ရိန်ဇော်
"မိုင်းနပ်စစ်စတန်"
(Minus system)
(၁)
စာမေးပွဲနှင့် ကျွန်တော် မစိမ်းပါ။ စာမေးပွဲကို လူတိုင်းနီးပါး ဟိုးငယ်ငယ်ကတည်းက ဖြေဖူးကြသည်။ စာမေးပွဲခန်းဆီသို့ နောက်ကျမှရောက်၍ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေသော အခိုက်အတန့်လေးများကို ကျောင်းသားတိုင်းနီးပါး အိပ်မက်မက်ဖူးကြသည်။ ရေးနေသော ဘောပင်တစ်ချောင်းပေါ် မိမိဘဝတစ်ခုလုံး တင်ထားရသကဲ့သို့ လေးလံလှဖူးကြမည်။ အချိန်အနီးကပ်မှ ကြည့်ခဲ့သော စာများသည်လည်း ဘုရားပွဲမှာ တွေ့လိုက်ရသော သူစိမ်းများကဲ့သို့ ရှာရခက်လှသည်။ ထို့နောက် အောင်စာရင်းစာရွက်ပေါ်မှာ ပေးသော မှတ်ချက်များနှင့်ပဲ လူတွေ ပျော်ရွှင်ကြ ဝမ်းနည်းကြသည်။
ကမ္ဘာလောကသည် ဘာသိဘာသာ လည်ပတ်လျက်ရှိသည်။ ကျောင်းသားများအတွက် အရေးပါလှသောစာမေးပွဲဟူသည်ပင် အခြားသူများအတွက် သာမန်အချိန်ကာလတစ်ခုဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်သော သူများလည်း အထိုင်မပျက်ပါ။ ဂိမ်းသမားများလည်း ဂိမ်းဆော့ကောင်းနေဆဲ ဖြစ်သည်။ ဇိုးသမားများလည်း ဘုံဆိုင်သို့ ခြေလှမ်းနေဆဲဖြစ်သည်။ ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းနေသူများလည်း ရှိမည်။ ဘဝသစ်မွေးဖွားလာသူများလည်း ရှိမည်။ မထူးခြားသော နေ့ပင်ဖြစ်သည်။ စာမေးပွဲအောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ နေ့နှင့်ညက ပုံမှန် လည်ပတ်နေပါမည်။ အိမ်ပြင်ကမ္ဘာသည် ကျွန်တော် စာမေးပွဲ ဖြေရမည်ကို သတိထားမိဟန်ပင် မတူ။
မနက်ဖြန် စာမေးပွဲ ဖြေရမည်။ မနက်ဖြန်ဖြေသော ဘာသာရပ်ကို ကျွန်တော် လွှတ်လိုက်သည်။ ဆိုလိုသည်မှာ မဖြေမီကတည်းက ရှုံးမည်ဟု ယူဆကာ စာမဖတ်တော့ဘဲ ဖြေသည်ဆိုရုံသာ သွားရောက်ဖြေဆိုမည်။ ဖြေရမည်က အနာတမီ (Human anatomy ခန္ဓာဗေဒ)ဘာသာရပ်။
(၂)
အမေ ညနေက ဖုန်းဆက်သည်။ စာမေးပွဲဖြေမည့်သားအတွက် အောင်သပြေပန်း လဲထားကြောင်း၊ သား ဖြေနိုင်မည်လို့ ယုံကြောင်း အားပေးသည်။ မနေ့က အဆောင်ဖုန်းကို လှမ်းဆက်သေးသည်။ "သား စာတွေရပြီလား။ ကျန်းမာရေးလည်း ဂရုစိုက်"ဟု မှာသည်။ ကျွန်တော့်အနေနှင့်လည်း အိမ်ကိုတော့ စိတ်မညစ်စေချင်ပါ။ အဖေနှင့် အမေတို့ ပိုက်ဆံရှိ၍ ထားသည် မဟုတ်ပါ။ ကျောင်းဆရာ၊ ဆရာမများဖြစ်၍ ကျောင်းသားများကို မီးအိမ်နှင့် လမ်းပြရင်း သူတို့ဘဝက အကြွေးများနှင့် မှောင်နေသည်။ သားဖြစ်သူက ပညာရေးထူးချွန်သဖြင့် မရှိသည့်ကြားက ကျောက်ခဲရေညှစ်ကာ ခြစ်ခြုတ်ထားရသည်။ သားဖြစ်သူ ကျွန်တော်ကလည်း မသိ၍ မဟုတ်ဘူး။ ဘယ်လိုဖြစ်သွားဘာလိမ့်။ အိမ်ကို အားနာမိသည်။ သို့သော် ယခုည ကျွန်တော် သည်လိုပဲ ဆုံးဖြတ်မိသည်။
(၃)
ပြန်တွေးမိသည်။ ယခု ကျွန်တော်က ဒုတိယနှစ် ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေပါပြီ။ တက္ကသိုလ်စရောက်တော့ သင်ကြားမှုပုံစံကြောင့် စိတ်တွင် ရှော့ခ်(Shock)ရခဲ့သည်။ အထက်တန်းကျောင်းသားဘဝ ကျောင်းမှာ စာသင်လျှင် ဆရာက စာတစ်မျက်နှာကို အသေးစိတ် ရှင်းပြသည်။ နောက်က လိုက်ဆိုခိုင်းသည်။ ဉာဏ်မထိုင်းသူဆို တစ်ခါတည်း အလွတ်ရသည်။ ဆေးကျောင်းစရောက်စက လက်ချာလိုက်ရာ စာ၅မျက်နှာ၊ ၁၀မျက်နှာရှိသော အခန်း၁ခန်းကို နာရီပိုင်းအတွင်း သင်သွားသည်။ တစ်နေ့တစ်နေ့ သင်ပြီးသည်ကို ပြန်ဖတ်ဖို့ပင် မလွယ်။ နဂိုက စာ,ဆိုလျှင် အလွတ်ကျက်ချင်နေသော ကျွန်တော် ဘယ်လိုလုပ်ရမှန်း မသိ ဖြစ်ရသည်။ အကျင့်ပါနေခဲ့သဖြင့် စာတစ်ပုဒ်တွင် စာ၁၀ မျက်နှာရှိလည်း ၂မျက်နှာကိုသာ ကျက်နေမိသည်။ ကျန်သောစာမျက်နှာများကို မထိမတွေ့မိ။ ပထမနှစ်တော့ လိမ်ဖည်လိမ်ဖည် အောင်လာခဲ့သည်။ ယခု ဒုတိယနှစ်တွင် ဘာသာရပ်သုံးခု သင်ရသည်။ ကျွန်တော် စိတ်မဝင်စားခဲ့ပါ။ သို့နှင့် ကျောင်းသင်ခန်းစာများသည် ကျွန်တော်နှင့် ဝေးသည်ထက် ဝေးသွားခဲ့သည်။
တက္ကသိုလ်စာမေးပွဲကျင်းပပုံစနစ်ကို ပြောပြချင်ပါသည်။ အောင်မှတ်က ၅၀။ ဖိုင်နယ်စာမေးပွဲသည် တစ်နှစ်တာလုံး၏ ၇၀ ရာခိုင်နှုန်းသာ အကျုံးဝင်သည်။ လစဉ်ဖြေရသော စာမေးပွဲအသေးစားလေးများ၊ ဘာသာရပ်အလိုက် ဖြည့်ဆည်းရသော ပရက်တီကယ်သင်ခန်းစာ စသည်တို့ကို အမှတ်၃၀ဖိုး ပေးထားသည်။ တစ်နှစ်တာ နည်းနည်းစီ စုခဲ့ရသော တစ်နှစ်တာလုပ်ဆောင်ချက်(Class work) မကောင်းလျှင် ဖိုင်နယ်မှာ အသေရုန်းရမည်။ ကျွန်တော့် လုပ်ဆောင်ချက်က မကောင်း။ အောင်မှတ်က ၁၅ မှတ်ဆိုလျှင် ကျွန်တော်က ဝမ်းဒီဂျစ်(One digit)။ ဆယ်မှတ်မပြည့်။ သို့သော် စာမေးပွဲဖြေသူများအတွက် ခြေချော်လက်ချော်ဖြစ်လျှင် ကုစားခွင့် (Supple)ရှိသည်။ သို့သော် ဘာသာရပ်အားလုံးကျလျှင် ကုစားခွင့်မရှိ။ စာမေးပွဲအောင်သူများအတွက် ကျောင်းပိတ်သော ၂လတာတွင် ကုစားခြင်းအတန်းတက်ရသည်။
