်သည် ခရီးသွားတစ်ယောက်ဖြစ်ပါသည်။ ရေသောက်ပါရစေ”
“အလိုကွယ် သင်က ခရီးသွားတဲ့လား။ လောကမှာ ခရီးသွားနေတာ နှစ်ယောက်ပဲရှိတာကွယ့်။ နေနဲ့လလေ။ အဲဒီနှစ်ခုပဲ မရပ်မနား ခရီးသွားနေတာ။ သူတို့က ဘယ်တော့မှ မနားဘူး။ ဒါနဲ့ မေးစမ်းပါရစေ။ မင်းက နေလား ... လလား”
“မိခင် ကျွန်ုပ်သည် ဧည့်သည်ပါ ... ကျေးဇူးပြုပြီးရေသောက်ပါရစေ”
“မင်းက ဧည့်သည်တဲ့လား။ လောကမှာ ဧည့်သည် နှစ်မျိုးရှိသကွယ့်။ ပထမဧည့်သည်က ချမ်းသာခြင်း၊ ဒုတိယဧည့်သည်ကနုပျိုခြင်းတဲ့။ အဲဒီနှစ်မျိုးဟာ မမြဲဘူးနော်။ မေးစမ်းပါရစေ။ မင်းက ဘယ်ဧည့်သည်လဲ”
ကာလီဒါသသည် စိတ်တိုစပြုလာသည်။ သူမေးသမျှဖြေတိုင်း သူ့ကို ပြန်မေးနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သူက
“မိခင် ကျွန်ုပ်သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ ရေဆာလွန်းတာကြောင့် ရေသောက်ပါရစေ”
“အမောင် ... သည်းခံခြင်းဆိုတာ နှစ်မျိုးရှိတယ်ကွယ့်။ ဟောဒီကမ္ဘာကြီးမှာလေ အပြစ်တွေအများကြီး ပြုလုပ် ထားတဲ့သူတွေကို ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုအနေနဲ့ သည်းခံပြီး လက်ခံထားရတယ်။ အဲဒီလိုပဲ ကောင်းကျိုးပြုပြီး ကောင်းတာတွေကိုလုပ်နေတဲ့သူတွေကိုလည်း ကမ္ဘာကြီးက လက်ခံထားရတယ်။ မင်းက ဘယ်လို သည်းခံခြင်းမျိုးနဲ့သည်းခံနေသူလဲ”
ကာလီဒါသသည် ဒေါသထွက်လာသဖြင့်
“မိခင် ကျွန်ုပ်စိတ်ကို စမ်းနေတာလား။ ကျွန်ုပ်ကား ခေါင်းမာသောသူတစ်ဦးဖြစ်သည်”
“သား ... မင်းမှားပြန်ပြီ။ ခေါင်းမာတယ်ဆိုတာ နှစ်မျိုးရှိတယ်။ တစ်မျိုးက သံကွယ့် ... နောက်တစ်မျိုးက ဆံပင်ပဲ။ သူတို့ကို ဘယ်ဖြတ်သည်ဖြစ်စေ ပြန်ထွက်တာမျိုးလေ။ မေးစမ်းပါရစေ ... မင်းက ဘယ်လိုခေါင်းမာ တဲ့အမျိုးအစားလဲ”
“ကျွန်ုပ်သည် အရူးတစ်ယောက်ပါ ... ကိုင်း ကျေနပ်ပြီလား ရေတိုက်ပါတော့”
“အလိုကွယ် မင်းက ဘယ်လိုလုပ်ပြီး အရူးဖြစ်ရမှာလဲ။ ဟောဒီလောကမှာ အရူးက နှစ်ယောက်တည်းရှိတာ။ ပထမအရူးက တိုင်းပြည်ကို အရည်အချင်းမရှိဘဲ အုပ်ချုပ်နေတဲ့ ဘုရင်ဆိုတဲ့ကောင်နဲ့ နောက်တစ်ယောက် ကတော့ ဘုရင့်ဘေးမှာ ကပ်မြှောင်ပြီး ပညာရှိယောင်ဆောင်ကာ မှန်လှပါဘုရားဆိုပြီး မြှောက်ပင့်စားနေတဲ့ ကောင်။ ကိုင်း မေးစမ်းပါရစေ မင်းက ဘယ်လိုအရူးမျိုးလဲ”
ကာလီဒါသလည်း အဘွားအိုကို မည်သို့မျှ ပြောဆိုရန် မဝံ့ရဲတော့သဖြင့်
“မိခင် ... တောင်းပန်ပါသည်။ ကျွန်ုပ်အား ရေအနည်းငယ်မျှ ပေးပါ” ဟု ပြောရလေတော့သည်။
“အမောင် ကာလီဒါသ”
သူ့အမည်ကိုခေါ်လိုက်သဖြင့် ကာလီဒါသက လန့်သွားပြီး မော့ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသူမှာ သူရဿတီမယ်တော်ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ မယ်တော်က
“သား ... ပညာက အသိကိုပေးသည်။ ပညာကြောင့် အတ္တကိုပယ်သတ်နိုင်သည်။ ပညာဖြင့်သာ သင့်မှာဖြစ်ပေါ် လာသည့် အတ္တနှင့် မာနတွေကို ပယ်သတ်နိုင်သည်။ အရာရာတွင် ပညာဖြင့်စဉ်းစားဆင်ခြင်ကာ လုပ်နိုင်စေရန် အတွက် ငါကသင့်အား သတိလာပေးခြင်းဖြစ်သည်” ဟုဆိုကာ ပျောက်သွားလေတော့သည်။
ရေတွင်းဘောင်ပေါ်တွင် ရေပုံးထဲ၌ ရေအပြည့်ရှိနေသည်။ ကာလီဒါသသည် ထိုရေကိုသောက်ပြီး ခရီးဆက်ခဲ့ သည်။
(အိန္ဒိယပုံပြင်တစ်ပုဒ်ကို မှီငြမ်းထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၉.၁.၂၀၂၅
Keep Reading