မောရိသျှ
တစ်ဖက်လူရဲ့ စိတ်ထဲကို လွှမ်းမိုးသွားနိုင်ဖို့ သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေ၊ အိပ်မက်တွေနဲ့ တောင့်တမှုတွေကို သိအောင် အရင်ကြိုးစားရမယ်။ လူတွေ သိချင် တတ်ချင် နားလည်ချင်တဲ့ အကြောင်းအရာတွေနဲ့ သူတို့ ကြားချင်တဲ့ သတင်း အတင်း အဖျင်းတွေကို တွင်တွင်ပြောပြီး ဘယ်သူမဆို မျှော်လင့်မိကြတဲ့ သာယာမှု ကြည်နူးမှု ပျော်ရွှင်တွေကို မြှားပြီး ဆွယ်ပါ၊ ချမ်းသာမှု ကြွယ်ဝမှု စွန့်စားခန်း စသဖြင့် ငါးစာချပြီး ကိုယ့်နောက်ပါလာအောင် ဖြား ယောင်းပါ။ တစ်ဖက်လူရဲ့ တောင့်တမှုကို တိတိကျကျ သိနိုင်ခဲ့ရင် အပြည့်အဝကြီး တစ်ကြိမ်တစ်ခါတည်းနဲ့ မဖြည့်ဆည်းပေးပါနဲ့။ နည်းနည်းချင်းဆီ ဖဲ့ပေးပြီး ကိုယ်မှ မရှိရင် သူတို့ဘဝ ပျက်သွားနိုင်သလိုမျိုး နေရာယူပါ။ သူတို့ခေါင်းထဲ ပေါ်လာသမျှ အတွေးအကြံတွေက သူတို့ကိုယ်တိုင် တွေးတောကြံဆပြီး ဖြစ်လာသလိုမျိုး နောက် ကွယ်ကနေ သွယ်ဝိုက်နည်းသုံးပြီး အတွေးထည့်ပါ။ ဘယ်တော့မှ တိုက်ရိုက်ကြီး အကြံပေးတာမျိုး မလုပ်ပါနဲ့။ ဆရာကြီးအထာ မဖမ်းမိစေရ။
မရည်ရွယ်ဘဲ ပါးစပ်က လွှတ်ခနဲ့ ထွက်သွားမိသလိုမျိုး၊ အကြောင်းတိုက်ဆိုင်သွားလို့သာ ဆိုင်းမဆင့် ဗုံမဆင့် တိုက်ဆိုင်သွားသလိုမျိုး၊ မရည်ရွယ်ပေမဲ့ ထိမိကိုက်ညီသွားတဲ့ အကြောင်းအရာလိုမျိုး၊ အဲ အော် ဟင် ဟော် မပြောချင်ပါဘဲ ပြောမိသွားသလို ဇာတ်ဖမ်းပြီး ပြောပြီးတာနဲ့ ပါးစပ်ကိုပိတ် တောင်းပန်တာမျိုး၊ မရည်ရွယ်တဲ့ အရိုးခံ မျက်နှာနဲ့ ဟန်ဆောင် လံကြုပ် လုပ်တာမျိုး။
အယုံသွင်း နားချတတ်တဲ့သူတွေက တစ်ဖက်သားရဲ့ စိတ်ကို ဖမ်းစားတဲ့ နေရာမှာ အလွန်တော်ကြတယ်။ လူတွေရဲ့ အတွေးတွေကို မျက်နှာပေါ်က အမူအရာတွေလောက်နဲ့ မြင်တတ်ကြည့်တတ်ပြီး၊ အထာကောက်တတ်ကြတာကြောင့် တဖြည်းဖြည်းချင်း အစာကျွေးပြီး ချော့မွေးသလိုမျိုး အင်မတန် ဉာဏ်နီဉာဏ်နက် ကြီးကြတယ်။
ဘယ်တော့မှ ပစ်မှတ်ကို အူယားဖားယား ဆောက်တည်ရာမရ အဖြစ်မခံဘူး။ အတွေးများပြီး အကြံအိုက်သွားတာမျိုး အဖြစ်မခံဘူး။ အူတူတူ အတတ ယောင်တီးယောင်န အံသေသွားတာမျိုး အဖြစ်မခံကြဘူး။ နောက်ကွယ်ကနေ ကြိုးကိုင်နေတတ်ပြီး တစ်ဖက်လှည့်နည်းနဲ့ ခွန်းတုန့်ပြန်ပြောနိုင်အောင် စကားနာထိုး နားသွင်းနားချတတ်ကြတယ်။