ဆေးကျောင်းစာမေးပွဲတွင် ထူးခြားချက်ရှိသည်။ ဘာသာရပ်များစွာ၏ ကဏ္ဍအချို့တွင် "မိုင်းနပ်စစ်စတမ်"(Minus system)ထည့်ထားတတ်သည်။ ရွေးချယ်စရာအဖြေများကို ပေးထားသည်။ အရွေးမှားလျှင် အခြေခံပညာစာမေးပွဲတို့၌ အမှတ်မရရုံသာ ရှိမည်။ ယခုစာမေးပွဲတွင် အဖြေအမှားကို ရွေးမိသော် ထိုအဖြေမှားကြောင့် မှန်ကန်စွာဖြေထားသော ပုစ္ဆာတစ်ခု နစ်နာရသည်။ ဥပမာ အဖြေမှန် ငါးပုဒ်၊ အဖြေမှား ငါးပုဒ်အတွက် ရလာဒ်မှာ သုည ဖြစ်သည်။ ထိုသဘောတရားမှာ သဘာဝဆန်သည်။ စာမေးပွဲတွင်မူ အဖြေမှားငါးပုဒ်က အဖြေမှန်ငါးပုဒ်ကိုသာ အကျိုးမဲ့စေသော်လည်း ဆရာဝန်များ၏ လက်တွေ့ဘဝတွင်မူ အမှားတစ်ခုသည် အသက်တစ်ချောင်း၊ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာလည်း ဖြစ်နိုင်ပေသည်။ လူဆိုသည်မှာ အမှားမကင်းသော်လည်း ပြင်၍မရသော အမှားများကို မမှားရန် သတိရှိသင့်သည်။ ကျွန်တော် မှားသွားပြီလား။ ပြင်ဆင်ခွင့် ရှိသေးသလား ကိုယ်တိုင် မေးနေမိသည်။
စာမေးပွဲနီးပြီ။ ကျွန်တော် ပြင်ဆင်ရသည်။ ခြေချော်လက်ချော်ဖြစ်ခွင့်ကို အခွင့်အရေးအဖြစ် သုံးမည်။ ကြေးမြင့်သော အလျော်အစား တစ်ခု ကျွန်တော်လုပ်မည်။ ဘာသာရပ်သုံးခုရှိသည့်အနက် တစ်ခုကို ကျွန်တော် အပိုင်ကိုင်သည်။ ဖီဆီအိုလော်ဂျီ (Physiology ဇီဝကမ္မဗေဒ) ဘာသာရပ်ကို အောင်ကို အောင်ရမည်ဟု သဘောထားသည်။ အနာတမီ (Human anatomy ခန္ဓာဗေဒ) နှင့် ဖာမဂိုလော်ဂျီ (Pharmacology ဆေးဝါးဗေဒ) ကို ကုစားခြင်းစာမေးပွဲမှ အောင်မြင်အောင်ဖြေမည်။ မသေချာမှု ဆပ်ကပ်ကြိုးတန်းပေါ်တွင် ဟန်ချက်ထိန်းယူရန် ကြိမ်တစ်ချောင်းကို ကိုင်သည်။ အောင်မြင်ပါမည်လား ကျွန်တော် မသိပါ။
(၄)
ဒုတိယနှစ်အမ်ဘီအကြောင်းကို တွေးလျှင် စိတ်ညစ်ဖွယ် စာသင်ခန်းစာများနှင့်အတူ အပြိုင်ကမ္ဘာလေးတစ်ခု ရှိနေသည်။ နှုတ်ခမ်းထောင့်လေးများ ကွေးရုံ ပြုံးပြတတ်သော မမ။ တတိယနှစ်အမ်ဘီက မမကို ကျွန်တော် တွေ့သည်။ ကျွန်တော့်ကို နှုတ်ဆက်ခြင်း မဟုတ်သော်လည်း ငေးနေရင်း ရှာဖွေတွေ့ရှိခဲ့သော အလှတရားတစ်ခုအဖြစ် ကျွန်တော် မြတ်နိုးသည်။ သူ့သူငယ်ချင်းများနှင့် လမ်းလျှောက်ရင်း သက်ဝင်လှုပ်ရှားနေသော