ဆောင်း
အပိုင်း ၆
"သမီးရေ မနက်ကျရင်မောင်မြတ်မောင်ကိုဒါလေးပေးလိုက်ကွယ် အရင်တခေါက်ကအိမ်မှာထမင်းစားတော့ပြောင်းဖူးကြော်လေးကြိုက်တယ်ဆိုလို့"
"မေမေ သူ့ကိုဘာလို့အဲ့လောက်ကောင်းနေတာလဲ ဘာမှလဲကျေးဇူးမရှိဘဲနဲ့"
"အေးပေါ့ ဘယ်သူကကျေးဇူးကိုပေါ်ပေါ်တင်တင် ပြောနေမှာလဲ ကျုပ်ဘုရားသွားတော့ညည်းလိုက်ပို့သလား စျေးသွားချိန်တော့ရောညည်းလိုက်သလား သူ့မှာယောကျ်ားလေးသာဆိုတယ် အရမ်းအားကိုးရတာဘဲ ညည်းနဲ့များကွာပ "
တကယ်လဲဟုတ်ပါတယ် ကျွန်မအိမ်မှုကိစ္စဝါသနာမပါပါ ဆိုင်ဖွင့်တဲ့ရက်ဆိုဆိုင်မှာဘဲအချိန်ကုန်ပြီး ပိတ်တဲ့ရက်ဆိုစာကြည့်တိုက်မှာဘဲအချိန်ကုန်နေတော့ မေမေ့ကို မယ်မယ်ရရဘာမှဝိုင်းမကူဖြစ်ဘူး သူကမေမေနဲ့ရင်းနှီးသွားတည်းက တခုခုဆိုအကုန်လိုက်လုပ်ပေးတာ ဘာလို့လုပ်ပေးနေလဲမသိပါဘူး အခုဆိုမေမေက သူ့အကြိုက်ကဘာ ဘယ်ဟာတော့မကြိုက်ဘူး အကုန်သိနေပြီ သူ့ကျောင်းကပြန်လာရင် ကျွန်မကလဲဆိုင်မှာဆိုတော့မတွေ့ဖြစ်ဘူး ဒါပေမယ့်မေမေနဲ့တော့အမြဲတွေ့နေရတာမို့ ဒီလောက်ရင်းနှီးသွားတာဖြစ်မှာဘဲ တကယ်တမ်းစဥ်းစားကြည့်ရင် ဘယ်ကနေဘယ်လိုသူနဲ့ဒီလောက်ထိဆက်ဆံရေးကောင်းလာသလဲမသိဘူး ....
အခုတော့ပိတ်ရက်မို့ သူလဲစာကြည့်တိုက်မှာရှိလိမ့်မယ် ပြောင်းဖူးကြော်တဲ့ မွှေးနေတာဘဲ မေမေတို့များကိုယ့်သားသမီးလေးကိုကျော်ပြီး လုပ်ပေးနေလိုက်တာ မွေးစားလိုက်ပါတော့လား
"အော် ဝင့် "
"ရော့ မေမေထည့်ပေးလိုက်တာ ဟာ မစော မတွေ့တာကြာပြီ"
"ဝင့်ကတော့ပိုလှလာနေရော ဘာတွေလဲမြတ်မောင် "
"ပြောင်းဖူးကြော်အမ အန်တီကသဘောကောင်းချက်ဘဲ တယောက်သောသူနဲ့ကွာပ "
"စောင်းမပြောနဲ့နော် နေဦး ရှင့်ကိုမေးပါဦးမယ်ကိုမြတ်မောင် မေမေ့ကိုဘုရားလိုက်ပို့တယ်ဆို "
"ဟုတ်တယ် ဝင့်ရောသွားချင်လို့လား ကိုလိုက်ပို့မယ်လေ"
"ဘာကိစ္စ.. ရှင်ကအဲ့လိုတွေလုပ်နေတာ ဘာလို့လဲ အရမ်းတွေရင်းနှီးနေတာမဟုတ်ဘဲ ကျေးဇူးတော့တင်ပါတယ် ဒါပေမယ့် အများအမြင်မှာမကောင်းဘူးလေ နော် မစော"
"တို့တော့ အဲ့လိုမမြင်ဘူး ဝင့်အတွေးလွန်နေတာပါကွာ ပတ်ဝန်းကျင်ကပြောပြောဘာဖြစ်လဲ "
တော်တော်ကောင်းတဲ့မစော နဲနဲတောင်လိုက်မပြောပေးဘူး သူကလည်းကျွန်မကိုကြည့်နေပြီးဘာမှမပြော
"ဝင့် ကိုပြောစရာရှိတယ် "
"ပြောပါလား"
