Sam Myu Ter
မိမိကိုယ်ကို ထိန်းကျောင်း ပဲ့ပြင်ခြင်း လို့ဆိုတာနဲ့ကိုယ့်ကိုယ်ကိုကြီးပွားတိုးတက်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။
“ဘယ်သူမပြု မိမိမှု”ဆိုတဲ့အတိုင်း ကိုယ့်လုပ်ရပ်အတွက် ကိုယ်တိုင်သာ တာဝန်ရှိပါတယ်။မကောင်းတာလုပ်ရင် ကိုယ်ပဲခံစားရမယ်၊ ကောင်းတာလုပ်ရင်ကိုယ်ပဲစံစားရမယ်။ ဒါကြောင့်ကိုယ်ကိုယ်ကို ဖျက်တဲ့ သံချေးများမဖြစ်ကြစေရန် သတိရှိဖို့လိုပါတယ်။
“စိတ်သာရှင်စော ဘုရားဟော” လို့ အဆိုရှိတာမလို့ စိတ်စေတသိက်ကသာ အဓိကအရေးကြီးဆုံးပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက
“အတ္တာဟိ အတ္တနော နာထော၊
ကောဟိနာထော ပရောသိယာ။
မိမိကိုယ်သာ မိမိယုံကြည်ကိုးစားရာ၊ သူတစ်ပါးသည်မိမိ၏ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း” ဟု ဟောကြားခဲ့ပါတယ်။
မိမိကိုယ်ကို ထိန်ကျောင်းပဲ့ပြင်ဖို့ နည်းလမ်းများစွာရှိပေမယ့် ကျွန်မကိုယ်တိုင်အတွက် အင်အားဖြစ်စေတာရော၊ လက်တွေ့ကျင့်သုံးနေထိုင်မိတဲ့ အချက်(၄)ချက်ကို မျှဝေချင်ပါတယ်။
ပထမဆုံးအချက်
(၁) ကိုယ့်အလုပ် ကိုယ်လုပ်ပါ
ကျွန်မတို့တွေဟာ တစ်ခါတစ်လေမှာ ကိုယ်လုပ်စရာရှိတာကိုမလုပ်မိပဲ သူများဘာလုပ်နေလဲလိုက်ကြည့်နေတတ်ကြပါတယ်။ ဒီလိုလိုက်ကြည့်ခြင်းအားဖြင့် သူများက တိုးတက်ရာတိုးတက်ကြောင်းတွေ လုပ်နေချိန်မှာ ကိုယ်တိုင်က ဘာမှမလုပ်နေတဲ့အတွက် အချိန်ကုန်၊စိတ်ဖိစီးပြီး မတိုးတက်ပဲဖြစ်နေတတ်ပါတယ်။တစ်ချို့အချိန်များမှာကြတော့ “ငါဒါလုပ်နေရင် သူများကငါ့ကို ဘယ်လိုမြင်မလဲ” ဆိုတဲ့ အတွေးတွေကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ တွန့်ဆုတ်နေတတ်ကြပြန်ပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မသူငယ်ချင်းရဲ့ အကြောင်းလေး မျှဝေချင်ပါတယ်။ ကျွန်မသူငယ်ချင်းက သူ့မိသားစုမှာ အငယ်ဆုံးသမီးတစ်ယောက်ပါ။ ဒါ့အပြင်အမေလုပ်သူကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးခဲ့ရတဲ့အတွက် သူ့အပြုအမူကအေးစက်စက်ဆန်ပေမယ့် စိတ်ခံစားချက်က အရမ်းနုပါတယ်။ကျန်ရှိနေတဲ့မိသားစုကလည်း သူရဲ့အေးစက်စက်စရိုက်နဲ့ မသိတတ်မှုတွေကြောင့် စိတ်ခံစားချက်ဘာမှမရှိဘူး၊မိသားစုကို