အပေါ်ယံကြည့်လိုက်ရင် အယုံသွင်းနားချတတ်သူတွေက အင်မတန် ရိုကျိုးပြီး နှိမ်ချတတ်ကြတယ်၊ အရေးမပါတဲ့သူ အရာမရောက်တဲ့သူ နေရာမရှိတဲ့လူပုံစံ ဖမ်းထားပြီး၊ လူတွေရဲ့ အမူအကျင့် စရိုက်သကန် စသဖြင့် လိုက်ဖတ်နေတတ်တယ်။ တစ်ဖက်သားရဲ့ ပါးစပ်က ဘာစကားထွက်လောက်မလဲ မှန်းဆနေတတ်ကြပြီး၊ သူတို့ ဖမ်းစားချင်တဲ့သူတွေ ပါလာရင် သူတို့အလိုကျ ပြောလာအောင် လက်ခံအောင် ထောက်ခံအောင် နည်းမျိုးစုံသုံး လွှမ်းမိုးတတ်ကြတယ်။ ပစ်မှတ်တွေခမျာ သူတို့ကိုယ်သူတို့ ကြိုးကိုင်ခံရနေမှန်း မသိကြဘဲ၊ ခေါင်းထဲဝင်သွားတဲ့ အတွေးတွေကို သူတို့ကိုယ်ပိုင်လို့ ခံယူမိလျက်သားနဲ့ အဟုတ်ကြီး ထင်သွားကြရော။
ပြင်သစ်သမိုင်းမှာ အထူးချွန် အပြောင်မြောက်ဆုံးသော ညှို့ဓာတ်ပြင်း အပျိုတော်အဖြစ် နာမည်ကျော်ကြား လူသိများတဲ့ နီနွန် ဒဲလာခလော့စ်ရဲ့ အကြံပြုချက်အရ လူတစ်ယောက်ကို တကယ်ပဲ ချစ်နေမိပြီဆိုရင် ကိုယ့်အပေါ် ပြန်ချစ်လာစေမယ့် အထိရောက်ဆုံးနည်းက အဲဒီလူကို တိုက်ရိုက်ကြီး ချစ်ကြောင်း ကြိုက်ကြောင်း မပြောဘဲ၊ ကိုယ့်ကို သတိထားမိအောင် အဝေးကနေ အရှိန်မွေးပြီး၊ ပစ်မှတ်သားကောင်ကိုယ်တိုင် ကိုယ့်အပေါ် စိတ်ဝင်စားလာအောင် လုပ်ရမယ်တဲ့။ ပစ်မှတ်ရဲ့ သိချင်စိတ်တွေ များလာပြီး ကိုယ့်အနား ချဉ်းကပ်လာတာမျိုး ဒါမှမဟုတ် သူ့အနား ချဉ်း ကပ်ခွင့်ရအောင် ရေလာမြောင်းပေးတဲ့ အခြေအနေတခု မရောက်ရောက်အောင် စိတ်ရှည်စွာနဲ့ စောင့်နိုင်ဖန်နိုင် ကြံနိုင်ရမယ်လို့ ဆိုပါတယ်။ သွယ်ဝိုက်နည်းအားဖြင့် အဝေးမှာနေပြီး အနီးဆုံးဖြစ်အောင် ခွဲနေခြင်းနည်းက အတင်းကပ်ပြီး ချဉ်းကပ်တဲ့နည်းထက် အလွန်ထိရောက်တဲ့ ရောနည်းတစ်မျိုးဖြစ်ပါတယ်။
စကားဆိုလို့ တစ်ခွန်းတောင် ပြောစရာမလိုဘဲ၊ အကြည့်တွေ အထာတွေ မျက်နှာပေးတွေလောက်နဲ့ အလုပ်ဖြစ်စေမယ့် နည်းဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်တွေကနေတဆင့် အပေးအယူတည့်ထားတာ သေချာသွားရင်၊ ဒုတိယခြေလှမ်းအဖြစ် ပစ်မှတ်အနား ချဉ်းကပ်သွားပြီး မသိမသာ တို့ထိတာမျိုး (မရည်ရွယ်ဘဲ တိုက် တိုက်ဆိုင်ဆိုင် လူချင်း တိုက်မိသွားတာတို့၊ ကြိုဖန်ထားတဲ့ အကွက်တိုင်း မိတ်ဆွေရဲ့ မိတ်ဆက်ပေးမှုကြောင့် လက်ချင်းတို့ထိပြီး နုတ်ဆက်ရတာမျိုးတို့) နည်းနည်းပါးပါးလောက် အတို့အထိလေးတွေက စွမ်းလမ်းမှုကို အားပိုကောင်းစေတတ်ပါတယ်။
