မောရိသျှ
တစ်ဖက်လူရဲ့ အလေးထားမှုနဲ့ သတိထားခံရမှုကို ထိန်းထားနိုင်ဖို့ အပြည့်အဝ ရနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ အခြေအနေနဲ့ အသွင်အပြင် ပုံပန်းသဏ္ဍန်ကို သာမှန်အနေအထားထက် ပိုအောင် ပြောင်းလဲမြင့်တင်ထားဖို့တော့ လိုတယ်။ ဒါမှသာ နားလည်ရခက်မှုကနေတစ်ဆင့် လူတွေရဲ့ သိချင်စိတ်ကို ဆွပေးသလို ဖြစ်နိုင်မှာပါ။ ပင်ကိုအားဖြင့် ကိုယ့်ရဲ့ မျက်နှာ ပုံစံက သဘောကောင်းပြီး၊ လူချစ်လူခင်များတဲ့သူဖြစ်နေခဲ့ရင် မသိမသာအခြေအနေတွေမှာ ကိုယ့်ရဲ့ အမှောင်ဘက်ခြမ်း စိတ်အရိုင်းတွေကို ထုတ်ပြတတ်ရတယ်။ လူတွေရှေ့မှာတော့ သဘောကောင်းသလိုနဲ့ တကယ်တမ်း ကွယ်ရာမှာကျတော့ ကိုလူဆိုးလို ပေတာဆိုးလိုမျိုး အသွင်ယူ ဟန်ဆောင်တတ်ရတယ်။
အပြောအားဖြင့် နားလည်နိုင်ဖို့ မလွယ်ပါဘူး၊ ဒါပေမဲ့ အပြုအမူကနေတစ်ဆင့် စိတ်ကို ချက်ချင်း သိနိုင်ပါတယ်။ အဲဒီ လူ့သဘောလူ့မနော သဘောတရားကို အခြေခံပြီး၊ အခြေအနေအလိုက် အသွင်ယူပြောင်းလဲနေထိုင်ပါ။ ကိုယ်ပုံသွင်းလိုက်တဲ့ ဇာတ်ရုပ်က နည်းနည်းကြမ်းသွားလို့လည်း မပူပါနဲ့။ ကြမ်းတဲ့ ရမ်းတဲ့အပေါ် လူတွေ ပြောကြပါစေ၊ လူမှန်ရင် ကောင်းတာထက် ဆိုးတာကို လုပ်ဖြစ်ကြတာချင်း အတူတူဖြစ်တာကြောင့်၊ အချိန်တန် ကိစ္စမရှိဘဲ ရိုးသွားတာနဲ့ လှုပ်ရွနေသမျှ အေးစက်ငြိမ်ကျသွားပါလိမ့်မယ်။
ဒီနေရာမှာ အထူးသိထားဖို့က မာယာပညာ အရပြောရရင် သဘောဘယ်လောက်ကောင်းကောင်း ဆွဲဆောင်မှု မရှိပါဘူး၊ ဒါပေမဲ့ ကြမ်းတာ ရမ်းတာ ဆိုးတာ သွမ်းတာမျိုးကျတော့ လူတွေရဲ့ စိတ်ဝင်စားမှု ပိုရပြီး၊ ရေရှည်အတွက် အသုံးပိုဝင်ပါတယ်။ လူလိမ္မာကို လူတိုင်းချစ်ပေမဲ့၊ တကယ်တမ်း စွဲလမ်းမိသွားကြတာက လူဆိုးလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့် တဖက်သားရဲ့ စိတ်ဝင်စားမှုကို လိုချင်ရင် ထူးခြားတဲ့ အသွင်ယူမှုတွေနဲ့ ဆိုးသွမ်းသင့်ရင် ဆိုးသွမ်းပါ။ ဟန်ဆောင်ကောင်းပါစေ။
