မောရိသျှ
ဘယ်သူမဆို သိတတ်စအရွယ်ကစလို့အရွယ်ကြီးမြင့်လာတာနဲ့အမျှ တစစ ပျောက်ဆုံး ပျောက်ကွယ်သွားကြတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ အများကြီး ရှိကြပါတယ်။ နေ့စဉ် လူနေမှုဘဝမှာ ပေါင်းသင်းဆက်ဆံကြရတဲ့ လူတွေကြောင့်ဖြစ်စေ၊ အဖြစ်အပျက်များစွာကြောင့်ဖြစ်စေ၊ မလွဲသာ မရှောင်သာ ဖြစ်ရပ်တွေကြောင့်ဖြစ်စေ၊ ငယ်ဘဝ အိပ်မက်တွေကို ဆန္ဒမပါဘဲ မေ့ပျောက်လိုက်ရတာမျိုး၊ လက်လျှော့လိုက်ရတာမျိုး ဖြစ်သွားရပါတယ်။
စိတ်ကူးထဲကချစ်သူတွေဆိုတာကအဲဒီလိုပျောက်ဆုံး ပျောက်ကွယ်သွားတဲ့ အမေ့ခံ အိပ်မက်တွေအတွက် အစားထိုးအဖြစ် ရောက်လာတတ်ပါတယ်။ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ ဘဝကြီးကြောင့် ခံစားရသမျှ အဖြစ် အပျက်တွေအစား ထူးခြားတဲ့ ခံစားချက်တွေ၊ ရင်ဖိုစဖွယ်ဖြစ်ရပ်တွေ၊စွန့်စားခန်းတွေကိုအကြောင်းအမျိုးမျိုးကြောင့် တမ်းတ တောင့်တ လိုချင်မိတတ်ကြပါတယ်။
အဲဒီလို စိတ်တွေဝေလာတာနဲ့အမျှ စိတ်ကူးထဲကချစ်သူမျိုးကို ပိုပြီး လိုလားမိတတ်ကြပါတယ်။ စိတ်ထွက်ပေါက်အနေနဲ့ဖြစ်စေ၊စိတ်အာသာဖြေဖို့အတွက်ပဲဖြစ်စေ စိတ်ကူးယဉ်မိတတ်ကြပါတယ်။ ကိုယ့်ဘဝနဲ့ ထင်ဟပ်မှု မရှိပေမဲ့ ကိုယ့်အလိုဆန္ဒနဲ့ ထပ်တူကျတဲ့ ချစ်သူမျိုးကို စိတ်ကူးယဉ်ပြီး အထီးကျန်ဆန်မှုတိုင်းကို ကုစားလိုကြပါတယ်။
စိတ်အာသာဖြေမှုအဆင့်လောက်နဲ့ သာယာမှု ရှာနေရင်း၊ ကိုယ်တိုင်ကလည်း တပါးသူရဲ့ စိတ်ကူးထဲက ချစ်သူမျိုး ဖြစ်အောင် ကြိုးစားတာမျိုး လုပ်မိရင် လုပ်မိနိုင်သလို၊ အိပ်မက်ချစ်သူကို အပြင်မှာ လက်တွေ့ ဆုံတွေ့ခွင့်ရအောင် ကြံဖန်လိုတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ကူးထဲကချစ်သူမျိုးက ကိုယ့်အပေါ်ရော တပါးသူအပေါ်မှာပါ လွှမ်းမိုးနိုင်တဲ့ အစွမ်းတန်ခိုးရှိပါတယ်။
တကယ် ချစ်တတ်ဖို့ဆိုတာ မလွယ်ပါဘူး။ စိတ်ရှည်သည်းခံနိုင်စွမ်းရည်နဲ့စေ့စေ့ငုငု စေ့စေ့စပ်စပ်အသေးအမွှားလေးတွေက အစဂရုစိုက်နိုင်စွမ်းတွေ လိုအပ်ပါတယ်။ချစ်တယ်လို့ ပြောတတ်ရုံ၊ကြိုက်တယ်လို့ ဝန်ခံတတ်ရုံ၊ သဘောကျကြောင်း ခေါင်းညိတ်ရဲရုံလောက်နဲ့ ချစ်တတ်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်သူမဆို ကိုယ် ဆီ အလိုဆန္ဒတွေ ရှိနေတတ်ကြပြီး၊ကိုယ့်အတ္တနဲ့ကိုယ် ဖြစ်တာကြောင့် တဖက်သားအပေါ် စိတ်ရှည် သည်းခံပေးဖို့ရာမကြိုးစားမိဘဲဖြစ်တတ်ပါတယ်။ ဂရု
