တင်ညွန့်
ဤလောကတွင် လူတွေ၊ လူတွေ လူတွေများစွာ ရှိပါသည်။ သို့သော် လူသားတို့တွင် ရှိသင့်ရှိထိုက်သော ကိုယ်ချင်းစာတရားကား ခေါင်းပါးလှသည်။
လူချမ်းသာတွေက ဘာကြောင့်မှန်းမသိ ချမ်းသာနေချိန်တွင်၊ ဆင်းရဲသားတွေကတော့ ထိုချမ်းသာသူတွေ မသိ မမြင် မကြားနိုင်လောက်သည့် နေရာများတွင် ဆင်းရဲငတ်ပြတ်နေကြရသည်။
လူချမ်းသာတွေ ထားစရာမရှိ ဖြစ်နေချိန်တွင်၊ လူဆင်းရဲတွေကတော့ စားရာမရှိဖြစ်နေသည်။
လူချမ်းသာတွေက သူတို့မှာရှိသည့် မိသားစုထက် ပိုများ ပိုကျယ် ပိုပြီးဇိမ်ကျသော အိမ်ကြီးတွင် အခန်းပေါင်း၊ အထပ်ပေါင်းများစွာနှင့် နေထိုင်နိုင်သော်လည်း လူဆင်းရဲတွေမှာ ၁၀ ပေပတ်လည်လောက် အခန်းထဲတွင် ပြွတ်သိပ်တိုးဝှေ့ကာ ၁၀ ယောက်လောက်နေထိုင် နေကြရသည်။
ခေတ်ပျက်ကြီးထဲတွင် ထားစရာမရှိသည့် လူတန်းစားနှင့် စားစရာမရှိသည့် လူတန်းစားနှစ်မျိုးမှာ ထင်သာမြင်သာ အရှိဆုံးဖြစ်သည်။
အရွယ်ရောက်သူတိုင်း လက်ထဲတွင် ဖုန်းလးတွေ ကိုယ်စီ ဖြစ်လာကြသည်။ လူတွေက ဖုန်းနှင့်မျက်နှာ မခွာချင် လောက်အောင်ဖြစ်လာကြသည်။ ဖုန်းတွေကို ကိုယ်နှင့်မခွာ၊ မျက်နှာနှင့်မခွာလောက်အောင် နီးနေကြ သော်လည်း ချစ်ရမည့်သူ၊ ကြင်နာရမည့်သူ၊ မြတ်နိုးတန်ဖိုးထားရမည့်သူတွေနှင့် ဝေးသည်ထက် ဝေးသွားကြ သည်။ တစ်အိမ်တည်းနေထိုင်သူအချင်းချင်းပင် မခေါ်နိုင်၊ မပြောနိုင်၊ မျက်နှာချင်း မဆိုင်နိုင်လောက်အောင် ဖြစ်သွားကြသည်။
အိမ်တွင် စာအုပ်တွေ ရှိချင်မှာရှိမည်။ ရှိလည်း ဖတ်ချင်မှ ဖတ်မည်။ Text book ထက် Facebook ကိုပိုပြီး ဖွင့်ကြည့်ချိန်တွေကများလာသည်။ စာအုပ်တွေဈေးကြီးသည်ကို အကြောင်းပြသည်။ စာအုပ်တွေပေးလည်း ကိုင်ကြည့်ရန် စိတ်ဝင်စားမည်မဟုတ်။ ကိုယ်ဖတ်ချင်သည့်စာတွေကို အလွယ်တကူရနိုင်သောခေတ်ဖြစ်လာ သည်။ စာအုပ်လောက မပျောက်နိုင်ပါဘူးဆိုစေ၊ စာအုပ်ဈေးကွက်ကတော့အသက်ဆက်နိုင်ရန် တိုက်ပွဲဝင် ရမည့် အနေအထားတစ်ခုကိုရောက်လာသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ အဘယ်ကြောင့် ရပ်ဆိုင်း ကုန်ရသနည်းဆိုခြင်းကို သတိထားသင့်သည်။
မိဘတစ်ယောက်က သားသမီး ၁၀ ယောက်ကို ကျွေးမွေးနိုင်သော်လည်း၊ သားသမီး ၁၀ ယောက်က မိဘ တစ်ယောက်ကို မကျွေးနိုင်ဆိုခြင်းမှာ မှန်ပါသည်။ သို့သော် ထိုသားသမီးတွေလည်း မိဘတွေဖြစ်ကာ ထိုအဖြစ် မျိုးကို ရင်ဆိုင်ကြရမည်သာဖြစ်သည်။ လူ့ဘောင်ဖြစ်စဉ်ကြီးသည် ထိုအပျက်တရားများနှင့် လှည့်ပတ်နေသော် လည်း ပျော်ပျော်ကြီး အိမ်ထောင် သားမွေးနေကြဆဲဖြစ်သည်။
စားသောက်ဆိုင်ကြီးတွင် သိန်းချီသည့် စားသောက်ပွဲတွေကို မကုန်နိုင် မခမ်းနိုင် ထားပစ်ခဲ့ကာ ပျော်ရွှင် နေကြသည့်လူတန်းစားတွေ ရှိနေချိန်တွင်၊ လမ်းဘေးအမှိုက်ပုံ၌ စားစရာလေးများ ရလိုရငြား ရှာဖွေ စားသောက်နေကြရသူတွေရှိနေသည်။
လူတစ်ချို့က သူတို့သာယာမှုအတွက် အဝတ်တွေကို ပိုက်ဆံအထပ်လိုက် ပစ်ပေးကာ ချွတ်ခိုင်းနေချိန်တွင်၊ အချို့သောသူတွေမှာ ချမ်းလွန်းသဖြင့် ဝတ်စရာမရှိ၊ ခြုံစရာမရှိသည့်အတွက် ခိုက်ခိုက်တုန်နေရရှာသည်။
ဘဝတွင် အသက်ရှည်ရှည် နေလိုကြသည်၊ သို့သော် ဘဝတွင် တန်ဖိုးရှိစွာ နေထိုင်ခြင်းသဘောကို နားလည် သဘောပေါက်သူတွေကနည်းသည်။ ထိုကြောင့် လူ့တစ်နပ်စားတွေ၊ လူ့တစ်ဘဝစံတွေများသည်ထက် များလာ ကြသည်။
(Sad but True ဆိုသည့် စာစုလေးကို ပြန်လည်ရေးဖွဲ့ခြင်းဖြစ်သည်)
တင်ညွန့်
၁၃.၂.၂၀၂၅
Keep Reading