မောရိသျှ
လူမှန်ရင် စိတ်မလုံခြုံမှု များစွာကြောင့် စိတ်အကျဉ်းကျနေရပြီး အများကြိုက် နေတတ်အောင် နေနေကြရတာပါ။ ဒါပေမဲ့ အလန်းဇယားတွေက သူတို့ဆီ ဖြစ်လာသမျှ စိတ်မလုံခြုံမှုတိုင်းကို စိတ်သက်သာရာရမှုတွေဖြစ်တဲ့ ဆန်းသစ်မှုတွေနဲ့ အစားထိုးပြီး သူတို့ကိုယ်သူတို့ စိတ်ခွန်အားဖြည့်တင်းတတ်ကြပါတယ်။ သာမှန်လူတွေကျတော့ အဲဒီလို စိတ်ခွန်အားဖြည့်တင်းနိုင်စွမ်း မရှိကြတာ များတဲ့အတွက် အလန်းဇယားတွေကို အထင်ကြီး လေးစား အားကျမှုတွေ ဖြစ်ပြီးတော့မှ စိတ်အေးချမ်းမှု သက်သာရမှု ကျေနပ်မှု ရှာဖွေကြရတာဖြစ်ပါတယ်။
ကိုယ်မလုပ်နိုင်တဲ့အလုပ် ကိုယ်မလုပ်ရဲတဲ့အလုပ် ကိုယ်နဲ့ထင်ဟပ်မှုမရှိနိုင်သေးတဲ့အဖြစ်တွေကို လုပ်ရဲ ဇက်ရဲ သတ္တိခဲတွေ ရှိလာခဲ့ရင် အားကျစိတ် လေးစားစိတ် မနာလိုစိတ် မကျေလည်စိတ် အမြင်ကတ်စိတ် ကရုဏာစိတ် စသဖြင့် ဆန့်ကျင်ဘက်စိတ်တွေ တပြိုင်နက်တည်း ဖြစ်လာတတ်ပါတယ်။ အဲဒီလို ကြိတ်မှိတ်စိတ် အငုံစိတ်တွေရဲ့ စေ့ဆော်မှုတွေကြောင့်သာ သမားရိုးကျ ရှေးရိုးစွဲရာကနေ ရင့်သန်လာတဲ့နောက် တိုးတက်တဲ့ အမြင်တွေကို တစတစ မွေးမြူလာနိုင်တာဖြစ်ပါတယ်။
အလန်းဇယားတွေကတော့ သမားရိုးကျ ရှေးရိုးစွဲသမားတိုင်းကို သူတို့နည်းတူ ထိုးဖောက်ဖို့ရာ တိုက်တွန်းတာမျိုး မလုပ်ပါဘူး၊ ခေတ်ပြောင်းတော်လှန်ရေးအတွက် ရည်ရွယ်ပြီး တမင်သက်သက် ဆန့်ကျင်ပုန်ကန်နေကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ခွင့်အရသာ စိတ်လွတ်ကိုယ်လွတ် ပျော်အောင် ကြိုးစားနေကြခြင်းသာ ဖြစ်ပါတယ်။ ဘဝဆိုတာ စိတ်နေစိတ်ခံအလိုက် ပြောင်းလဲဖြစ်တည်တဲ့သဘော ရှိတာကြောင့်၊ သမားရိုးကျ ရှေးရိုးသမားတွေ အနေနဲ့ တိုးတက်မှု မရှိဘဲ ကျဉ်းကျပ်နေရခြင်းက ဖောက်ပြန်ရေးသမားတွေ ဖြစ်တဲ့ အလန်းဇယားတွေနဲ့ လားလားမှ မပတ်သက်ပါဘူး၊ အမှန်တော့ ကိုယ့်စိတ်နဲ့ကိုယ် အကျဉ်းကျနေကြခြင်းသာ ဖြစ်ပါတယ်။
အလန်းဇယားလို့ ပြောလိုက်တာနဲ့ လူတွေရဲ့ အသိထဲမှာ တန်းမြင်လေ့ရှိတဲ့ ပင်ကိုထူးခြားချက်က ဝတ်စားဆင်ယင်ပုံပါ။ မှားတော့ မမှားပေမယ့် အလုံးစုံတော့ မမှန်ပါဘူး။ အလန်းဇယားတို့ရဲ့ ပင်ကို အရည်အသွေးက အဝတ်အစားကို အဆင့်မြင့်မြင့် ဝတ်တတ်စားတတ်တာထက် ပိုပါတယ်။ ဒီနေရာမှာ သေချာတဲ့အချက်က အလန်းဇယားမှန်ရင် သာမှန်လူတွေထက် အဆင့်မြင့်မြင့် အဆင့်ရှိရှိ ထူးထူးခြားခြား တမူကွဲပြီးတော့ကို ဝတ်တတ်စားတတ် ပြင်တတ် ဆင်တတ်တာပါပဲ။
လူ့သမိုင်းတလျှောက် အလန်းတကာ အလန်းဆုံးနဲ့ အလန်းဇယားဘုရင်ကြီးဘွဲ့နဲ့ အထိုက်တန်ဆုံးကတော့ အလန်းဇယား လှုပ်ရှားမှုကြီးရဲ့ ဖခင်ရယ်လို့ သတ်မှတ်ထားရတဲ့ ဘေရု ဘရွန်မဲ (Beau Brummel) ပါပဲ။ တနေ့နဲ့ တနေ့ အပြင်ထွက်ဖို့အရေး အလှပြင်ခန်းမှာ နာရီနဲ့ချီ ပြင်ဆင် ဝတ်စားတတ်တဲ့ ရှေ့ဦး အလန်းဇယား လူပေါ်ကြော့ကြီးပါ။ အထူးသဖြင့် ဘရွန်မဲက သူ့ရဲ့ လည်ပင် နက်တိုင်လ် စည်းပုံတွေနဲ့ နာမည်ကျော်ပါတယ်။ သူများနဲ့မတူ ထူးခြားတဲ့ ထုံးနည်းတွေကြောင့် အမြဲလိုလို လူ့ချီးကျူးခံ ဖြစ်ခဲ့တာပါ။