ပြန်မကြည့်တတ်ဘူး၊ ဘာမှသုံးစားမရဘူး စတဲ့အချက်တွေနဲ့ ထိုးနှက်နေတဲ့အခါ ကျွန်မကို ဝမ်းနည်းပြီး ရင်ဖွင့်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာကျွန်မသူငယ်ချင်းကို ကျွန်မအားပေးဖြစ်တဲ့စကားက “သူငယ်ချင်း ကိုယ့်အလုပ်ကိုယ်လုပ်နေ၊ ကိုယ်လုပ်စရာရှိတဲ့အရာကို လုပ်နေ” လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့တွေ ကိုယ်လုပ်စရာရှိတဲ့အရာတွေ၊ ကိုယ်ကြိုက်တဲ့အလုပ်ကို လုပ်နေရင် ပတ်ဝန်းကျင်ကို သတိမရတော့ဘူး။ သူများဘာပြောပြော ဂရုမစိုက်မိတော့ဘူး၊ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်နေတဲ့အတွက် စိတ်ခံစားက ပေါ့ပါးလန်းဆန်းနေတတ်ပါတယ်။ ဒါကြောင့် “ကိုယ့်အလုပ် ကိုယ်လုပ်ပါ” လို့ ပြောရခြင်းဖြစ်ပါတယ်။ (ကိုယ်လုပ်တဲ့အရာတွေက ကိုယ်တိုင်အတွက်လည်း အကျိုးရှိ၊ တစ်ပါးသူအတွက်လည်း အနှောင့်အယှက်မဖြစ်ဖို့တော့ လိုတာပေါ့လေ။)
ဒုတိယအချက်
(၂) ကိုယ့်ဒုက္ခ ကိုယ်ရှာပါ
လူတိုင်းမှာ မွေးဖွားချိန်မှ သေဆုံးချိန်ထိ လောကဓံတရား(၈)ပါးနှင့် ကြုံရစမြဲပါ။အကောင်းလောကဓံတရား(၄)ပါးနဲ့ ကြုံရတဲ့အခါ လူတိုင်းက နှစ်သက်နိုင်ပေမယ့် အဆိုးလောကဓံတရား(၄)ပါးနဲ့ကြုံရတဲ့အခါရော နှစ်သက်နိုင်ပါ့မလား။ဒီ (၈)ပါးထဲမှာမှ သုခ-ချမ်းသာခြင်း ကိုလူတိုင်း လိုလားပေမယ့်၊ ဒုက္ခ- ဆင်းရဲခြင်းကို ဘယ်သူမှမလိုလားပါဘူး။ ဒါကြောင့် မင်္ဂလသုတ်တော်မှာ “ လောကဓံကြုံ မဖြုံတမ်းပေါ့ မတုံစမ်းနဲ့စိတ်ခိုင်လေ” ဆိုပီး မြတ်ဗုဒဓ္ဓ ကဟောကြားခဲ့ပါတယ်။ လူတိုင်းမှာ သူ့ကံတရားနဲ့သူ လာသလို အဲ့ဒီကံတရားအပေါ် အခြေခံပြီး ကိုယ်လျှောက်ချင်သောလမ်းကို ဖောက်ပြီး လျှောက်လှမ်းကြရပါတယ်။ ဒီလိုလျှောက်လှမ်းတဲ့အခါ အခက်အခဲအမျိုးစုံကြုံတွေ့နိုင်ပြီး ဒုက္ခမျိုးစုံလည်းခံရမှာပါ။ ဒါကြောင့် ကိုယ်မကြိုက်တဲ့အလုပ်မျိုးလုပ်ပြီး ဒုက္ခခံမယ့်အစား၊ ကိုယ်ဝါသနာပါရာ ကိုယ်ကြိုက်တဲ့အလုပ်မျိုးလုပ် “ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး” ဘဝခရီးကို လျှောက်လှမ်းလိုက်ပါ။
တတိယအချက်
(၃) ကိုယ့်မိသားစု ကိုယ်ချစ်ပါ
“ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာသာထရီဇာ” ကို တစ်ခါတုန်းက ပွဲတစ်ခုမှာ သတင်းထောက်တစ်ယောက်က “မာသာကြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့လာလုပ်ရမလဲ” လို့ မေးမြန်းတဲ့အခါ မာသာကြီးက “ကိုယ့်မိသားစု ကိုယ်ချစ်ပါ” တဲ့။ အချစ်မခံရတဲ့ ကလေးဟာ မချစ်တတ်ကြဘူး ဆိုတဲ့အတိုင်း မိသားစုချင်း အပြန်အလှန်နွေးထွေးမှုမရှိ၊ မချစ်တတ်ကြရင် ကောင်းမွန်သောမိသားစု တစ်ခု ဖြစ်မှာမဟုတ်ပါဘူး။မိသားစုဆိုတာ အကိုင်းအခက်တွေဝေဆာနေတဲ့ သစ်ပင်ကြီးတစ်ပင်လိုပါပဲ။အကိုင်းအခက်တွေဟာ လားရာမတူပဲကွဲပြားစွာထိုးထွက်သွားကြပေမယ့် ပင်စည်နဲ့ရေသောက်မြစ်ကတော့ တစ်ခုထဲပါပဲ။ဘဝမှာ နောင်တရစရာအမှားတွေ၊ ဖြတ်ကျော်ရတဲ့ အခက်အခဲတွေ တစ်ပုံတစ်ပင်ရှိတာတောင်မှအေးအတူပူအမျှနဲ့ ပျော်စရာရှိအတူပျော်လိုက် ၊ ဝမ်းနည်းစရာရှိ အတူဝမ်းနည်းပေးလိုက် ရှိတတ်ကြတဲ့ မိသားစုကိုပိုင်ဆိုင်ထားရင် ရှေ့ဆက်လျှောက်လှမ်းဖို့ အားအင်တစ်ခု ရစမြဲပါ။ သွေးကရေထက်ပြစ်တယ် ဆိုတဲ့ စကားလေးတောင် ရှိသေးတာပဲ။ ဒါကြောင့် ကိုယ့်မိသားစု ကိုယ်ချစ်တတ်မှ ချစ်မေတ္တာတွေကို တစ်ပါးသူတွေကို ဝေမျှတတ်မယ် မဟုတ်လား။
စတုတ္ထအချက်
(၄) သေခြင်းတရားကို လက်ကိုင်ထားပါ
လူရယ်လို့ ဖြစ်လာရင် မလွှဲမသွေ ကြုံရမယ့် အချက်နှစ်ချက်က ရှင်သန်ခြင်း နဲ့ သေဆုံးခြင်း ပါတဲ့။
သေဆုံးခြင်း ရှိခြင်းကြောင့် ရှင်သန်ခြင်းက အဓိပ္ပာယ် ရှိနေတာပါ။ လောကီမှာရော ၊ လောကုတ္တရာ မှာရော လူရယ်လို့ဖြစ်လာရင် သေဆုံးရမယ်လို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့သလို၊ စာရေးဆရာတော်တော်များများကလည်း သေခြင်းတရားကို လက်ကိုင်ထားကြဖို့ ရေးသားလာကြပါပြီ။ “မနက်ဖြန်မှာ မင်းသေမယ်ဆိုရင် ဒီနေ့ဘာလုပ်မလဲ”တဲ့။ ဒီနေ့ဖြတ်သန်းရတဲ့နေ့ကို မင်းရဲ့နောက်ဆုံး နေ့အဖြစ် သတ်မှတ်ထားပြီး လုပ်စရာရှိတဲ့အရာတွေလုပ်နေရင် မင်းနောင်တရစရာရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် သေခြင်းတရားကိုလက်ကိုင်ထား နှလုံးသွင်းပြီး၊ ရခဲလှတဲ့လူဘဝတိုတိုလေးမှာ အတ္တကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါလို့ တိုက်တွန်းရင်း ကျွန်မရဲ့ ဆောင်းပါးလေးကို ရေးသားမျှဝေလိုက်ပါတယ်။
ချစ်မေတ္တာများစွာဖြင့်
#ဆမ်မြူတာ(၄.၁၀.၂၀၂၄)
Keep Reading