မောရိသျှ
လှည့်စားမှု (သို့) ပရိယာယ်မာယာရဲ့ လျှို့ဝှက်ချက်က အာရုံထွေပြားအောင်လုပ်ခြင်းပဲ ဖြစ်တယ်။ လှည့်စား ဖျားယောင်းလိုတဲ့ လူတွေကို အာရုံစူးစိုက်ခွင့်၊ သတိကပ်ခွင့် မရှိစေဘဲ၊ စိတ်အာရုံထွေပြားအောင် လုပ်နိုင်ခဲ့ရင်၊ သူတို့ရဲ့ စိတ်ကွယ်ရာမှာ ကိုယ်အလိုရှိသမျှကို စိတ်ကြိုက်ဖန်တီးရယူနိုင်တယ်။ သနားကြင်နာပြခြင်း၊ ရက်ရောပြခြင်း (သို့) ရိုးသားပွင့်လင်းပြခြင်းတွေက အထိရောက်ဆုံးသော အာရုံပြောင်းမှုတွေဖြစ်ပြီး၊ လူတွေရဲ့ သင်္ကာမကင်းဖြစ်မှုကို ဦးတည်ဖြိုခွင်းနိုင်စွမ်း ရှိပါတယ်။ မသင်္ကာစိတ် များနေတဲ့လူတွေကို၊ သဘောထားကြီးပြမှုကြောင့် အယုံစိတ်ဝင်သွားတဲ့ ကလေးတွေလိုမျိုး မနူးမနှပ်ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။
ရှေးခေတ်တရုတ်တွေကတော့ ဒီလှည့်စားနည်းကို “မယူခင်ပေးနည်း” လို့ ခေါ်ကြတယ်။ အပေး ကောင်းနေတော့ ယူသွားတာတွေကို သတိမထားနိုင်တော့တာမျိုးဖြစ်ပါတယ်။ ရေတွက်လို့ မရနိုင်လောက်အောင် များပြားတဲ့ နည်းစုံလမ်းစုံနဲ့ စိတ်ကြိုက် ဖျားယောင်းလို့ ရနိုင်တဲ့ ဖျံကျနည်းဖြစ်ပါတယ်။ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး တဲ့ကြီး ယူတာမျိုးက ဘယ်လောက်ပဲ ဩဇာအာဏာ အရှိန်အဝါရှိရှိ အင်မတန် အန္တရာယ်များပါတယ်။ ယူခံရသူဘက်ကလည်း ကလဲ့စားစိတ်၊ မလိုမုန်းထားစိတ် နဲ့ မကျေလည်စိတ်တွေ တိုးပွားလာနိုင်ပါသေးတယ်။ စကားကောင်းပြောပြီးဖြစ်စေ၊ ခခယယ လုပ်ပြီး အောက်ကျို့စကားပြောပြီးတော့ပဲဖြစ်စေ၊ လိုတာကို တဲ့ကြီး တောင်းဆိုတာကလည်း ဘယ်လောက်ပဲ ယဉ်ကျေးနိုင်ပါစေ၊ အလုပ်မဖြစ်ပါဘူး။ ကိုယ့်အတွက် အကျိုးမရှိဘူး၊ ဒါမှမဟုတ် ကိုယ့်ပိုင်ဆိုင်မှုတွေ ပဲ့ပါသွားနိုင်ရင်၊ ဘယ်သူမဆို ဘယ်လိုနည်းနဲ့ တောင်းတောင်း မပေးချင်ပါဘူး။ တောင်းခံလေလေ တွန့်တိုလေလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မယူခင် ပေးတတ်အောင် ကျင့်ပါ။
လိုချင်တာကို အတင်းရယူတာမျိုး မဖြစ်ပါစေနဲ့၊ မသိမသာ ဖဲ့ယူပါ။ ဖြစ်နိုင်ရင် စိတ်ပြောင်းစိတ်လွဲ လုပ်ပြီး၊ ယူနေလို့ ယူနေမှန်းမသိ ပေးနေမိသလို ဖြစ်အောင် ဖန်တီးပါ။ ဒီနေရာမှာ “ပေး” တတ်ဖို့ အကြံပြုထားပါတယ်။ အဲဒီလို ပေးခြင်းဆိုတာက တကယ့် လက်ဆောင်ပဏ္ဏာပေးတာမျိုးလည်း ဖြစ်နိုင်သလို၊ သဘောထားကြီးစွာထားပြီး အရိုးခံစိတ်နဲ့ ကူညီပေးတာမျိုး၊ ထောက်ခံပေးတာမျိုး၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့အရာကို လက်ဆုပ်လက်ကိုင်ထားတဲ့ သူအတွက် အကျိုးရှိမယ့် အရေးကိစ္စတစ်ခုခုကို လုပ်ပေး၊ ဖန်ပေးလိုက်တာမျိုး၊ သူများအကြိုက် လိုက်ဖြည့်ဆည်းတာမျိုးတွေအဆုံး၊ အရိုးခံပွင့်လန်းပြပြီး၊ တဖက်လူ ကျေနပ်အောင် အရင်လုပ်ဖို့ ပြောတာပါ။