လူသားလိပ်ပြာလေး။ လှပသောကောက်ကြောင်းများရှိသော သက်ရှိအရုပ်မလေးတစ်ဦး။ မြန်မာဆန်သော အဝတ်အစားများနှင့်သာ မြင့်ရလေ့ရှိသော မမကို ခေတ်ဆန်ဆန်စတိုင်နှင့် တွေ့သောအခါတွင်လည်း ကျွန်တော့နှလုံးသားက ထူးမခြားနား မြန်မြန်ခုန်လေ့ရှိသည်။ ကျွန်တော့်အတွက် သေချာလွန်းသော "မမကို မြတ်နိုးခြင်း" အမှန်တရားတစ်ခုသည် လက်တွေ့ကမ္ဘာမှာ ကဗျာစကားလုံးအချို့အဖြစ် ရောက်ရှိရုံ၊ အဆောင်ရှေ့ သွားတီးလေ့ရှိသော ဂစ်တာအဖွဲ့၏ ဝိုင်းတော်သားတစ်ယောက်အဖြစ်ရောက်ရှိရုံထက် မပိုခဲ့ပါ။ ဖွင့်ပြောခွင့် မရှိသူ ပိုင်ဆိုင်ခွင့် မရှိသော ဖြစ်ရိုးဖြစ်စဉ်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါလိမ့်မည်။ လှပပြီးသား ပန်းတစ်ပွင့်အတွက် အကျည်းတန် ပျားပိတုန်းတစ်ကောင်သည် နီးစပ်ခွင့် အကြိမ်ကြိမ်လွဲခဲ့မည် ထင်ပါသည်။ စိတ်ကူးပုံဖော်မှုမှာပင် အသည်းဆယ့်နှစ်ခါကွဲရမည့် ဇာတ်လမ်းသည် မစခင်မှာပင် ပြီးဆုံးခဲ့ပါသည်။ သေချာသည်က မမလှသည်။ ကျွန်တော့် အကြင်နာ လှသည်။ ဇာတ်လမ်းလေးသာ မလှပခဲ့ပါ။ ပျားပိတုန်းတစ်ကောင်သည် ပန်းအလှတစ်ပွင့်၏ အဝေးသို့သာ ပျံသန်းသွားခဲ့သည်။ ကျွန်တော် လိုအပ်နေသည်က လက်တွေ့ဆန်မှု။ မိုးနှင့် မြေကြားက တွယ်ဆက်ပေးသော သက်တန့်တစ်ခု မဟုတ်ပါ။ မိုးရွာပြီးနောက် ရံဖန်ရံခါ ပေါ်လေ့ရှိသော သက်တန့်တစ်ခုသည် မိုးရွာသွန်းမှုပေါင်းများစွာကို မျက်ကွယ်ပြုထားပြီးသားဖြစ်သည်။ သတိမထားမိကြသည်မှာ မြေကမ္ဘာအတွက်မူ တောင်တန်းများ၊ မြစ်များသည် ထာဝစဉ် နီးစပ်နေသည်။ မြစ်တစ်စင်းကို ကျွန်တော် ရှာဖွေ မတွေ့နိုင်ခဲ့ပါ။
ဒုတိယနှစ်တွင် စိတ်ညစ်ဖွယ် စာသင်ခန်းစာများနှင့်အတူ အပြိုင်ကမ္ဘာလေးနောက်တစ်ခု ရှိနေပြန်သည်။ ဒီဂျစ်တယ်မိုဘိုင်းဖုန်းများ ဈေးမချိုသေးမီကာလက စိတ်ဖျော်ဖြေစရာ စာအုပ်အငှားဆိုင်လေးများ ရှိသည်။ အလွမ်းဝတ္ထုစာရေးဆရာ၏ စာအုပ်များ တစ်အုပ်မကျန် ဖတ်သည်။ စာရေးဆရာ အစွဲနှင့် ထွက်သမျှ အဟောင်းရော၊ အသစ်ရော ဖတ်သည်။ ကျောင်းစာများ ပိလေလေ၊ စာအုပ်ဖတ်ကောင်းလေလေပင်။ ဘယ်သို့သော သဘောလည်း မသိ။ ကျောင်းသားတစ်ယောက်အဖို့ ကျောင်းစာဖတ်ခြင်းသည် စောင့်ထိန်းရမည့် တာဝန်။ အပြင်စာ မဖတ်ရဟု မဆိုလိုပါ။ သို့သော် တာဝန်ဟု