တင်ညွန့်
ဆရာ့တန်ဖိုးကို အမှန်ဆုံး အကောင်းဆုံး ပိုင်းဖြတ်နိုင်သူများသည် ကျောင်းသားများဖြစ်သည်။
ဆရာတစ်ဦးသည် မည်မျှတန်ဖိုးထိုက်တန်ကြောင်း သူ့တပည့်များနှင့်သာ ပိုင်းဖြတ်နိုင်မည်ဟု ဆိုလိုပါသည်။ ဆရာဆိုသည်မှာ တစ်ဦးတည်း ရပ်တည်ပြီး ဆရာလုပ်နေ၍မရပါ။ ဆရာလုပ်နိုင်ရန် တပည့်ရှိရမည်။ တပည့် များအပေါ်တွင် မည်သို့ ပြုမူဆက်ဆံသည်၊ ပြောဆိုသည်၊ သင်ကြားသည်စသည်တို့နှင့်သာ သူ့တန်ဖိုးကို ပိုင်းဖြတ်နိုင်ပါသည်။
လူတိုင်းတွင် သူ့ပိုင်ရာဆိုင်ရာ တန်ဖိုးလေးများရှိနိုင်ပါသည်။ ဆရာ့တန်ဖိုးဆိုသည်မှာ သူလုပ်ဆောင် တာဝန်ယူထားရသော လုပ်ငန်း၏ ရလဒ်နှင့်သာ ပိုင်းဖြတ်ကြသည်ကများသည်။ ဆရာအလုပ်တွင် ရလဒ် (Result) သည် ထိုဆရာ၏ အောင်မြင်စွာ လုပ်ဆောင်နိုင်မှု (သင်ကြားပေးနိုင်မှု) ဖြင့်သာ တိုင်းတာပါသည်။
မိမိသင်ကြားသော တပည့်များအား တတ်အောင်မသင်၊ တော်အောင်မလုပ်၊ ကောင်းအောင်မညွှန်နိုင်လျှင် ဆရာတန်ဖိုးနိမ့်ပါသည်။ တပည့်တစ်ဦးကို စာတတ်အောင်သက်သက်သင်တိုင်းလည်း ဆရာမဟုတ်ပါ။ တပည့်များကို ဘဝတစ်လျှောက်လုံးအတွက် သင်ကြားပေးနိုင်သည့်ဆရာ့သည်သာ တန်ဖိုးတစ်ခုအနေဖြင့် တပည့်များက ထာဝရသတ်မှတ်လက်ခံတတ်ပါသည်။ တခဏအတွက်မသင်၊ ဘဝအတွက်သင်နိုင်မှ ဆရာ့တန်ဖိုးကို သတ်မှတ်နိုင်ပါသည်။
ဆရာ့တန်ဖိုးအဖြစ် သတ်မှတ်နိုင်သော အဓိက အချက်များတွင် ရိုးသားခြင်းက အရေးကြီးသည်။ ရိုးသားပါ (Integrity) ကိုဆိုလိုပါသည်။
ဆရာတစ်ဦးသည် မိမိအလုပ်အပေါ် ရိုးသားရမည်။ ကျောင်းသားဆိုသည်မှာ ဆရာကို အရိပ်တကြည့်ကြည့် လုပ်နေသူများဖြစ်သလို အတူယူနေတတ်ကြောင်း သတိပြုစေလိုပါသည်။ သို့ဖြစ်ရာ ဘာလုပ်လုပ်၊ ဘာပြောပြော သတိထားပြီး ပြောဆိုလုပ်ကိုင်ကြရန်လိုသည်။ ဆရာတစ်ယောက်သည် ကိုယ်ပြောသည့် အတိုင်း မလုပ်၊ ကိုယ်ထုတ်သည့်စည်းကမ်းကို ကိုယ်ဖောက်တတ်သူဆိုလျှင် ကျောင်းသားကလည်း ဆရာ့ အပေါ် ရိုသေလေးစားတော့မည် မဟုတ်ပေ။
ဆရာတစ်ယောက်သည် ရိုးသားရမည်ဆိုခြင်းမှာ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ရင်ဆိုင်ရန်သာ ဖြစ်သည်။ ဆရာသည် အရာရာကို မသိနိုင်ဆိုသည့်အချက်ကို သဘောပေါက်ထားရန် လိုသည်။ ထို့ကြောင့် ကျောင်းသားကို ကိုယ်မသိလျှင် မသိကြောင်း ရိုးသားစွာ ဝန်ခံပြီး သိနိုင်သော နည်းလမ်းကို ကျောင်းသားနှင့် ပူးပေါင်းရှာကြရအောင်ဟု ဆိုလိုက်လျှင် ပိုပြီး ပျော်စရာကောင်းမည်။
ငါအားလုံးသိသည်ဆိုကာ ကလေးများကို မဖြီးပါနှင့်။ ဆရာလည်း အားလုံး မသိနိုင်၊ သိနိုင်သောနေရာ ရှိသည်ဆိုကာ ကလေးကို လမ်းညွှန်ပြနိုင်သူသာ စစ်မှန်သောဆရာဖြစ်သည်။
(Photo Credit: Walden University)
တင်ညွန့်
၂၄.၂.၂၀၂၄
Keep Reading