Kavi
ကျွန်မ ချက်ချင်းပဲ စံဒြပ်ကို သွားဖို့ ပြင်ရတယ်။ အခုအချိန်မှာ နဝရတနက အဓိက စစ်မျက်နှာပြင်ဖွင့်နေရတဲ့ မြို့သုံးမြို့မြို့ရှိတယ်။ စမ်းသာနဲ့ ဟံစမ်း ဆိုတဲ့ ကမ်းစပ်မြို့နှစ်မြို့ရယ် စံဒြပ်ဆိုတဲ့ နယ်စပ်မြို့လေးတစ်မြို့ရယ်။ ဒီမြို့သုံးမြို့က နေထိုင်သူတွေကို စစ်ဘေးလွတ်ရာကို ရွှေ့ခိုင်းထားကြတာ ကြာပြီလို့လည်း ကြားထားတယ်။
ချက်ချင်းသွားဖို့ ပြင်ရတယ်ဆိုပေမယ့် အထက်လူမျိုးတွေက ကျွန်မတစ်ယောက်ထဲကို အကုန်အကျခံပြီး စစ်မြေပြင်ကို ပို့ပေးတာတော့ မဟုတ်ပါဘူး။ 'အထွေထွေစီမံရေးရာ'ကနေ ၂ နာရီနီးပါး လမ်းလျှောက်ရင် ရောက်တဲ့ 'လေ့ကျင့်ထိန်းသိမ်းရေးစခန်း'ကို ကျွန်မသွားရသေးတယ်။ အဲ့ဒီမှာ တစ်ပတ်ကြာ နေရမယ်လို့လည်း ကျွန်မသိခဲ့ရတယ်။ တော်ပါသေးတယ်။ အာဟာရ မပြည့်ဝလို့ ပိန်လှီနေတဲ့ မိန်းကလေးတစ်ယောက်ကို ချက်ချင်းကြီး စစ်မြေပြင် မပို့လို့။ ပို့မယ်လို့ တွေးခဲ့မိတဲ့ ကျွန်မကိုက တုံးအတာပါ။
ချွေးနံ့တွေ၊ ဖုန်နံ့တွေ မွှန်ထူနေတဲ့ ထိန်းသိမ်းရေးစခန်းမှာ ကျွန်မလို စစ်မြေပြင်သွားရမယ့် အခြေလူမျိုးတွေ ရာချီရှိပါတယ်။ အဝင်ဝဟောခန်းမှာ အခြေလူမျိုးတွေ ညစာအတွက် တန်းစီနေကြတယ်။ ကျွန်မရှေ့က ဖြတ်သွားတဲ့ လူတစ်ယောက် လက်ထဲက စားစရာတွေကို တွေ့ရပုံအရတော့ ဒီမှာကျွေးတာကို စားရတာက ကျွန်မအိမ်မှာ စားရတာထက်တော့ ပိုကောင်းမှာ သေချာတယ်။ မွေးနေ့လေးမှာ စ်ခါလောက် ကောင်းကောင်းလေး စားဖူးပြီလေ။ ချက်ချင်းပဲ လူတန်းအဆုံးကနေ ကျွန်မ ဝင်တန်းစီလိုက်တယ်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ စားစရာ ရလာပါပြီ။ ပုံစံခွက်လေးထဲမှာ အမဲသား၊ အစိမ်းကြော်နဲ့ ကြက်ရိုးဟင်းရည်။ ရှေ့တန်းသွားရမှာကြောင့် ကံဆိုးတယ်လို့ ထင်ထားပေမယ့် မွေးနေ့မှာ အသားစားဖူးပြီ။ အဆိုးထဲက အကောင်းပေါ့။ နောက်ပြီးထပ်စားချင်သေးရင် ဆန်ပြုတ် မပျစ်မကျဲကိုလည်း ရအုံးမယ်တဲ့။ ထင်ထားသလောက် မဆိုးတာကြောင့် ကျွန်မစိတ်ထဲမှာ ပြုံးမိတော့မလို ဖြစ်သွားတယ်။ ဟုတ်တာပေါ့။ ကောင်းကောင်းကျွေးရမှာပေါ့။ မကြာခင်ရှေ့တန်း ထွက်ရတော့မယ့် သူတွေပဲ။ ပိန်လှီနေလို့ ဖြစ်ပါ့မလား။ မွေးနေ့မှာ အသားစားရလို့ ပျော်နေတဲ့ စိတ်က ကြာကြာမခံလိုက်ပါဘူးလေ။ ကျွန်မစိတ်ထဲမှာ သားသတ်ကွင်းကို သွားရတော့မယ့် ဝက်တစ်ကောင်ကို မြင်ယောင်လာတော့ ဘာမှမရှိတဲ့ ဗိုက်ဟောင်းလောင်းကတောင် အန်ထွက်တော့မလို ပျို့တက်လာတာပဲ။