တဖက်လူက ကိုယ်နဲ့ အခုမှ ပထမဆုံးအဖြစ် ပေါင်းသင်းဆက်ဆံရမယ်ဆိုရင်၊ အခြေအနေအလိုက် ဟန်ဆောင်ပြီးတော့ဖြစ်စေ၊ တကယ့်စိတ်ရင်းနဲ့ဖြစ်စေ၊ ကာလံဒေသံအလိုက် ရိုးသားပြပါ။ ရက်ရောပြပါ။ စေတနာကောင်းပေးလိုက်ပါ။ ရိုးသားပွင့်လင်းပြတာကို လူတိုင်းကြိုက်ပါတယ်။ သို့သော် လျို့ဝှက်ချက် မရှိ၊ ပကတိအတိုင်း ရိုးသားတာမျိုးကိုတော့ လူတွေကြောက်ပါတယ်။
လူဆိုတာက အကျင့်အကြံ အစွဲအလမ်း သိပ်ကြီးတဲ့ သတ္တဝါတွေပါ။ ပထမဆုံးအကြိမ် တွေ့ထား မြင်ထားတာတွေကို ပိုပြီးတော့ စိတ်စွဲလွယ်ကြပါတယ်။ တစ်စုံတစ်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဖြစ်ခဲ့တုန်းက အမူအကျင့်၊ စရိုက်သကန်တွေကို အမြဲမှတ်သားထားတတ်ပြီး၊ အဲဒီအမူအကျင့်အလိုက် ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။ ဒါကို အခွင့်ကောင်းယူတတ်ရမယ်။
တစ်ခါလောက် ရိုးသားပြရုံနဲ့တော့ မလုံလောက်ပါဘူး။ ရိုးသားကြောင်း ဂုဏ်သတင်းရှိတဲ့အထိ ရိုးသားနိုင်ဦးမှလည်း အလုပ်ဖြစ်တာပါ။ မတူညီတဲ့ လံကြုပ်ဇာတ်တွေကို ဖန်တီးပါ။ ကိုယ်ဖန်လိုက်တဲ့ ဇာတ်ကြောင့် ကိုယ်တိုင် ခံရတာမျိုးတော့ လုံးဝ မဖြစ်ပါစေနဲ့။ နိုင်တဲ့ ဇာတ်ကိုပဲ ကပါ။ ခိုင်မာတဲ့ ဂုဏ်ပုဒ် တစ်ခု တည်ဆောက်နိုင်တာနဲ့၊ တော်ရုံ မပြိုလဲနိုင်တော့ပါဘူး။ ဘယ်သူနဲ့မဆို ကိုယ်ဖန်ထားတဲ့ ဂုဏ်အတိုင်း အပြောင်းအလဲမရှိ ဆက်ဆံလို့ ရသွားပါလိမ့်မယ်။ ရေနောက်ထက်၊ ရေငြိမ်ကို လူတိုင်း မက်ပါတယ်။ ဒါကြောင့် တည်ငြိမ်တဲ့ ဂုဏ်ပုဒ်ရှိသူကို ဘယ်သူမဆို ယုံချင်စိတ် ပိုများတတ်ကြပါတယ်။
ပဝေသဏိယ တရုတ်သမိုင်းအရ၊ ချန်နိုင်ငံ (陳國) ခေတ်အတွင်းမှာ၊ မြို့စားကြီး ဝူ (武公)က သူ့နယ်ထက် ပိုပြီး အင်အားကြီးတဲ့ အိမ်နီးနားချင်း ဟုနယ် (胡)ကို သိမ်းပိုက်ချင်ခဲ့ပါတယ်။ အင်အားမမျှတတဲ့အတွက် တိုက်စစ်ဆင်ဖို့လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။ ဟုနယ်ကို သိမ်းပိုက်ချင်တဲ့အကြောင်း၊ ဘယ်သူကိုမှ မပြောဘဲ၊ ဟုမြို့စားနဲ့ သူ့သမီးကို ပေးစားလိုက်ပါတယ်။ အဲဒီလို နှစ်ပြည်ထောင်ချစ်ကြည်ရေးကိစ္စတွေ ပြီးဆုံးသွားတဲ့ အခါမှာ၊ ပြည်တော်ရေးညီလာခံဝင်တော့၊ သူ့ရဲ့ မူးကြီးမတ်ရာတွေကို “ငါကိုယ်တော်အနေနဲ့ စစ်ပြုလိုတဲ့ ဆန္ဒရှိခဲ့ရင်၊ ဘယ်အရပ်ဒေသသည် သိမ်းပိုက်ခြင်းငှာ သင့်သနည်း” လို့ မေးလိုက်ပါတယ်။ ဝူမြို့စား ကြိုမှန်းဆထားတဲ့အတိုင်းပါပဲ၊ အမတ်ငယ်တစ်ဦးက ထပြီး “ဟုနယ်ကို သိမ်းပိုက်သင့်ကြောင်းပါ” လို့ တင်ပြလျှောက်ထားပါတယ်။