သတ်မှတ်လိုက်ခြင်းကြောင့် ပိုမိုလေးလံစေခဲ့သလား စဉ်းစားမိသည်။ စာအုပ်ဖတ်ခြင်းအပြင် ကျွန်တော် ဂစ်တာတီးတတ်ချင်သဖြင့် သင်တန်းတက်သည်။ အခြေခံကျလှသော ဘိထ်၊ ခြေရိုက်ချက်တို့ မမှန်သေးမီ တီးချင်၊ ဆိုချင်စိတ် များနေသော ကျွန်တော့်အဖို့ တီးဖြစ်၊ ဆိုဖြစ်ရုံအဆင့်ထိသာ ရောက်ခဲ့သည်။ ထို့အတူ သူငယ်ချင်းအချို့နှင့် ဂိမ်းဆော့ဖြစ်သည်။ နိုင်တစ်လှည့်၊ ရှုံးတစ်လှည့် ဖြစ်သော ဂိမ်းများကို လူများ စွဲလမ်းတတ်သည်။ ဆော့တိုင်း ရှုံးနေလျှင်၊ သို့မဟုတ် နိုင်နေလျှင် ဘယ်သူမှ စွဲမည်မထင်။ နိုင်ချိန်တွင် ရလိုက်သော ဒိုပါမင်း ဟော်မုန်းများကြောင့်သာ စွဲသည် ထင်သည်။
(၅)
ကျွန်တော်တို့ ကျောင်းက မကွေး၊ရေနံချောင်းလမ်းပေါ်ရှိ ကံပြားရွာအနီးမှာ ရှိသည်မို့ ဖယ်ရီယာဉ် စီးရသည်။ မကွေးမြို့၏ လမ်းကြောင်း ၅ခုဝယ် ကျောင်းကားများသည် မှတ်တိုင်တစ်ခုချင်းစီမှ လူစုကာ၊စုကာနှင့် ဆန့်သလောက်တင်ကာ ထွက်ခွာကြသည်။ အာတီစီ(RTC) ကားဟူသည် ဘော်ဒီမြင့်မြင့်။ ဒုတိယကမ္ဘာစစ် လျော်ကြေးအဖြစ် ဂျပန်နိုင်ငံက ပေးအပ်ထားသော ဟီးနိုးကားကြီးများကို ကျောင်းကားအဖြစ် သုံးကြသည်။ လူကျပ်လျှင် ကားပေါ်တက်သော ခြေနင်းခုံပေါ်တွင် တွယ်စီးရသည်။
ပေတေတေ ကျောင်းသားတစ်ယောက် ဆိုသော်လည်း စာမေးပွဲကျမည်ကို ကျွန်တော် စိုးရိမ်သည်။ စာမေးပွဲတွင် ကျောင်းစာများအစား မမအကြောင်း ဖြေရလျှင် ကျွန်တော် ဂုဏ်ထူးပါလောက်သည်ဟု တွေးမိသည်။ သို့သော် ကျွန်တော် အတွေးက ဆက်လက်မလှပနိုင်ခဲ့ပါ။ ယခင်တစ်ပတ်က ကျောင်းကားပေါ်တွင် မမကို ကောင်လေးတစ်ယောက်နှင့် တွေ့လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်သော မျက်ဝန်းများနှင့် ကြည့်နေကြသည်။ မနီးစပ်ခဲ့သော ကျွန်တော် ဝေးကွာခြင်းကို ပိုမိုနားလည်ခဲ့သည်။ အဝေးက ငေးကြည့်ရုံနှင့် ကျေနပ်နေခဲ့သော ကျွန်တော် ဘာကြောင့် ကြေကွဲနေမိလဲ မသိပါ။ အာတီစီ ကျောင်းကားစီးရသည်ကို ကျွန်တော် မုန်းမိသွားသည်။ မည်သို့ပင် ဆိုစေကာမူ မမသည် လှနေဆဲပင်။
(၆)
မနက်ဖြန် စာမေးပွဲ စပါမည်။ အဆောင်ရှိ သူငယ်ချင်းများ ဂနာမကြိမ်ဖြစ်ကာ အားပါးတရစာဖတ်နေစဉ် ကျွန်တော် စိုးရိမ်လာသည်။ ကျွန်တော်ကဲ့သို့ သူငယ်ချင်းတစ်ယောက်လည်း မနက်ဖြန် ဘာသာရပ်တွင် မအောင်နိုင်ဘူးဟု သိနေသည်။ ည ၇နာရီခန့် ရှိပြီ။ ရွာသစ်ရပ်ကွက်တွင်နေသော ကျွန်တော်တို့အဖို့ မကွေးတံတားသည် နီးသည်။
