တင်ညွန့်
ကျွန်မ ဈေးကပြန်လာစဉ် သတိထားမိသည်မှာ ကလေးတစ်ယောက် ကျွန်မနောက်ကို ပြေးလိုက်လာခြင်း ဖြစ်သည်။
“အဒေါ် ... အဒေါ်”
ကလေးက ၁၀ နှစ်ဝန်းကျင်ခန့်ရှိမည်။ ပိန်လွန်းသဖြင့် သူ့အသက်ကို ကျွန်မ မခန့်မှန်းနိုင်တော့။
ကျွန်မလည်း အိမ်ရှေ့ကို ရောက်လာပြီဖြစ်သဖြင့် ခြံတံခါးသော့ကိုဖွင့်ရန် ကိုင်ရင်းက
“ဘာလဲ သား ... ဘာကိစ္စလဲ” ဟု မေးလိုက်မိသည်။
“အဒေါ့်ခြံထဲမှာ အမှိုက်တွေရှင်းဖို့ လူမလိုဘူးလား”
“မလိုပါဘူးကွယ်”
“အမှိုက်တွေအများကြီးပဲ ... မေးကြည့်တာပါ။ သားကို ပိုက်ဆံမပေးရပါဘူး။ စားစရာ တစ်ခုခုပေးရင် ရပါပြီ”
ကျွန်မစိတ်မကောင်းဖြစ်သွားရသည်။ ကလေးက ဆာနေပုံပေါ်သည်။ ကျွန်မက ဈေးမှ ဝယ်လာသော ကြာဆံကြော်လေးတစ်ထုပ်ကို လက်ထဲက ဖြုတ်လိုက်ပြီး
“ရော့ သားလေး ... ဒါလေးယူသွားနော်” ဟု ပေးလိုက်သည်။
သူက
“သား မယူသေးဘူး ... အမှိုက်ရှင်းပေးပြီးမှ ယူမယ်”
ကျွန်မလည်း ခြံတံခါးကိုဖွင့်လိုက်ပြီး
“ကဲ ... ဒါဆိုလည်း ရှင်းပေါ့ကွယ်” ဟု သူ့ကို ခွင့်ပြုလိုက်သည်။
ကျွန်မခြံထဲတွင် ကံ့ကော်ပင်၊ သနပ်ခါးပန်းပင်နှင့် သရက်ပင်တို့က သစ်ရွက်တွေ ပြည့်နေသည်။ ခရီးထွက်သည်က ပြန်ရောက်သည်မှာ မကြာသေးသဖြင့် ခြံကိုလည်း မရှင်းမိ။ ကောင်လေးက ကျွန်မ ခြံထောင့် တွင်ထောင်ထားသော တံမြက်စည်းနှင့် သစ်ရွက်တွေကိုလှည်းပေးပြီး ခြံလယ်တွင် စုပုံပေးထားသည်။
“အဒေါ် လာကြည့်ပါဦး ... သားရှင်းထားတာပြောင်ရဲ့လားလို့” ဟု ပြောလိုက်သည်။
ရပါပြီကွယ် ... ပြောင်ပါတယ်။ သား ဒီမှာပဲ စားသွားနော်။ အဒေါ် ပန်းကန်ထဲ ထည့်လိုက်မယ်”
“ရတယ် ... သား အထုပ်လိုက်ပဲ ယူသွားတော့မယ်”
“သားဆာနေပြီ မဟုတ်လား”
“သားစားဖို့ မဟုတ်ဘူး”
“ဘယ်သူ စားဖို့လဲ”
“သားအမေစားဖို့ပါ။ ဆရာဝန်က အမေ့ကို အစားတစ်ခုခုကျွေးပြီးမှ ဆေးတိုက်ရမယ်ဆိုလို့”
“ဟင် ... သားအမေက ဘာဖြစ်လိုလဲ”
“အမေ နေမကောင်းတာကြာပြီ”
“သားအဖေကရော”
ကလေးက ဘာမှပြန်မပြော။ ကျွန်မလည်း မမေးမိတော့။ ကျွန်မက အိမ်ထဲပြန်ဝင်ပြီး ငါးထောင်တန် တစ်ရွက် သွားယူလိုက်ကာ
“သား ဒီမှာ ပိုက်ဆံ ငါးထောင်လည်း ယူသွား။ ကြာဆံကြော် နှစ်ထုပ်ယူသွား။ သားအမေကိုလည်းကျွေး၊ သားလည်းစား ဟုတ်ပြီလား။ ပိုက်ဆံက သားအမေ ဆေးဝယ်ဖို့လိုရင်သုံးနော်”
ကလေးက ကျွန်မလက်ထဲမှ ပိုက်ဆံနှင့် ကြာဆံကြော်နှစ်ထုပ်ကိုယူပြီး
“သားပြန်တော့မယ် ... အမေစောင့်နေလိမ့်မယ်” ဟုပြောလိုက်သည်။
“အေးပါကွယ် ... ကောင်းကောင်းသွား”
ကလေးက ခြံထဲမှ ပြေးထွက်သွားသည်ကို ကျွန်မကြည်နူးစွာကြည့်နေမိသည်။ မမျှော်လင့်သော အလှူလေး တစ်ခုလုပ်လိုက်မိသည့် အတွက်လည်း ပျော်နေမိသည်။ သားအတွက်ပါ ဝယ်လာသော ကြာဆံကြော်လေးကိုပါ ပေးလိုက်ရသည့်အတွက် သူနိုးလာလျှင် စားဖို့ တစ်ခုခုလုပ်ရပေဦးမည်။
သားကမှ နိုးလာလျှင် အသင့်စားရန် ပြင်ဆင်ကျွေးမည့်သူရှိသည်။
ဟိုကလေးကတော့ သူ့အမေအတွက် သူရုန်းကန်နေရရှာသည်။
တင်ညွန့်
Keep Reading