မျက်နှာအထာကို ကြည့်ခွင့် ခန့်မှန်းခွင့်ပေးပြီး အကြည့်အချို့နဲ့ အသိအချို့ ပေးလို့ရပါတယ်။ ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို စကားနဲ့ မပြောဘဲ အကြည့်နဲ့ ပြောလိုက်ပါ။ ကိုယ့်ရဲ့ မြတ်နိုးမှုကို စာမရေးဘဲ အကြည့်လေးနဲ့ အသိပေးပါ။ တစ်ဖက်သားရဲ့ ခံစားချက် ထင်မြင်ချက် ယူဆချက်တွေကို အခြေအနေအလိုက် အကြောင်းတိုက်ဆိုင်စွာနဲ့ ဖြစ်ခွင့်ပေးသင့်ရင် ဖြစ်ခွင့်ပေးပြီး တမင်လုပ်ပြပါ၊ ဒါမှမဟုတ် ထင်မထားတဲ့ အလုပ်တချို့ကို တမင်လုပ်ပြပြီး အံ့ဩ မှင်သက်မှုကို ရယူပါ။ လူမှန်ရင် တစ်ဦးနဲ့တစ်ဦး အမြဲ အကဲခတ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အကြည့်တိုင်းက အကြည့်ချင်းစုံသွားတဲ့သူတိုင်းရဲ့ နှလုံးသားထဲအထိ စွဲမြဲသွားလောက်တဲ့ စူးရှမှု၊ တောက်ပမှု၊ ကြည်လင်မှု၊ ဆွဲဆောင်မှုတွေ ပြည့်ဝနေပါစေ။ အကြည့်ကနေ တဆင့် အသိပေးတတ်အောင် ကျင့်ထားပါ။
လူတွေရဲ့ အမြင်မှာ အထင်ကြီး လေးစားဖို့ ကောင်းတဲ့ ပုဂ္ဂိုလ်တယောက် အမြဲ ဖြစ်နေအောင် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခန့်မှန်းလို့ ရနိုင်တဲ့ အမူအကျင့်တွေနဲ့ ကျင့်သားရနေတဲ့လူမျိုး မဖြစ်ပါစေနဲ့။ လူတွေ ထင်မထားတဲ့ အမူအကျင့်တွေနဲ့ အမြဲ ပြောင်းလဲပြုမူနေထိုင်ပါ။ လူတွေရဲ့ ခန့်မှန်းမှုတွေကို အမြဲလိုလို ဆန့်ကျင်ပြီး ထူးခြားတဲ့ အမူအကျင့်တွေနဲ့ မှင်သက်သွားရအောင် လုပ်ပါ။ အချင်ယောင်ဆောင်ပြီး ရူးချင်ယောင်ဆောင်ပါ။ သိကြောင်း တတ်ကြောင်း လုပ်မပြပါနဲ့။ ဆရာကြီး အထာမဖမ်းဘဲ၊ လူတိုင်းဆီမှာ တပည့်ခံလိုတဲ့ ရိုကျိုးမှုမျိုးနဲ့ လူတွေရဲ့ မထိမဲ့မြင်မှုကို တမင် ရယူထားပါ။
မထင်မှတ်ထားတဲ့အချိန်၊ လူတွေ မသိနိုင်တဲ့အချိန် ခွင်ကောင်း ချက်ကောင်း ကွက်ကောင်းမှ ကိုယ့်ရဲ့ ရွှေ့ကွက်တွေကို ဆရာကျကျ နေရာတကျ စနစ်တကျ ရွှေ့ပါ။ တစ်ဖက်သားရဲ့ စိတ်ကို တိုက်ရိုက် လွှမ်းမိုးတာမျိုး မလုပ်ဘဲ၊ သွယ်ဝိုက်နည်းနဲ့သာ သွေးဆောင်ပါ။ သဲလွန်စတွေ၊ လွှတ်ခနဲ့ပြောထွက်သွားတဲ့ အကြံစကားတွေလို ဟန်မူရာစုံနဲ့ ဟန်ဆောင်ပြီး ဇာတ်ကောင်းကောင်း ခင်းပါ။ ဘယ်သူမှ ထင်မထားတဲ့နည်းတွေနဲ့ လူတွေအကြား ရောနေပါ။ အချိန်မတန်သရွေ့ နောက်ကွယ်မှာပဲ နေပြီး အချိန်ကောင်း အခါကောင်းမှ ရုပ်လုံးထွက်ပြပါ။
#မောရိသျှ
#မာယာပညာ - ရောဘတ် ဂရင်း
Keep Reading