တင်ညွန့်
လူစည်ကားရာ ဈေးနေရာတွင်ဖြစ်သည်။
ဆိုကရေးတီးသည် အိမ်က မိန်းမနှင့် အဆင်မပြေဖြစ်လာပြီး ဈေးလူစည်ကားရာ နေရာကို ထွက်ခဲ့သည်။ ဈေးသည်သူ့အတွက် ကြည့်စရာ၊ မြင်စရာ၊ တွေးစရာ၊ ဝေဖန်စရာ၊ ဆွေးနွေးစရာနေရာတစ်နေရာဖြစ်သည်။ ဤနေရာတွင် သူသည် လူငယ်များနှင့်တွေ့ဆုံသည်။ ဤနေရာတွင် သူသည် ကိုယ့်ကိုယ်ကိုယ် ပညာရှင်ဟု ထင်နေသူများနှင့် တွေ့ဆုံသည်။ ဤနေရာတွင် သူသည် စိတ်ကြီးဝင်နေသူများနှင့်တွေ့ဆုံသည်။ ဤနေရာတွင် သူသည် သူ့ထံက အတွေးအခေါ်ပညာတွေကို သိချင်သောကြောင့် မေးမြန်းစူးစမ်းသူ လူငယ်တွေနှင့်လည်း ဆုံတွေ့ရသည်။ အမှန်တော့ ဤနေရာသည် သူ့အတွက် ဘဝစာသင်ခန်းကြီးတစ်ခုဖြစ်သည်။
စိတ်ညစ်ညစ်နှင့် လူတွေကို ထိုင်ကြည့်နေရာမှ သူ့အနီးကို လူငယ်တွေဝိုင်းလာသည်။ သူတို့ ဆရာကြီး ယနေ့ ဘာတွေပြောကြားမည်၊ ဆွေးနွေးမည်ဆိုသည်ကို နားစွင့်နေကြသည်။ ထိုစဉ် လူတစ်ယောက်က ဆိုကရေးတီး အနီးကို ချဉ်းကပ်လာပြီး
“ဟေ့ ကိုယ့်ကိုယ်ကိုယ် လူတော် လူတတ်ကြီးထင်နေတဲ့အကောင် ... မင်းက ဘာတွေများ တတ်နေလို့လဲ။ ဘာကြောင့်များ ကလေးတွေကို မင်းရဲ့ ရူးကြောင်ကြောင် အတွေးအခေါ်တွေကို ရိုက်သွင်းနေရတာလဲ။ ငါတို့ နတ်ဘုရားတွေကို ဝေဖန်ရလောက်အောင် မင်းမှာ ဘယ်လောက်အစွမ်းရှိလို့လဲ။ မင်းလို အရူးတစ်ယောက် ဒီလောကမှာ ရှိနေတာ ဆန်ကုန် မြေလေးပဲ။ ဒီနိုင်ငံမှာ မင်းလို ရူးကြောင်ကြောင် အတွေးအမြင်တွေကို ပြောနေတဲ့ကောင် ရှိနေတာကလည်း တို့တိုင်းပြည်ရဲ့ ရှက်စရာအဖြစ်ပဲ။ ထွက်သွား ... ဒီနေရာကရော ဒီတိုင်းပြည်ကရောထွက်သွား။ အလကား အရူး” ဆိုပြီး ဆဲဆိုဝေဖန် ပြစ်တင်လေတော့သည်။
ဆိုကရေးတီးက ထိုသူကို မည်သို့ တုံ့ပြန်မည် ထင်ပါသနည်း။
မည်သို့မျှ မတုံ့ပြန် ငုတ်တုတ်ထိုင်ပြီး လက်ပိုက်ကာ ပြုံးပြုံးကြီး ကြည့်နေသည်။
သူ့ကိုလာပြီး ပြစ်တင်ဝေဖန် ဆဲဆိုနေသောသူလည်း နောက်ဆုံးတွင် မည်သည့်တုံ့ပြန်ချက်ကိုမျှ မရသဖြင့် ထိုနေရာက ထွက်သွားလေတော့သည်။
တပည့်တစ်ယောက်က
“ဆရာ ... အဘယ်ကြောင့် ဆရာ့အပေါ် မဟုတ်မမှန်တွေ ဝေဖန်ပြစ်တင်ကာ ဆဲဆိုနေသောသူကို မတုံ့ပြန်ရ သနည်း။ ဆရာတစ်ခုခု လုပ်လိုက်လျှင်ပင် ကျွန်ုပ်တို့သည် ဆရာ့နောက်ကို လိုက်ပါပြီး လုပ်ဆောင်ကြမည်သာ ဖြစ်သည်။ ဆရာက မည်သို့မျှ မတုံ့ပြန်သဖြင့် ကျွန်ုပ်တို့လည်း ငြိမ်နေရပါသည်” ဟု ဆိုလိုက်သည်။
ဆိုကရေးတီးက သူ့တပည့်တွေကို အေးဆေးစွာ ပြောလိုက်သည်။
“တပည့် ... မြည်းတစ်ကောင်က သင့်ကို ကန်လိုက်လျှင် သင်က ထိုမြည်းကို စိတ်ဆိုးပြီး တရားရုံအထိ ခေါ်သွားမည်လော”
ဆိုကရေးတီးက ထိုစကားတစ်ခွန်းတည်းကိုသာ ပြောလိုက်သည်။
အရူးလိုကောင်နှင့် ဖက်ပြိုင်ကာ ပြောဆိုရန်ဖြစ်နေခြင်းဖြင့် အချိန်ရော၊ စွမ်းအားတွေရော အကုန်ခံစရာ အကြောင်းမရှိကြောင်း ဆိုကရေးတီးက လက်တွေ့သင်ခန်းစာ ပေးလိုက်ခြင်းဖြစ်သည်။
အောင်မြင်မှုတစ်ခုသည် အတိုင်းအတာတစ်ခုအထိရောက်လာချိန်တွင် မြည်းလိုကောင်တွေ ပေါ်လာတတ် သည်။ ထိုမြည်းလိုကောင်တွေ၏ ရူးပေါပေါစိတ်နှင့် အပြောတွေကို သင်ကလက်ခံပြီး တုံ့ပြန်လိုက်သည်နှင့် သင့်စွမ်းအားတွေရော စိတ်ဓာတ်တွေပါ လျော့နည်း ဆုတ်ယုတ်သွားလေပြီ။
ထို့ကြောင့် သောက်ရူးတွေကို သောက်ဖက်လုပ်ကာ သောက်ရေးမလုပ်စေလိုပါ။
ကိုယ့်လမ်းကိုယ်လျှောက် ခရီးရောက်ဖို့သာ အရေးကြီးသည်။
တင်ညွန့်
၁၅.၁.၂၀၂၅
Keep Reading