တခါတလေမှာ လူတွေ ထင်မထားတဲ့ ပုံစံနဲ့ လိင်ဝိသေသကို မျက်စိလည်သွားအောင် လုပ်ပြီး စိတ်ဝင်စားခံရမှု သတိထားခံရမှု တိုးပွားလာအောင် လုပ်လို့ ရပါတယ်။ သမိုင်းတလျှောက်ပြန်လေ့လာကြည့်လိုက်ရင် နာမည်ကျော် ထိပ်တန်း စံပြ မာယာရှင်တွေ အများစုက လူတွေထင်မှတ်မထားတဲ့ ပုံစံတွေနဲ့ သူတို့ကိုယ်သူတို့ စိတ်ဝင်စားဖို့ ကောင်းစရာ ဖြစ်အောင် အသွင်ယူကောင်းခဲ့ကြပါတယ်။ နာမည်ကျော်တဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသားတွေကို သေချာ ကြည့်လိုက်ရင် ရုပ်ချောရုံလောက်ပဲ မဟုတ်ဘဲ တခါတရံ အမျိုးသမီးဆန်တဲ့ သိမ်မွေ့မှုလေးတွေကို လွှမ်းခြုံပြီး အမျိုးသမီးတွေရဲ့ နှလုံးသား ခံစားချက်တွေနဲ့ နီးစပ်သလို အသွင်ကောင်း ယူတတ်ပါတယ်။
ထိုနည်းတူစွာပဲ နာမည်ကျော် စံတင်လောက်တဲ့ မာယာရှင် အမျိုးသမီး အများစုကို ကြည့်လိုက်ရင် ကျားဆန်တဲ့ ခက်ထန်မှုတွေ၊ ဘယ်ခွေးမှ လူမထင်တဲ့ စရိုက်တွေ၊ စစ်သူရဲကောင်းကြီးလို နေတတ်တဲ့ စိတ်ကြမ်း နုတ်ကြမ်း ပွင့်လင်းတဲ့ အမျိုးသမီးတွေကို ယောကျာ်းထုကြီးက ပိုပြီး စွဲလမ်းကြပါတယ်။ မိန်းမဆန်ပြီး နူးညံ့သိမ်မွေ့တာမျိုးကို ချစ်တတ်ကြသလောက်၊ ယောကျာ်းဆန်ပြီး အင်မတန် စိတ်ကြီးတဲ့ အမျိုးသမီးတွေကိုဆိုရင် အမြတ်တနိုး တန်ဖိုးထားတတ်ကြပါတယ်။ ဒီလိုမျိုး ဝိသေသပြောင်း အသွင်ပြောင်းခြင်းရဲ့ လျို့ဝှက်ချက်က သမားရိုးကျ အမြင်တွေကို ထိုးဖောက်ပြပြီး ထူးဆန်းမှုနဲ့ စိတ်ဝင်စားမှုတွေကို ငါးမြှားသလို ငါးစာချ ဖမ်းစားခြင်း ဖြစ်ပါတယ်။
ပုံမှန်လေး နေပြီး ဆွဲဆောင်လည်း ဖြစ်နေတာ ဘာလို့ ကိုယ့်ကိုယ်ကို ကိုယ်မဟုတ်တဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကို အပါအဝင် သူတစ်ပါးအပေါ်မှာပါ လှည့်စားနေမှာလဲ၊ အဲဒီလို လုပ်မှဖြစ်မှာလား။ ဖြောင့်မတ်ခြင်းနဲ့ တည်ကြည်ခြင်းကို ကိုယ်သဘောကျတဲ့ ရှုထောင့်ကနေပြီး ကြိုက်သလို အဓိပ္ပါယ် ဖွင့်ဆိုလို့ ရပါတယ်။ ဒါပေမဲ့ လူထက်ကလူ လူတွေအပေါ်က လူဖြစ်ချင်ရင်တော့ သူများနဲ့ မတူ ကွဲပြားစွာ နေတတ် တွေးတတ် ခံယူတတ် ခံစားတတ် အသွင်ပြောင်းတတ် စိတ်ထားတတ်မှ ဖြစ်ပါလိမ့်မယ်။ လိင်ဝိသေသကို နားလည်ရခက်အောင် လုပ်တာတို့၊ ကိုယ့်ရဲ့ မူသေ ပုံမှန် မွေးရာပါ စရိုက်နဲ့ မနေဘဲ လူတွေ ထင်မှတ်မထားတဲ့ စရိုက်နဲ့ လူထင်ကြီးအောင် ဒါမှမဟုတ် လူစိတ်ဝင်စားအောင် နေရတာတွေက