မော်ဂန်
ငယ်ငယ်တုန်းက ဘိုးဘိုးပြောဖူးတယ်။ "သားရေ... ကြားသုံးကြားဆိုတာ ဘယ်တော့မှ မဝင်ကောင်းဘူးတဲ့။ ရှေးလူကြီးတွေက မှတ်သားစရာအဖြစ် ချန်ထားခဲ့တာ"လို့ပြောဖူးတယ်။ ဟုတ်ပါတယ် အဲ့ကြားသုံးကြားသာဝင် လိုက်မိရင်တော့ အတောမသတ်နိုင်တဲ့ ပြဿနာမျိုးတွေနဲ့ကြုံရတတ်ပါတယ်။
ပထမကြားက "လင်မယားကြား"ပေါ့။ လင်မယားနှစ်ယောက် စကားများနေတုန်း သွားဝင်ပြီး ဖျန်ဖြေပေးမယ်ဆိုရင် ပိုဆိုးသွားတတ်တယ်။ တစ်ယောက်ဘက်က ဝင်ပြောမိရင် နောက်တစ်ယောက်က မကျေမနပ်ဖြစ်သွားတတ်တယ်။ သူတို့ချင်း ပြန်ကောင်းအောင် အချိန်ပေးလိုက်တာက အကောင်းဆုံးပဲ။
ဥပမာ- သူတို့နှစ်ယောက်အဆင်မပြေတဲ့အချိန်
မိန်းမဖြစ်သူရဲ့ မကောင်းကြောင်းကို ယောက်ျားဖြစ်သူထံ ပြောပြလိုက်တယ်ပဲဆိုပါစို့ ။ ထိုစကားဟာ သူတို့အဆင်မပြေတုန်း အချိန်မှာသာ ဘာမှမဖြစ်ပေမယ့် ။ ပြန်လည် သင့်မြတ်သွားတဲ့အခါ ထိုစကားကိုဘာအဓိပ္ပာယ်နဲ့ပြောကြောင်း မိန်းမဖြစ်သူက ပြန်မေးလာနိုင်ပြီး ပြဿနာတွေကကိုယ့်ဆီ ရောက်လာနိုင်ပါတယ်။
ဒုတိယကြားက "မိဘသားသမီးကြား"ပေါ့။ မိဘနဲ့သားသမီး ဆူပူနေကြချိနိမှာ အပြင်လူတစ်ယောက်အနေနဲ့ မဝင်သင့်ဘူး။ ဥပမာ မိဘက သားသမီးကို ဆုံးမနေတုန်း "ဟာ... သူငယ်ချင်းရယ်... ကလေးကို နည်းနည်းလျှော့ပေးပါဦး"လို့ မပြောသင့်ဘူး။ မိဘရဲ့ အခွင့်အာဏာကို ထိခိုက်စေသလို ကလေးဘက်ကလည်း ပိုဆိုးချင်စိတ် ပေါ်လာနိုင်တယ်။
နောက်ဆုံးကြားက "ဆရာတပည့်ကြား"ပေါ့။ ဆရာက တပည့်ကို သင်ကြားဆုံးမနေတုန်း ကြားထဲက မဝင်သင့်ဘူး။ အထူးသဖြင့် စာသင်ခန်းထဲမှာ ဆရာက ကျောင်းသားတစ်ယောက်ကို ပြောနေတုန်း တခြားကျောင်းသားတွေက ဝင်ပြောတာမျိုး မလုပ်သင့်ဘူး။
ကြားသုံးကြားထဲ ဝင်မိရင် ကိုယ်က ကောင်းစေချင်တဲ့စိတ်နဲ့ ဝင်ပြောတာ ဖြစ်ပေမယ့် အရာမထင်ဘဲ ပိုပြီး ရှုပ်ထွေးသွားတတ်တယ်။ ဒါကြောင့် ရှေးလူကြီးတွေက "ကြားသုံးကြားမဝင်ကောင်း"လို့ မှတ်သားစရာ ချန်ထားခဲ့တာပေါ့။
တခါတလေ ဝင်ဖြေရှင်းချင်တဲ့စိတ် ပေါ်လာပေမယ့် ထိန်းသိမ်းပြီး ရင့်ကျက်စွာ ဆင်ခြင်တတ်ဖို့ လိုပါတယ်။ အဓိက ပတ်သက်သူတွေ အချိန်ယူပြီး ကိုယ်တိုင်ဖြေရှင်းကြတာက ပိုကောင်းပါတယ်။ ဒါတွေဟာ လူ့ဘဝမှာ သင်ယူရမယ့် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါပဲ။
****
စာဖတ်သူများကိုအစဉ်လေးစားလျက်။
သာယာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေ။
ကျွန်တော်စာရေးသူ မော်ဂန်ပါ။
Telegram - moxgen_u
Keep Reading