Su Sun
ယနေ့ အငယ်မ စမ်းဝယ်လာသော မာမားထုပ်သည် အလွန်စားကောင်းပါသည်။ ကျွန်တော့် အကြိုက်နှင့် ကွက်တိဖြစ်သည်။ 'စမ်းဝယ်လာသော'ဟုဆိုရခြင်းမှာ ကျွန်တော့်အဖြစ်မှာ ယခုအရွယ်ထိ မာမားအရသာတစ်မျိုးတည်းကိုသာ စားဖူးခဲ့ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ ยํายํา(yumyum) တံဆိပ်ဖြင့် ထွက်ရှိထားသည့် ပုစွန်ချဉ်စပ်အရသာ၊ ငါးခြောက်အရသာ (အရပ်အခေါ် - မျက်လုံး၊ မျက်ရည်၊ နှုတ်ခမ်း၊ အပန်းထုပ်၊ အပြာထုပ်၊ လိမ္မော်ထုပ် ) အစရှိသဖြင့် အရသာအမျိုးမျိုးရှိသည့်အနက် မျက်လုံးတစ်မျိုးတည်းကိုသာ ယခုအသက်အရွယ်ထိ စွဲစွဲမြဲမြဲစားဖူးပါသည်။ တစ်မျိုးတည်းသာကျွေးခဲ့ကြသည်၊ ကျွန်တော့်မိဘများ၏ အကြိုက်ဆုံးဖြစ်သည်ဟု ဆိုလျှင်ကား ပိုမှန်ပေလိမ့်မည်။အကြောင်းရှာသော် ကျွန်တော်တို့ငယ်စဉ်က မိဘများသည် အလုပ်ရှုပ်သက်သာစေရန်နှင့် မောင်နှမတွေ တစ်ယောက်တစ်မျိုး နှစ်မျိုးသုံးမျိုး ပူဆာနေမည်ကို မလိုလား၍ "မာမားဆိုဒါပဲကောင်းတာ ဒါပဲစားလိုက်တော့ ကလေးတွေက လိမ္မာလိုက်တာ" စသဖြင့် ဆိုခဲ့ကြသည်။အထူးသဖြင့် "ဒါပဲကောင်းတာ" ဟူသည့် အဆိုပြုချက်ကို ကျွန်တော်ယခုချိန်ထိတိုင် အမှန်တရားအဖြစ် သံသယမစွက် ယုံကြည်သက်မှတ်ခဲ့ခြင်းကြောင့်ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော် အသက်အရွယ်တစ်ခုရောက်သည့်အချိန်တွင် ကျွန်တော်ဝယ်လိုရာကိုဝယ်နိုင်ခဲ့သည် မဟုတ်ပါလား။ ကုန်စုံဆိုင်တွင် အရောင်မျိုးစုံ တံဆိပ်မျိုးစုံ အရသာမျိုးစုံ စုံပလုံစိအောင်တင်ထားလျက်နှင့်ပင် အခြားအရသာတစ်မျိုးမျိုးကို တစ်ခါမျှပင်စမ်းမဝယ်ကြည့်ခဲ့ဖူးသည့် မိမိကိုယ်ကိုယ် အလွန်အံ့ဩမိပါ၏။ 'တော်တော်အပါလား လူဖြစ်ရကျိုးမနပ်လိုက်တာ'ဟု တွေးမိပါ၏။ သနားမိသလိုလိုပင်။ စဉ်းစားကြည့်ကြပါတော့...လောကတွင် တစ်မျိုးတည်းကိုသာ တွေ့ဖူး၊ မြင်ဖူးပြီး ထိုတစ်မျိုးကိုသာ အကောင်းဆုံးဟု ယုံကြည်ခဲ့သည်။ တစ်ယောက်တည်းပြိုင်ပြီး ပထမဆုရသွားသော ပြိုင်ပွဲဝင်ပါလေ။
ကျွန်တော်နှင့်အချစ်ဦးဇာတ်လမ်းတွင် ကျွန်တော်ထိုလူတစ်ယောက်ကို စွဲလမ်းခဲ့စဉ်က ကျွန်တော်သူငယ်ချင်းသည် ဤသို့ပြောခဲ့ဖူးပါသည်။ "နင်က နင့်အပေါ်ကောင်းပေးမဲ့လူမရှိလို့ နည်းနည်းလောက်ကောင်းပြလိုက်တာနဲ့တင် အဲ့လူကို လူကောင်းလို့ထင်နေတာ" ဟူ၍ပင်။ ကျွန်တော်သည် အစွဲအလမ်းကြီးသူတစ်ယောက်ဟု မိမိကိုယ်ကိုယ်ခံယူကာ တစ်ခုတည်း၊ တစ်မျိုးတည်း၊ တစ်ယောက်တည်း၊ တစ်ဦးတည်းကိုသာ အကြိမ်ကြိမ်ရွေးချယ်ခဲ့ဖူးပါသည်။အခြားသော အများသောအရာတို့ကို မျက်လုံးနှင့်ပင် စွေမကြည့်ခဲ့ဖူး။ အစွဲအလမ်းကြီးခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကျွန်တော့်အဘိဓာန်တွင် တစ်စုံတစ်ခုချို့ယွင်းနေပါပြီလား။
ယခုတော့ မည်သို့လုပ်ပါတော့မည်နည်း။ အသစ်အဆန်းတစ်ခုကို စွဲလမ်းသွားလေပြီ။ နောက်နောင်တွင် မည်သို့လုပ်ပါမည်နည်း။ ကိုယ့်အကြိုက်ကို ရှာတွေ့သွားပြီဖြစ်၍ ထို့ထက်ကောင်းသည့်အရာမရှိတော့ဘူးဟု လက်ခံယုံကြည်ရင်းစွဲကို ထပ်မံယုံကြည်သွားမည်လော။ သို့မဟုတ် ထို့ထက်ကောင်းသည့်အရာတစ်ခု ရှိချင်ရှိနေဦးမည်ဟူသော သံသယဖြင့် ထပ်မံရှာဖွေနေမိဦးမည်လော။ အကယ်၍ ဤအရသာကိုသာ ကျွန်တော်မကြိုက်ခဲ့လျှင်ရော ကျွန်တော်ဤကဲ့သို့စာအရှည်ကြီးရေးမှရေးဖြစ်ပါမည်လော...
Su Sun
Keep Reading