အမတ်ငယ်ရဲ့ အဖြေကို သဘောကျပေမယ့်၊ ဝူမြို့စားက ပလ္လင်ပေါ်က ထပြီး ဒေါသတကြီးနဲ့ “ဟုနယ်ဆိုတာက ငါကိုယ်တော်တို့ ဝူနယ်ရဲ့ နှမငယ်လို ပြည်တော်ပဲ၊ ဒါကို ဘာကြောင့် သိမ်းပိုက်ရေးအကြံ ပေးတာလဲ” ဆိုပြီး အမတ်ငယ်ကို ကြိမ်းမောင်းပြီးတဲ့နောက် ကွပ်မျက်လိုက်ပါတယ်။ ဒီကိစ္စကို ဟုနယ်မြို့စားက ကြားသိသွားတဲ့အခါမှာ၊ ဝူမြို့စားရဲ့ ရိုးသားပွင့်လင်းမှု၊ သစ္စာစောင့်သိမှုအပေါ် လေးစားလို့မဆုံး ဖြစ်နေခဲ့ပါတယ်။ အဲတာနဲ့ပဲ ဝုနယ်ရဲ့ ဘေးအန္တရာယ်အပေါ် စိတ်ချသွားခဲ့တဲ့အတွက်၊ ကာကွယ်ရေးဆိုင်ရာ စည်းကြပ်မှုဟူသမျှကို လျှော့ချလိုက်ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ ဝူတပ်တွေ ဟုနယ်ထဲ တပ်ရင်းတစ်ခုပြီးတစ်ခု ဝင်လာပြီး၊ ရက်သတ္တပတ်အနည်းငယ်လောက်နဲ့တင် ဟုနယ်တစ်ခုလုံး ဝူလက်အောက်ထဲ ကျရောက်သွားခဲ့ပါတယ်။
ရိုးသားပွင့်လင်းမှုက ရန်သူရဲ့ သင်္ကာမကင်းမှုကို ဖြိုခွင်းတဲ့နေရာမှာ အထိရောက်ဆုံးသော လက်နက်ဖြစ်ပါတယ်။ ရိုးသားပွင့်လင်းမှုကပဲ အသုံးကျတာတော့ မဟုတ်ပါဘူး။ မြင့်မြတ်ထူးကဲတဲ့ လုပ်ရပ်တွေ၊ ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်တွေနဲ့ စင်ကြယ်တယ်လို့ ယူဆရသမျှ စိတ်နေစိတ်ထားတိုင်းက အလုပ်ဖြစ်နိုင်ပါတယ်။ အကျင့်ကောင်း၊ အကြံ ကောင်းများစွာ ရှိတဲအထဲကမှ အသုံးကျဆုံးလို့ ပြောနိုင်တာကတော့ “ရက်ရောခြင်း”ပဲဖြစ်ပါတယ်။ ရက်ရောမှုကို ငြင်းဆန်နိုင်တဲ့သူ အလွန်ရှားပါတယ်။ လက်ဆောင်ပေးလာတာကို ငြင်းရက်တဲ့သူ အင်မတန် နည်းပါတယ်။ ကမ္ဘာ့ရန်က ပေးလာတဲ့ လက်ဆောင်ပဲ ဖြစ်နေပါစေ၊ မက်လောက်စရာ ဖြစ်နေရင်၊ လိုချင်ကြတာပါပဲ။ လက်ဆောင်ဆိုတာက လူတွေကို နုပျိုစေပါတယ်။ ငယ်ဘဝ အမှတ်တရတွေနဲ့ စိတ်အာရုံ ဖိဖုံး လွဲပြောင်းလိုက်ပြီး၊ အတား အဆီး အကာအကွယ်ဟူသမျှကို လွှတ်ချလိုက်သလို ဖြစ်သွားစေတတ်ပါတယ်။ လက်ဆောင်ဆိုတာက အထိရောက်ဆုံးသော သွေးဆောင်ဖျားယောင်းမှု ရွေ့ကွက်ဖြစ်ပြီး၊ မကောင်းမှုဟူသမျှကို ဖုံးဖိနိုင်တဲ့ တစ်ခုတည်းသော အကာအ ကွယ်ကောင်းလည်း ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေက အင်မတန် အသုံးကျပေမယ့်၊ စနစ်တကျ လေ့ကျင့်မှုမရှိ၊ အတွေ့အကြုံမရှိဘဲ အသုံးချမိရင်၊ အင်မတန် အန္တရာယ်များပြီး၊ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေနဲ့ တဖက်လူရဲ့ နွေးထွေးမှု၊ ယုံကြည်မှု၊ လက်ခံမှုတွေ ရရမယ့်အစား၊ မုန်းတီးမှု၊ ခါးသီးမှု၊ မသင်္ကာမှုတွေကြောင့် ဒုက္ခလှလှ ကျရောက်သွားတတ်ပါတယ်။ မီးကို မနိုင်ပါဘဲ ကစားဖို့ မကြိုးစားပါနဲ့။ ဖုံးစရာ အကာရှိမှ ဖော်စရာရှိတာ ပေါ်အောင် ဖော်ယူပါ။ လိုချင်မှတော့ ပေးတတ်ရတယ်။
#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း
Keep Reading