ဘာပဲဖြစ်ဖြစ်ပါ။ သေမလား၊ ရှင်မလား မသိရမယ့် ရှေ့တန်းကို မရောက်ခင် ဘဝကို ကိုယ်တက်နိုင်လောက် နောင်တကင်းကင်းနဲ့ အကောင်းဆုံး ဖြတ်သန်းရမယ်။ စိတ်တင်းပြီး ဆန်ပြုတ်တစ်ဇွန်းကို ပါးစပ်ထဲ ထိုးထည့်လိုက်တော့ အိမ်မှာ ကျန်ခဲ့တဲ့ ဖေဖေနဲ့ မေမေကို ပေးခဲ့တဲ့ ကတိစကားကို နားထဲပြန်ကြားယောင်လာတယ်။ ဟုတ်တာပဲ။ ဘာမှမဟုတ်တဲ့ ကိစ္စတွေကြောင့် ကျွန်မဘဝရဲ့ အရေးကြီးဆုံး လူနှစ်ယောက်ကို ပေးခဲ့တဲ့ ကတိကိုတောင် မေ့တော့မလို့။ ဘယ်လိုအခြေအနေမှာမဆို အိမ်ကိုတော့ မရရအောင် အသက်ရှင်လျက် ပြန်ရမယ်။
ညစာစားပြီးတော့ အဝင်မှာ ရောက်ကြောင်း သတင်းပို့ပြီး လက်မှတ်ထိုးခဲ့တုန်းက ရခဲ့တဲ့ ချလံစာရွက်ကို ကြည့်ပြီး ကျွန်မအိပ်ရမယ့် အခန်းကို စရှာရတော့တယ်။ ချလံမှာ ရေးထားတာက အခန်းနံပါတ် ၆၀၈။ ကျောခင်းဖို့ ၆ ထပ်ထိတောင် တက်ရမယ်တဲ့။ ၆ထပ်မြောက်ကို ရောက်တော့ စောနက စားထားတဲ့ ညစာတောင် အစာကြေသွားသလိုပဲ။ အခန်းထဲကို ရောက်တော့ အခန်းဖော်လို့ ထင်ရတဲ့ မိန်းကလေးနှစ်ယောက်က ရှိနှင့်ပြီးသား။ တစ်ယောက်က ကျွန်မကို တစ်ချက်ပဲကြည့်ပြီး သူလုပ်စရာ ဆက်လုပ်နေတယ်လေ။ နောက်တစ်ယောက်ကတော့ ပြုံးပြဖော်ရပါသေးတယ်။
အခန်းထဲမှာ နှစ်ထပ်အိပ်စင်နှစ်ခု တွေ့ရတော့ လူလေးယောက် နေရမယ့် အခန်းဖြစ်တယ်လေ။ ပြုံးပြတဲ့ တစ်ယောက်က ကျွန်မထက် လူကောင်သေးပြီး ပိုညှပ်တယ်။ "ကျွန်မက ခတ္တာပါ။ ဒီကိုရောက်တာ သုံးရက်ရှိပါပြီ။ ဒီတစ်ယောက်က သင်းပြေတဲ့။" ကျွန်မကို ပြုံးပြတဲ့ ခတ္တာ ဆိုတဲ့ ကောင်မလေးက စကားစပြောတယ်။
"ကျွန်မနာမည် သက်စံပါ။ သိတဲ့အတိုင်း ဒီနေ့မှ စရောက်တာ။ ပြီးတော့ ကျွန်မတာဝန်ကျတဲ့ မြို့က စံဒြပ်မြို့ပါ။" အခန်းဖော်နဲ့ မိတ်ဆက်ကဏ္ဍတော့ ပြီးသွားခဲ့ပြီ။ "ကျွန်မတို့ နှစ်ယောက်လည်း စံဒြပ်ကို သွားရမှာ။ ကျွန်မကဗိုလ်မှူးဆောင်းလေမာန်ရဲ့ တပ်ခွဲမှာ တာဝန်ကျတယ်။ သင်းပြေကတော့ ဗိုလ်မှူးထွန်းလင်းခရဲ့ တပ်ခွဲကို သွားရမှာ ရှင်ရော။"
"ကျွန်မက ဗိုလ်မှူးလင်းရောင်ဖြူရဲ့ တပ်ခွဲကို သွားရမှာ။ စံဒြပ်မှာ တိုက်နေကြတဲ့ အခြားတပ်ခွဲတွေလည်း ရှိသေးလား မသိဘူးနော်။" စံဒြပ်မှာတင် တပ်ခွဲ သုံးခု။ ဖေဖေတို့တုန်းက နဝရတနဘက်က တပ်ခွဲနှစ်ခုပဲ စံဒြပ်မှာ တိုက်ခဲ့တာတဲ့။ အခြားတပ်ခွဲတွေပါ ရှိနေသေးရင် အခြေအနေတွေ ဆိုးနေလို့များလား။ ဒါမှမဟုတ် စံဒြပ်မှာ အနိုင်ယူပြီး ဂေစံကျွန်းမြို့ကို သိမ်းချင်လို့များလား။