အပိုလုပ်နေရသလိုမျိုး ထင်ရပါတယ်။ တကယ်တော့ လုံးဝ မဟုတ်ပါဘူး။ မာယာပညာရဲ့ ပန်းတိုင်ကိုက လူတွေကို အချက်ကျကျ အထာကျကျ စနစ်တကျ လှည့်စားတတ်ဖို့ဖြစ်ပြီး၊ မာယာကဲကဲ ပီယဆွယ်ဆွယ် ထိမိနေအောင် သွေးဆောင်ဖြားယောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်သားရဲ့ စိတ်ဝင်စားမှု၊ သတိထားခံရမှု၊ အလေးထားခံရမှုတွေကို မဖြစ်မနေ ရနိုင်သလောက် ရအောင် ယူနိုင်ဖို့ အလွန် အရေးကြီးပါတယ်။
လူတွေအကြားမှာ အလန်းဇယားဖြစ်အောင် နေတတ်ကြတဲ့ အပျံစားအလန်းဇယားကြီး ဘရွန်မဲနဲ့ အန်ဒီ ဝါဟောတို့ ဆိုရင် စိတ်ဝင်စားဖို့ အလွန်ကောင်းတဲ့ ရုပ်အသွင်အပြင် ဝတ်စားဆင်ယင်မှုတွေကိုမှ သူများနဲ့မတူတဲ့ အမူအရာ ကိုယ့်ကျင့်စရိုက်တွေကို တော်ရုံ ထင်မထားတဲ့ နေပုံထိုင်ပုံနဲ့ တမင် ထူးခြားအောင်ကို နေတတ်ကြပါတယ်။ အကြောင်းကတော့ ရိုးရိုးသာမှန်ဆိုတာ အဖြစ်မခံဘဲ ရှားပါးပြီး ထူးခြားတဲ့ ရတနာအလား ဖြစ်အောင် သူတို့ကိုယ်သူတို့ တမင် ပုံသွင်း ခံယူထားကြခြင်း ဖြစ်ပါတယ်။
တော်ရုံတန်ရုံ လူတိုင်း ချဉ်းကပ်လို့ မရအောင် လူတွေနဲ့ အဝေး (အဆင့်အတန်းအရ ဖြစ်စေ၊ အခွင့်အလမ်းအရ ဖြစ်စေ၊ အကွာအဝေးအရ ဖြစ်စေ) အကန့်ခွဲပြီး တသီးတခြား နေတတ်ကြပါတယ်။ ကပ်ဖို့မလွယ် သိဖို့မလွယ် ခင်ဖို့မလွယ် ကြင်ဖို့ မလွယ်အောင် နေနေကြတဲ့သူတွေ ဖြစ်တော့၊ ထူးခြားမှုအပေါ် စွဲလမ်းသွားတဲ့သူတိုင်းရဲ့ အသိမှာ အဲဒီလို သူမတူကွဲသူနဲ့ ခင်မင်ရင်းနှီးခွင့်၊ ပေါင်းသင်းဆက်ဆံခွင့် ရသွားခဲ့ရင် အဖိုးတန် ရတနာကို ပိုင်ဆိုင်ခွင့် ရသွားတဲ့အလား ခံစားချက်တွေ တဖွားဖွား ဖြစ်သွားကြရပါတယ်။
လွယ်လွယ် မရနိုင် လွယ်လွယ် မဖြစ်နိုင် လွယ်လွယ် မဟုတ်တဲ့ ပင်ကိုအရည်အသွေးကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို အရှိန်မပြတ် ရနေပြီး၊ အလေးထားမှု၊ တန်ဖိုးထားမှု၊ မြတ်နိုးခံရမှုကို အချိန်နဲ့ အမျှ တဝကြီး ခံစားခွင့် ရသွားမှာ ဖြစ်ပါတယ်။ အဲဒီလို အနေအထား ရောက်သွားတာကပဲ အရှိန်အဝါ ဩဇာ အာဏာ ကြီးထွားခြင်း မဟုတ်ပါလား။
မာယာပညာ - ရောဘတ် ဂရင်း
#မောရိသျှ
Keep Reading