စိုက်ပေးလိုစိတ် ရှိနေခဲ့ရင်တောင် တကယ်လက်တွေ့မှာ ဖြစ်မြောက်အောင် မစွမ်းဆောင်ဘဲ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် စိတ်ကူးထဲကချစ်သူမျိုး အိပ်မက်ချစ်သူမျိုး ဖြစ်နိုင်ဖို့ တကယ် မလွယ်ပါဘူး။
အိပ်မက်ချစ်သူ သို့မဟုတ် စိတ်ကူးထဲကချစ်သူဆိုတာက ကြမ်းတမ်းခက်ထန်တဲ့ သဲကန္တာရထဲက အေးချမ်းမှုအစစ်တို့ စုဝေးနေရာ အိုအေစစ်နဲ့ တူပါတယ်။ အတ္တစွဲ တကိုယ်ကောင်းတွေအကြားမှာ နားလည်သိတတ်တဲ့ စိတ်နေစိတ်ခံနဲ့ ချစ်သူအပေါ် နွေးထွေးမှုအစစ်၊ သာယာမှုအစစ်၊ ကြင်နာမှုအစစ်၊ ဂရုစိုက်မှု အစစ်တွေကို ပေးနိုင်စွမ်းရှိသူ၊ ပေးတတ်သူမျိုး ဖြစ်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်ထဲက ပုံဖော်ထားတဲ့အတိုင်း လက်တွေ့ဘဝမှာ ဖန်တီး ဖော်ထုတ် ရယူ ခံစားစေနိုင်စွမ်းလည်း ရှိကြသူတွေဖြစ်ပါတယ်။
ဘာမဆို အချိန်နဲ့အမျှ အလျဉ်အမြန် ဖြစ်ပျက်နေတဲ့ ခေတ်ကြီးမှာ စိတ်ရှည်နိုင်မှုဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးက တည်ဆောက်ဖို့ အလွန်ခက်ပါတယ်၊ ခုလျင်ချက်ချင်း ပြီးဆီးလွယ်နေမှတော့၊ အချိန်ပေး စောင့်ဆိုင်းနိုင်ဖို့ လုံးဝ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဒီခေတ်ကြီးမှာအိပ်မက်ချစ်သူ စိတ်ကူးထဲကချစ်သူမျိုးတွေ ရှာမှ ရှား မရှိသလိုကို ဖြစ်နေတာပါ။ ဘယ်လိုဖြစ်ဖြစ် အမျိုးသမီးရဲ့ နှလုံးသားကို ဆုပ်ကိုင်ဖို့ ချုပ်ကိုင်ဖို့ဆိုရင် အရည်အသွေး တမျိုးပဲ လိုအပ်ပါတယ်၊ အဲတာကတော့ သာမှန် အခြေအနေထက် ပိုပြီး စိတ်ှည်နိုင်ဖို့ပါ။
စိတ်ရှည်မှု တခုတည်းနဲ့တော့မလုံလောက်ပါဘူး။ အမျိုးသမီးတို့ရဲ့ လိုလားတောင့်တမှုတွေက အပေါ်ယံအားဖြင့် အမျိုးသားတွေ (ချစ်သူတွေ) ရဲ့ ဂရုစိုက်မှုတွေလောက်ပဲလို့ ပြောနိုင်ပေမဲ့၊ တကယ်တမ်း ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ ဆန်းစစ်လိုက်ရင် အကာတွေအောက်မှာ ဖုံးကွယ်ထားတဲ့ အခြားသော စိတ်ကူးယဉ်ထားမှုတွေ လိုလားတောင့်တမှုတွေ အများကြီး ကျန်ပါသေးတယ်။
