Tapathi (တပသီ)
လူငယ်တွေအနာဂတ်အတွက် ဗလငါးတန်ပြည့်စုံအောင် ကြိုးစားသင့်ပါတယ်။
?စာရိတ္တဗလ
ဗလငါးတန်ရဲ့အခြေခံက “စာရိတ္တဗလ” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံခြင်းပါ။ စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့သူကို လူတွေက ချစ်ခင်လေးစားကြပါတယ်။ စာရိတ္တကောင်းမွန်သူမှသာ လူ့ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။စာရိတ္တကောင်းသူတစ်ဦးသည် အိမ်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ ဘဝလမ်းကြောင်းနှင့် ဆက်ဆံရေး ပြင်ပလောက၌ ဖြစ်စေ ချစ်ခင်သူများပြားပေမည်။ စာရိတ္တကောင်းခြင်းသည် တစ်နေ့အမှု၊ တစ်လအမှု မဟုတ်ပေ။ တစ်သက်တာ အမှုပင်ဖြစ်လေသည်။ အကျင့်ကောင်းခြင်းသည် စိတ်ကောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
?မိတ္တဗလ
စာရိတ္တကောင်းမွန်၍ လူအများချစ်ခင်ကြတဲ့အခါ “မိတ္တဗလ” ဆိုတဲ့ မိတ်ဆွေသင်္ဂဟကောင်းတွေနဲ့ ပြည့်စုံခြင်းကိုရပါမယ်။ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းရခြင်း နှင့်ပတ်သက်ပြီး ညီတော်အာနန္ဒာက မြတ်စွာ ဘုရားရှင်ကို “အရှင်ဘုရား၊ မိတ်ကောင်းဆွေကောင်း နှင့် ပေါင်းသင်းခြင်းသည် သာသနာတော်ကြီး၏ တစ်ဝက်ခရီးဖြစ်ပါသည်ဘုရား”ဟုဆိုကာ သတိ ချွတ်ချော်၍ မသင့်မတော် တင်လျှောက်ခဲ့ဖူးသည်။မြတ်စွာဘုရားရှင်က “ အာနန္ဒာ၊ ဤသို့မဆိုလင့်”ဟုဆိုကာ အရှင်အာနန္ဒာ ၏ စကားကို ချက်ချင်း တားမြစ်တော်မူသည်။ တစ်ဆက်တည်းမှာပင် “မိတ်ကောင်းဆွေကောင်း နှင့် ပေါင်းသင်းမိခြင်းသည် သာသနာ့ခရီးတစ်လျှောက် ၌ အပြီးတိုင် အဆုံးတိုင်ရောက်ခြင်းသာ ဖြစ်ပေ သည်။ သူတော်ကောင်းနှင့် ပေါင်းသင်းမိသော ရဟန်းသည်သာလျှင် မဂ္ဂင်ရှစ်ပါးကို ပွားများနိုင်ပေ လိမ့်မည်။ ငါဘုရားတည်းဟူသော မိတ်ဆွေကောင်း ကို ပေါင်းသင်းမိခြင်းအားဖြင့် သတ္တဝါအနန္တသာဝက တို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေး၊ ငိုကြွေးရခြင်း ဒုက္ခအပေါင်းမှလွတ်မြောက်ခဲ့ကြ ရပေသည်”ဟု ဘုရားရှင်က ညီတော်အာနန္ဒာကို မဟာကရုဏာတော်ဖြင့် မိန့်ကြားတော်မူခဲ့ပါသည်။
?ဘောဂဗလ
မိတ်ကောင်းဆွေကောင်းတွေနဲ့ ပြည့်စုံတဲ့သူ တွေမှာ စီးပွားဥစ္စာရှာဖွေရလွယ်ကူတဲ့အတွက် “ဘောဂဗလ” ဆိုတဲ့ စီးပွားဥစ္စာနဲ့ပြည့်စုံခြင်းကိုရရှိပါမယ်။ စီးပွားဥစ္စာပြည့်စုံရင်လဲ စုဆောင်းထိန်းသိမ်းတတ်ရပေမည် ။ လိမ္မာပါးနပ်မှုမရှိပါက အရာအားလုံး ဆုံးရှုံးသွားနိုင်ပါတယ် ။
?ဉာဏဗလ
စီးပွားရေးနဲ့ပြည့်စုံရင် ပညာသင်တာပဲဖြစ်ဖြစ်၊ စာအုပ်စာစောင်တွေ ဝယ်ဖတ်တာပဲဖြစ်ဖြစ် လုပ်နိုင်သွားပြီဆိုတော့ “ဉာဏဗလ” ဉာဏ်ပညာနဲ့ ပြည့်စုံခြင်း ကိုရပြီပေါ့။ ဉာဏ်ပညာထက်မြက်မှသာ မိမိတတ်မြောက်သင်ကြားလိုသော ပညာရပ်များကို မှတ်သားနိုင်မည်ဖြစ်သည်။
?ကာယဗလ
ဉာဏ်ပညာနဲ့ယှဉ်ပြီး နေထိုင်စားသောက်နိုင်ပြီဆိုရင် “ကာယဗလ” ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနဲ့ ပြည့်စုံပါပြီ။ ကျန်းမာခြင်းသည် ကံကောင်းခြင်းတစ်မျိုးပင်ဖြစ်သည် ။ နေကောင်းကျန်းမာမှသာ စိတ်သွားတိုင်းကိုယ်ပါ၍ အရာရာလုပ်ဆောင်နိုင်မည်ဖြစ်သည် ။ ဒါကြောင့် ကာယဗလ ကလည်း အဓိက အရေးကြီးပါသည် ။အဲဒီလို ဗလငါးတန်နဲ့ပြည့်စုံပြီဆိုရင် လောကမှာ အောင်မြင်တဲ့သူဖြစ်၍ လူဖြစ်ရကျိုးနပ်ပေမည်။
စာဖတ်သူလေးတို့ အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။☘
Keep Reading