"လာ သွားမယ် သားကြီး"
"ဘယ်ကိုတုန်း"
"တံတားအောက်က ဆိုင်တစ်ဆိုင်ပေါ့ကွာ။ ဘီယာတစ်ခွက်၊နှစ်ခွက်တော့ ကစ်ရအောင်"
"ငါတို့ လုပ်တာတွေ ဟုတ်သေးလား မသိဘူးဟေ့"
"လာပါ ဖီဇီအို(Physiology ဇီဝကမ္မဗေဒ)နေ့ကျမှ ဝုန်းကျတာပေါ့ကွာ"
မကွေးတံတားချဉ်းကပ်လမ်းအောက် ကမ်းနားလမ်းပေါ်က ဆိုင်တစ်ဆိုင်တွင် မနက်ဖြန်စာမေးပွဲဖြေမည့် ကျောင်းသားနှစ်ယောက် ထိုင်နေသည်။
မကွေးတံတားသည် မီးရောင်အောက်တွင် လှနေသည်။ တံတား၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ မင်းဘူးမြို့နှင့် မကွေးမြို့ကို ဆက်သည်။ သူ့ကျောကုန်းပေါ်မှာ အပြန်အသွားခရီးသွားများ ခေါက်တုံ့ခေါက်ပြန် လှုပ်ရှားနေသည်။ သူကတော့ မြစ်ကြီး ဧရာဝတီ၏ ရေစီးထဲတွင် ကင်းခြေများလို များလှသော သူ့လက်တန်များကို ရေစိုခံပြီး ရပ်လျက် သူ့ကျောကိုတော့ ဖြောင့်စင်းထားလေတော့သည်။ မကွေးတံတား လှသည်။ သူ့တာဝန်သည် လှသည်။ သူပုံရိပ်ပါသော နေထွက်ချိန်သည် နုပျိုသည်။ သူ့ဟန်ပါသော နေဝင်ချိန်သည် ပန်းချီကားဆန်သည်။ သူ့ကျောအောက်က ဖြတ်သန်းသွားသော တွန်းသင်္ဘော၊ ဆွဲသင်္ဘော၏ ရုန်းကန်လှုပ်ရှားသံများ၊ လှေထိုးသား၊ ကိုတံငါတို့၏ ဝမ်းရေးမြည်သံများ၊ မြစ်ကမ်းမှ ရေချိုးနေသူတို့၏ ရွှင်လန်းသံ၊ မြစ်လယ် ထွန်းနေသော သောင်ကျွန်းပေါ်က ကြက်သွန်၊ မုံညင်းစိုက်သူတို့၏ တဲငယ်ထဲမှ စကားသံတို့ကို သူ နားဆင်ပေးဟန် ရှိသည်။ တက္ကသိုလ်ကျောင်းသားကျောင်းသူတို့၏ ဘဝအမောများကိုလည်း သူ နားရည်ဝနေပြီးသား ဖြစ်ဟန်တူသည်။
"ငါတို့အိမ်က ငွေရေးကြေးရေး အဆင်မပြေဘူးကွ"
"အေး"
"သူတို့ရတဲ့ ဝန်ထမ်းလစာလေးတွေနဲ့ ထားရတာ။ ကျောင်းစရိတ်ကကြီးတော့ အကြွေးလည်း ယူရတယ်"
"အေးကွ၊ သားကြီးရ။ ခုချိန်မှ ဘာလုပ်လို့ ရတော့မှာလဲ"
"အေးကွာ"
"မင်း ကြည့်ရတာ ကြေကွဲနေပုံပဲ"
"မမ ဘေးမှာ ဘဲတစ်ဗွေ ထိုင်နေတာ တွေ့လိုက်တယ်ကွ"
"မင်း ဖွင့်တောင် မပြောဘဲ အသည်းကွဲ မနေနဲ့။ သောက်ဦး"
"ငါ ကျောင်းမတက်ချင်ဘူးကွာ။ ငါတို့ ဝါသနာနဲ့ လွဲနေပြီ ထင်တယ်"
"အဲဒါတော့ ဟုတ်မယ် ငါ့ကောင်။ ဒါပေမဲ့ စခဲ့တဲ့ ခရီးကတော့ အဆုံးထိ လျှောက်ရမှာပဲ။ အမ်.ဘီ.,ဘီ.အက်စ်ဆိုတဲ့ တောင်ကုန်းကို ကျော်ရင် မင်းလုပ်ချင်တာ လုပ်ပေတော့"