"၂ယောက်တည်း "
"အို ဟို ဘာတွေလည်းဟေ့ တို့ကိုမချန်နဲ့လေကွာ"
"ဘာလို့ ၂ယောက်တည်းလဲ ပြော ဘာကိစ္စလဲ"
"ဒါဆိုကိုပြောမယ် ဘာကြောင့်ဒီလိုတွေလုပ်နေတာလဲ ဝင့်မေးတယ်နော် ဘာလိုဆိုကိုဝင့်ကိုသဘောကျလို့"
သူအတည်ပြောနေတာလား ကျွန်မကိုတည့်တည့်စိုက်ကြည့်ပြီးပြောနေတာ အဲ့မျက်ဝန်းတွေနဲ့ပေါ့
" ကိုမြတ်မောင် ဒါနောက်စရာမဟုတ်ဘူး "
"ကိုနောက်နေတယ်ထင်နေတာလား ဒါဆို"
ရုတ်တရက် နဖူးပေါ်ကိုထိကပ်လာတဲ့နွေးလွန်းတဲ့အထိအတွေ့
"ရှင် ဘာလုပ်တာလဲ "
"ကိုချစ်တယ် ဝင့်ကို "
"......"
ကျွန်မရဲ့အကျင့်အတိုင်း မျက်ရည်တွေစီးကျလာပြန်တယ် ထိုနေရာမှပြေးထွက်သွားချင်မိတယ် အငွေ့ပျံချင်လောက်တဲ့စိတ်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
"ဝင့်ရောကိုရောငယ်တော့တာမဟုတ်ဘူး ကို့ခံစားချက်ကိုဝင့်နားလည်မှာပါ "
ကျွန်မသူ့စကားတခွန်းကိုပြန်ကြားလာခဲ့တယ် ခင်ဗျားမှတ်ထားလိုက်ဒီအတွက် ဆိုတဲ့စကား ကျွန်မသူ့ပါးကိုရိုက်ခဲ့တုန်းကစကား
"မ မဟုတ်ဘူး ရှင်ညာနေတာရှင်ကျွန်မကိုကလဲ့စားချေချင်လို့မလား "
"ဘာကိုလည်းဝင့် ကိုကဘာကိုကလဲ့စားချေရမှာလည်း"
"ရှင်ပြောတယ် ဟင့် မှတ်ထားလိုက်ဆိုတာ ကျွန်မ..ရှင့်ကိုရိုက်ခဲ့တုန်းက"
"ဝင့် ကိုအဲ့လောက်ကလေးမဆန်ဘူး ဒါကို့ခံစားချက်အစစ်မှန်တွေပါ ယုံပေးပါဝင့်ရယ် ကိုဝင့်အဖြေစောင့်နေမယ်နော်"
သူကျွန်မကိုပြောကာ နေရာမှထွက်သွားတော့သည် ကျွန်မထိုနေရာမှတုပ်တုပ်မလှုပ်မိ အခုတခါတည်းချစ်ရေးဆိုခံရတာမဟုတ်ပေမယ့် ဒီတခါမှာဘာကြောင့်များအတွေးတွေစုံနေရတာလည်းဝင့်ဝါရယ် မစောလည်းကျွန်မကိုနှုတ်ဆက်ပြီးပြန်သွားပြီ လူတွေတရိပ်ရိပ်နဲ့စာကြည့်တိုက်ထဲကထွက်သွားကြပြီ ဦးတိုးနဲ့ကျွန်မ၂ယောက်တည်းဘဲရှိတော့တယ် နောက်ကြာတော့ဦးတိုးကနေဦးမယ်ဆိုနေဖို့သော့ပေးထားခဲ့ပြီးပြန်သွားတော့သည် စာကြည့်တိုက်ပြတင်းပေါက်ပေါ်မေးတင်ပြီး အေးစိမ့်စိမ့်လေထုလေးကိုကျွန်မရှူရှိုက်မိတော့ အတွေးတခုခေါင်းထဲဝင်လာသည် သူ့ကိုကျွန်မယုံလိုက်သင့်လား အမှန်တိုင်းပြောရရင်ကျွန်မ ကြောက်မိတယ် မညာဘဲဝန်ခံရရင်ဒီလတွေထဲမှာသူ့အပေါ်ကျွန်မခံစားချက်ရှိနေခဲ့တယ် ဒါပေမယ့် ကျွန်မ လက်မခံဘဲထိုခံစားချက်ကိုအဝေးကိုတွန်းပို့နေမိသည် ...