အခုထက်ထိလည်း သူ့ရဲ့ နက်တိုင်လ်စည်းနည်းတွေက ရေပန်းစားနေဆဲဖြစ်တာကို ကြည့်လိုက်ရင် ဘရွန်မဲလ်ရဲ့ အလန်းဇယား အရှိန်အဝါက မသေးပါဘူး။ ၁၈ ရာစုကတည်းကစလို့ ဒီကနေ့ခေတ်အထိ အင်္ဂလိပ်စတိုင် လူကြီးလူကောင်း ဝတ်စားဆင်ယင်မှု အလေ့အထအားလုံးရဲ့ ၈၀ ရာခိုင်နုန်းက ဘရွန်မဲရဲ့ အလန်းဇယား ထိုးဖောက်အမြင်တွေကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချက်နဲ့တင် ဘရွန်မဲလ်က အလန်းဇယားတွေရဲ့ အစွမ်းပကား ကြီးကျယ်ပုံနဲ့ ပတ်သက်ပြီး အမြဲထာဝရ တည်ရှိသွားမယ့် သက်သေသာဓကကြီးဖြစ်ကြောင်း ပြောနိုင်ပါတယ်။
အလန်းဇယားလို နေသူတိုင်း လူတွေရဲ့ ဂရုစိုက်တာကို အမြဲလိုလို ခံရတတ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အထူး သိထားဖို့ လိုတဲ့အချက်က အလန်းဇယားအစစ်အမှန်ဆိုရင် ဘယ်တော့မှ လူတွေရဲ့ ဂရုစိုက်မှုအတွက် ဝတ်စားတာမျိုး နေထိုင်တာမျိုး မလုပ်ပါဘူး၊ ဂရုစိုက်မှုအတွက် ရှင်သန်တဲ့လူတွေ လုံးဝ မဟုတ်တာကြောင့်၊ ဂရုစိုက်မှုတွေကသာ သူတို့နောက် လိုက်လာသလိုမျိုး ဖြစ်ပါတယ်။
အလန်းဇယားတွေရဲ့ ပင်ကိုအရည်အသွေးက သူများနဲ့မတူ တမူထူးတယ်ဆိုတာ မှန်ပေမဲ့၊ အလန်းဇယား ဖြစ်ချင်ဇော သက်သက်ကြောင့် သူများနဲ့ မတူရင်ပြီးရော ဝတ်စားချင်တိုင်း ဝတ်စားတာမျိုး၊ နေချင်တိုင်း နေတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ဆိုတာ မှန်ပေမဲ့ ကိုယ့်အနေအထိုင် ကိုယ့်အမူအကျင့် ကိုယ့်ဝတ်စားဆင်ယင်ပုံတွေက ကိုယ်နေထိုင်နေတဲ့ ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ထင်ဟပ်မှုလည်း မရှိသလို လားလားမှ ဆက်စပ်မှု ရှိမနေခဲ့ရင် ကိုယ့်ရဲ့ အလန်းဇယားဖြစ်မှုက လေးစားစရာမဖြစ်တဲ့အပြင် အမြင်ကတ်စရာ ကောင်းသွားပြီး အဆုံးထိပြောရရင် အရူးအဖြစ် သတ်မှတ်ခံရတာမျိုး ကြုံရနိုင်ပါတယ်။
အဲတာကြောင့် အလန်းဇယားဖြစ်အောင် ဝတ်စားမယ်ဆိုရင်လည်း ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက လက်သင့်ခံနိုင်လောက်တဲ့ သို့မဟုတ် နားလည်နိုင်မယ့် စတိုင်လ်မျိုး၊ ပုံစံမျိုး၊ အသွင်မျိုးတွေကို ဦးစား ဝတ်စားသင့်ပါတယ်။
အတင်းအကြပ်ကြီး တဖက်သတ် ဖန်တီးဝတ်စားတာမျိုးထက် - ရှိရင်းစွဲ အသွင်ကို အနည်းအကျဉ်း ပြောင်းလဲ ဝတ်စားတာမျိုးနဲ့ စတင်ပြီး၊ ကိုယ့်ရဲ့ တမူထူးလိုမှုအပေါ် လူအချို့ လက်သင့်ခံလာတော့မှ တစ်ဆတက်ပြီး ထူးခြားတဲ့ အသွင်မျိုးတွေနဲ့ ပြောင်းလဲသင့်ပါတယ်။ အရှိန်မှန်မှန် ပုံမှန်လေး လုပ်တတ်ရင်တော့ ဘယ်လောက်ပဲ ထူးခြားတဲ့ စတိုင်လ်မျိုးတွေ ဝတ်စားနေထိုင်ပါစေ လူတွေရဲ့ အမြင်မှာ အဆန်းမဖြစ်တော့ဘဲ၊ ထူးကဲနေမှုအပေါ် မထောက်ခံရင်တောင် မဆန့်ကျင်ကြတော့တာမျိုး လက်တွေ့ ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။
#မောရိသျှ
#မာယာပညာ - ရောဘတ် ဂရင်း
Keep Reading