"ငါတို့ ကျော်ပါ့မလားကွ"
"ငါလည်း မသိဘူးကွ"
(၇)
မီးထွန်းထားသော တံတားကြီး လှပနေသည်။ မြစ်ရေပြင်ကတော့ မီးအလင်းပြန်ခြင်းကလွဲ၍ မှောင်မည်းသည်။ ညရောက်လာလေလေ အေးမြသော လေပြေလေးများ တိုးဝှေ့လာလေလေ။ အခြားသူများအတွက် အေးမြနေပါလိမ့်မည်။
ကျွန်တော်သည် မကွေးတံတားကြီးကဲ့သို့ မရိုးရှင်းခဲ့ပါ။ ကျောင်းသားတစ်ယောက်၏ တာဝန် လစ်ဟင်းခဲ့သည်။ တွန်းသင်္ဘော၊ ဆွဲသင်္ဘောတို့ကဲ့သို့ ရည်ရွယ်ရာသို့ ရောက်ရန် တွန်းနိုင်စွမ်း၊ ရည်ရွယ်ရာ၏ ဆန့်ကျင်ဘက်မှ ရုန်းနိုင်စွမ်းရှိသော အင်ဂျင်တစ်လုံး ကျွန်တော့်စိတ်တွင် တပ်ဆင်လိုသည်။ စိတ်ဖျော်ဖြေမှုရေစီးတွင် မျောပါနေသော ဒိုက်သရောများက ကျွန်တော်လား။ ကျွန်တော့်ကိုယ် ကျွန်တော် ဧရာဝတီမြစ်ထဲမှာ စီးမျောနေသလို ခံစားရသည်။ ရေစုန်လား။ ရေဆန်လား။ ဘဝဆိုသည် နိမ့်ရာက မြင့်ရာသို့ စီးဆင်းနေသော မြစ်တစ်စင်း မဖြစ်သင့်ဘူးလား။ ဘယ်ကိုလွှင့်ချင်လဲ မသိသော သင်္ဘောအတွက် စဉ်းစားရကျပ်နေသည်။ ကျွန်တော် မှားနေပြီ ထင်သည်။ လူဆိုတာ အမှားနှင့် မကင်းနိုင်ပါဟု ဖြေသိမ့်မိသော်လည်း ဘဝစာမေးပွဲသည် "မိုင်းနပ်စစ်စတမ်"ပါမပါ သေချာမပြောနိုင်ခဲ့ပါ။ သို့သော် လူပီသသော လူတစ်ယောက်ဖြစ်ရန်သင့်ကြောင်း ကျွန်တော် ဆုံးဖြတ်လိုက်သည်။ အမေပေးသော ပိုက်ဆံဖြင့် ဘီယာသောက်ခဲ့သော ကျွန်တော် အမေ အောင်စေလိုသော စာမေးပွဲကို ဖြေရန် တိုက်ပွဲဝင်ပါမည်။
(၈)
ည ၁၀နာရီ ထိုးပြီ။ အဆောင်ပြန်ရောက်ပြီ။ နောင်တနှင့် ပြည့်လျှံနေသော စိတ်ဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းတံခါးကိုပိတ်၊ ချက်ထိုးလိုက်သည်။ စားပွဲပေါ်ဝယ် မနက်ဖြန်ဖြေမည့် အနာတမီ(Human Anatomy ခန္ဓာဗေဒ)စာအုပ်ကို တွေ့သည်။ မမ၏ ပုံရိပ်ကို အထင်းသား တွေးမိသည်။ အသည်းကွဲဝတ္ထုစာအုပ်အသစ်လည်း ခုတင်ပေါ်တွင် ရှိနေသည်။ ဂစ်တာတစ်လက်က နံရံမှာ ချိတ်ဆွဲလျက်ရှိသည်။ အမေ နေ့လယ်က ဖုန်းဆက်ကြောင်း သတိရသည်။ ဘီယာကြောင့် နည်းနည်း ခပ်ထွေထွေဖြစ်နေသည်။ မေတ္တာကို အလွဲသုံးစားမလုပ်တတ်သော လူတစ်ယောက်အဖြစ် ကျွန်တော် ရွက်လွှင့်ပါတော့မည်။ ထိုစဉ် လျှပ်စစ်မီးပြတ်၍ မှောင်မိုက်သွားခဲ့သည်။
ရိန်ဇော်
#reinzaw
Keep Reading