ကျွန်မအတွေးလွန်နေတုန်း
"ဝင့် "
အနောက်ဘက်ကခေါ်သံကြောင့် လှည့်မကြည့်ရင်တောင်သူမှန်းသိသည်
"ရှင် ဘာပြန်လာလုပ်တာလဲကိုမြတ်မောင်"
"ဝင့် အိမ်ကိုသွားတော့ ခုထိပြန်မလာသေးဘူးဆိုလို့ မိုးချုပ်တော့မယ်လေဝင့်ရဲ့ ပြန်ရအောင် "
"ရှင်လိုချင်တဲ့အဖြေပေးမယ် ဝင့်ငြင်းပါရစေ"
သူပြုံးတယ် ပြီးတော့ကျွန်မကိုကြည့်တယ်
"ကိုတွေးထားပါတယ် ဝင့်ဒီလိုပြောမှာကိုသိတယ်"
"တမျိုးမထင်ပါနဲ့ကိုမြတ်မောင် ဝင့်တို့အိမ်ကိုဖြစ်နိုင်ရင်သိပ်ပြီးမလာပါနဲ့တော့လား မေမေ့ကိုဝင့်ပြောပြမှာမို့"
"ကိုပြောမိတာမှားပြီလား ဝင့်အပေါ်ခံစားချက်တွေကိုထုတ်မပြောခဲ့သင့်ဘူး အင်း..ဟုတ်ပါပြီ ဝင့်သဘောပါ အခုတော့ပြန်ရအောင် "
သူကျွန်မကိုပြောပြီးစက်ဘီးပေါ်ကနေစောင့်နေသည် အရင်လိုသူ့ပုခုံးကိုကိုင်ပြီးမတက်ချင်တာကြောင့် ရသလောက်အားနဲ့တက်မိသည် သူကစက်ဘီးပေါ်ကဆင်းပြီး ကျွန်မနဲ့မျက်နှာချင်းလာဆိုင်သည်
"ဝင့် ကို့ကြောင့်အရမ်းအနေခက်နေလား "
"....."
သူသက်ပြင်းချပြီး ကျွန်မချိုင်းအောက်ကလက်လျှိုကာ စက်ဘီးပေါ်တင်ပေးသည် နောက်အိမ်ထိလိုက်ပို့ပေးခဲ့သည် အိမ်ရောက်တော့မေမေ့ကိုနှုတ်ဆက်ပြီး နောက်သူမလာဖြစ်တော့ကြောင်းပါတခါတည်းပြောသွားသည်
"အန်တီ ကျွန်တော်ပဲခူးဘက်Transfer ကျလို့လေ မလာဖြစ်တော့ဘူး အန်တီစိတ်ပူနေမှာစိုးလို့"
"အော်အေးပါသားရယ် ဂရုစိုက်နော်သား "
"ဟုတ်အန်တီ ဝင့် ကိုပြန်ပြီ ကျန်းမာရေးဂရုစိုက်နော်"
ကျွန်မသူ့ကိုဘာစကားမှပြန်မပြောမိ သူကျွန်မကိုအတန်ကြာစိုက်ကြည့်ပြီး ပြန်သွားတော့သည်....
ဒါဟာကျွန်မတို့၂ယောက်ရဲ့လမ်းအဆုံးလား ထပ်မတွေ့ရတော့ဘူးလား ဘာတွေဘဲဖြစ်ဖြစ်ကျွန်မရွေးခဲ့တဲ့လမ်းမို့ နောင်တရစရာမရှိပါ အင်း...နောင်တရလို့မဖြစ်ဘူးဆိုပိုမှန်ပေလိမ့်မည်ပေါ့. . . . .
အပိုင်း ၇နောက်ရက်တင်ပေးပါ့မယ်ရှင့်
ချစ်သောreaders လေးတွေ😘
Keep Reading