သမီးရည်စားကိစ္စ သို့မဟုတ် ချစ်မှုရေးရာဟာ ချစ်သူနှစ်ဦး တီတီတာတာ ပြောဆိုတာတွေ၊ ကြည်ကြည်နူးနူးနဲ့ အတူလက်တွဲ လမ်းလျှောက်တာတွေ၊ ညင်ညင် သာသာ ကြင်ကြင်နာနာ နမ်းရှုပ်တာလောက်ပဲ မ ဟုတ် ပါဘူး၊ အဲတာတွေထက် ပိုလေးနက်တဲ့ လိုလားတောင့်တချက်တွေ ရှိပါသေးတယ်။
အမျိုးသမီးတွေရဲ့ စိတ်ကူးထဲကချစ်သူဟာ သာမှန် တွေ့နေကျ မြင်နေကျ သားယောကျာ်းတွေလို မဖြစ်စေချင်ကြပါဘူး၊ အိပ်မက်ချစ်သူက ပြစ်မျိုးမဲ့မထင် အဘက်ဘက်က ပြည့်စုံနေရမှာ ဖြစ်ပြီး၊ ရုပ်ရည်အားဖြင့် ချောမောလှပနေရမယ့်အပြင်၊ ဆွဲဆောင်မှုလည်း ရှိရပါမယ်၊ ချစ်မှုရေးရာ သဘာဝအရ လိင်မှုကိစ္စတွေ မလွဲမသွေ ပါနိုင်ပေမဲ့၊ ငမ်းငမ်းတက်နေတာမျိုး မဟုတ်ဘဲ၊ မြင့်မြတ်တဲ့ အလုပ်အရေးကိစ္စကြီးကို စိတ်လိုလက်ရ လုပ်ကိုင်နေသလိုမျိုးအကြင်နာတရား အချစ်များစွာနဲ့ ယုယတာမျိုးကို လိုလားတတ်ကြပါတယ်။
အဲတာကြောင့် အရိုင်းဆန်မှုထက် ဟန်ဆောင်မှု မကင်းတဲ့ အချစ်ကြီးမှုမျိုး၊ ပရမ်းပတာ ကြမ်းရမ်းတာတွေထက် နှစ်နှစ်ကာကာ ချစ်ပြတတ်တာမျိုး၊ တဲ့တိုးရိုးပေါက် အပေါဆန်ခြင်းထက် လေးလေးနက်နက် တယုတယ ချစ်ပြတာမျိုး အဆင့်နဲ့ အတန်းနဲ့ ဂုဏ်ရှိရှိ ချစ်မြတ်နိုး တန်ဖိုးထားတာမျိုးကို လိုချင်တတ်ကြပါတယ်။
အဲတာကြောင့်လည်းအမျိုးသမီးထုက သတ်မှတ်ထားတဲ့ အိပ်မက်ချစ်သူတွေ၊ စိတ်ကူးထဲကချစ်သူမျိုးတွေ၊ ဆွဲဆောင်မှုရှိပြီး ရိုမန်တစ်ဆန်တဲ့ ကိုလူချောတွေ အ များစုက ရုပ်ရည်အားဖြင့် အပြစ်ပြောစရာ မရှိသလို၊ အပြောကစလို့အမူအရာအဆုံးအားလုံးက ကနွဲ့ကလျ ဖြစ်နေခဲ့ရင်တောင်ပျော့ညံ့သလိုမဖြစ်ဘဲ နူးညံ့သလို မျိုး၊မိန်းမဆန်တဲ့ အပြုအမူလေးလုပ်လိုက်ရင်တောင် အားနွဲ့သလို မဖြစ်ဘဲ ညင်သာယုယတတ်သလိုမျိုး၊ အရိုင်းဆန်တဲ့ အကြည့်တွေနဲ့ ကြမ်းတမ်းသွားခဲ့ရင်လည်း ကြောက်ဖို့ မကောင်းတော့ဘဲ အားကိုးချင်စဖွယ်ဖြစ်သွားသလို၊ ခက်ထန်တဲ့ အမူအရာ ကြမ်းရမ်းတဲ့ အမူအကျင့်တွေနဲ့ပြုမူနေရင်တောင် မုန်းတီးဖွယ် စိုးထိတ်ဖွယ်မဖြစ်ဘဲတမ်းတမ်းစွဲ ငမ်းငမ်း တက်စရာ သာယာမှုတွေပေးနိုင်သလိုမျိုးထင်ရလောက်တဲ့အထိ စိတ်ကူးယဉ်ဖို့ကောင်းသွားပါတယ်။
#မောရိသျှ
မာယာပညာ - ရောဘတ် ဂရင်း
Keep Reading