တင်ညွန့်
ဟိုးရှေးရှေးကခွေးမွေးခြင်းကို ဝါသနာကြီးသည့် ဘုရင် တစ်ပါးရှိသည်။
ထိုဘုရင်က ခွေး ၁၀ ကောင်ကို လက်ရွေးစင်မွေးထား သည်။ ထိုခွေးများမှာ အကောင်လည်းကြီး၊ ရက်စက်ပြီး ဘုရင်က ကိုက်ဆိုလျှင် မညှာမတာကိုက်တတ်သော ခွေးများလည်းဖြစ်ကြသည်။
ဘုရင်သည် သူ့ထံတွင် ခစားသောကျွန်တွေ အမှားတစ် ခုခု လုပ်မိလျှင် ထိုကျွန်ကို ခွေးစာကျွေးလေ့ရှိသည်။ အမှားလုပ်သောကျွန်ကိုဖမ်းကာ ခွေးတွင်းထဲကို ပစ်ချလိုက်ရုံသာဖြစ်သည်။ ခွေးတွေကလည်း ပစ်ချလိုက် သမျှကို နောက်ဆုံးအရိုးအရင်းအထိ ဝါးစားပစ်လေ့ရှိသောကြောင့် နန်းတော်တစ်ခုလုံးက အပြစ်တစ်ခုခုကို လုပ်မိမည်အား ကြောက်ကြသည်။
တစ်နေ့တွင် ကျွန်တစ်ယောက်သည် အမှားတစ်ခုကို ကျူးလွန်မိသည်။ ထုံးစံအတိုင်း သူ့ကို ခွေးစားကျွေးရ မည်သာဖြစ်သည်။ သို့သော်ကျွန်ယုံဖြစ်နေသဖြင့် ကျွန်က ဘုရင့်ထံ အခွင့်အရးတစ်ခုတောင်းသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးကို ၁၀ ရက် အသက်ရှင်ခွင့်ပေးပါ။ ၁၀ ရက်ပြည့်ပြီးလျှင် အရှင်မင်းကြီး ကြိုက်သလို စီမံပါ”
“သင့်ကို ငါလွှတ်ပေးထားရမည်လော။ သင်ထွက်ပြေးလျှင် မည်သို့လုပ်ရမည်နည်း”
“ကျွန်တော်မျိုး ထွက်မပြေးပါ။ အရှင်မင်းကြီး ထံပါးတွင် အရှင့်အကျိုးကို ၁၀ ရက်တိတိ ထမ်းဆောင်သွား ပါမည်”
“ကောင်းပြီ ... သင်ဘာလုပ်မည်နည်း”
“ကျွန်တော်မျိုးကို ခွေးများအား ပြုစုစောင့်ရှောက်ခွင့်ပေးပါ”
“လုပ်စေ”
ကျွန်သည် ခွေးများ လှောင်ထားသည့်လှောင်အိမ်တွင် တာဝန်ကျသည်။သူက ခွေးတွေကို နေ့စဉ် အစား အစာများကျွေးသည်။ ပိုပြီးရင်းနှီးစေရန် အနီးကပ်ပြီး ပွတ်သပ်ပေးသည်။ ရေချိုးပေးသည်။ အစားအစာများကို ခွံ့ကျွေးသည်။ ထိုသို့ ၁၀ ရက်တိုင်တိုင် ခွေးတွေနှင့်အတူ နေထိုင်ပြီး ရင်းနှီးကျွမ်းဝင်သည့် အဆင့်တစ်ခုကို ရောက်ခဲ့သည်။
၁၀ ရက်မြောက်ပြီး နောက်တစ်နေ့တွင် ထိုကျွန်ကို ဘုရင့်အမိန့်အရ ခွေးတွင်းထဲပစ်ချပြီး စီရင်တော့မည်။ ကျွန်ကို ကြိုးတုတ်ပြီး ခေါ်လာကြသည်။ ထိုကျွန်က ခွေးတွင်းဝအရောက်တွင် ကြောက်ရွံ့ခြင်းလည်းမပြသဖြင့် အံ့အားသင့်နေကြသည်။
ခွေးတွေကို လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်ကြသည်။ မာန်ဖီနေသောခွေးတွေက သူတို့လူသားကို စားရတော့မည်ဆိုခြင်းကိုသိနေသဖြင့်ဂနာမငြိမ် ထိန်းမနိုင် သိမ်း မရဖြစ်နေသည်။
နောက်ဆုံးတွင် ကျွန်သည် ခွေးတွင်းထဲကို သူ့ဘာသာသူ ခုန်ဆင်းသွားသည်။ မာန်ဖီနေသော ခွေးတို့သည် ချက်ချင်း ငြိမ်သွားသည်။ အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ခွေးတွင်းထဲကို ငုံ့ကြည့်ကြသည်။
ကျွန်က ခွေးတွေကို ပွတ်သပ်ပြီး မြူးတူးပျော်ရွှင်နေကြသည်။
နောက်ဆုံး ထိုကျွန်ကို ခွေးတွေက မကိုက်၊ မသတ်သဖြင့် လွှတ်ပေးလိုက်ရသည်။
(10 Dogs and the Servant ကိုမြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၈.၁.၂၀၂၅
Keep Reading