"နောက်ထပ် တပ်ခွဲနှစ်ခု ရှိသေးတယ်။ ဗိုလ်မှူးပြည့်လင်းထင်နဲ့ ဗိုလ်မှူးအေးဟန်မင်းတဲ့။ ဆက်ခံသူသုံးယောက်၊ အေးဟန်မင်းနဲ့ ဆောင်းလေမာန်။ သူတို့ငါးယောက် ဦးဆောင်တဲ့ တပ်ခွဲငါးခုက စံဒြပ်ကို သိမ်းပြီးရင် ဂေစံကို သိမ်းမယ်ကြားတယ်။" စောနကထိ နှုတ်ဆိတ်နေတဲ့ သင်းပြေက ဝင်ရှင်းပြတယ်။ စကားပြောတာ ခပ်ပြတ်ပြတ်နဲ့။ ကျွန်မထပ်တော့ အရပ်ရှည်ပြီးထွားတယ်။ အထက်လူမျိုး အိမ်တော်တွေရဲ့ ဆက်ခံသူတွေပါ ပါလာတယ်ဆိုတော့ တကယ်ပဲ ဂေစံကို သွားဖို့ စီစဉ်ထားကြပုံပဲ။ ဟုတ်ပါတယ်လေ။ ရာစုနှစ် တစ်ခုကျော် ဖြစ်လာတဲ့ ဒီစစ်ကြီးကို အထက်လူမျိုးတွေလည်း ရပ်ချင်မှာပဲ။
သုံးဆယ့်ငါးကြိမ်မြောက် သမ္မတလက်ထက်မှာ ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ စံဒြာရေလက်ကြားနဲ့ စမ်းသာ၊ ဟံစမ်းဆိုတဲ့ ကမ်းစပ် ဆိပ်ကမ်းမြို့နှစ်မြို့ကို အိမ်နီးချင်းတိုင်းပြည်တွေနဲ့ လုကြရာကနေစတာပဲ။ စစ်မီးက တဖြည်းဖြည်းနဲ့ စံဒြပ်မြို့ကိုပါ ကူးသွားတာလေ။ စစ်ကြီး စဖြစ်ခါစကတော့ ကျွန်မတို့လို အစွမ်းမရှိတဲ့ အခြေလူမျိုးတွေကို မပါဝင်ခိုင်းခဲ့ဘူး။ သုံးဆယ့်ခုနစ်ကြိမ်မြောက် သမ္မတ လက်ထက်ကစပြီးမှ အခြေလူမျိုးတွေရဲ့ ဆယ့်ကိုးနှစ်ပြည့် စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့တာဆိုပြီး ကျွန်မ ကြားဖူးခဲ့တယ်။ အခု ခြောက်ဆယ့်တစ်ကြိမ်မြောက် သမ္မတလက်ထက်မှာ တော်လှန်ရေးတွေ ပေါ်ပေါက်လာတော့ ဥပဒေတွေကို ပြောင်းလဲလိုက်ပြီး အခု အသက်ဆယ့်ရှစ်နှစ်အရွယ် ကျွန်မမယ်သက်စံလည်း ဒီကိုရောက်လာတာပါပဲ။
တစ်ခါတစ်လေမှာ ကျွန်မတွေးမိတယ်။ ကျွန်မတို့တွေရဲ့ ဘဝကံကြမ္မာက ကြိုတင်သတ်မှတ်ထားတာလားလို့။ သတ်မှတ်ရင်ရော၊ ဘယ်သူကများ သတ်မှတ်ထားတာလဲ။ တစ်ခါတစ်လေကျပြန်တော့ ကျွန်မတို့ လျှောက်လှမ်းဖို့ ရွေးချယ်လိုက်တဲ့ လမ်းတွေကိုပဲ ကျွန်မတို့ လျှောက်လှမ်းရတာပါပဲ။ ကံကြမ္မာကို ပုံသေ သတ်မှတ်ထားတယ်လို့ ဘယ်သူတွေ ဘယ်လောက်ပဲ ပြောကြပါစေ။ ကျွန်မရဲ့ ဘဝစာမျက်နှာတွေကို ရေးသားခွင့်ရှိသူကတော့ ကျွန်မတစ်ယောက်တည်းပါပဲ ...
Kavi(ကဝိ)
Keep Reading