သိုက်စိုးထွန်း(နတ်ရွာ)
‘သင့်ကြောင့် မီးမလောင်ပါစေနှင့်’ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို ရပ်ထဲရွာထဲမှာ မကြာမကြာ တွေ့ရလေ့ရှိပါတယ်။ ဒီစာသားနဲ့အတူ ‘လမ်းသွားရင်းဆေးလိပ်မသောက်ရ’တို့၊ ‘မီးသတိပြု’တို့၊ ‘ဤရပ်ကွက်အတွင်း လုံးဝမီးမလောင်စေရ’တို့၊ ‘မီးဘေးရှောင်မလောင်ခင်တား’ တို့ဆိုတာမျိုးတွေလည်း တွဲပြီးတွေ့ရတတ်ပါသေးတယ်။ သဘောကတော့ မီးဘေးအန္တရာယ်နဲ့ပတ်သက်လို့ မပေါ့မဆကြဖို့ သတိပေး နေကြတာပါ။
မိုးကုန်လို့ဆောင်းရောက်၊ ဆောင်းကုန်ပြန်လို့ နွေဦးပေါက်လာပြီဆိုတာနဲ့၊ ပွင့်လင်းရာသီရောက် လာပြီဆိုတာနဲ့ ‘ရန်သူငါးပါးထဲမှာ၊ အင်မတန်ဆိုးရွားလှတာ၊ မညှာမတာဘယ်သူ့မှမထောက်ပါ၊ သူခိုးဓားပြထက် ဆိုးတဲ့ရန်သူဟာ’ ဆိုတဲ့ အဆိုတော်ကြီးကိုထွန်းရွှေရဲ့ သီချင်းသံကိုလည်း မကြာခဏ နားသောတဆင်ကြရလေ့ရှိပါတယ်။ ဗုဒ္ဓဝါဒအလိုအရ မီးဟာ ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်ပါသတဲ့။ ဟုတ်တော့လည်းဟုတ်ပါရဲ့။ စောစောကသီချင်းထဲကလိုဆိုရင် ‘လူခိုးရင်အထုပ်ကျန်မှာ၊ မီးလောင်ရင်တော့ အပြုတ်နှံတော့မည်သာ’တဲ့။ ကိုယ့်ပစ္စည်းဆိုလို့ ကိုယ့်လက်ကဆွဲထွက်လာတဲ့ အထုပ်ကလေးအထည်ကလေးကလွဲလို့ အိုးအိမ်တိုက်တာတွေရော ခြံစည်းရိုးပါမကျန် ဝါးမြိုသွားတတ် ပါတယ်။ ကိုယ့်အိမ်ဝန်းကိုယ်တောင် မမှတ်မိတော့လောက်အောင် အခြေအနေဆိုးသွားတတ်ပါတယ်။
ရွာတစ်ခြမ်းလောက်လောင်သွားတဲ့မီးကြီးတွေ၊ ဈေးကြီးတစ်ခုလုံးလောင်သွားတဲ့မီးကြီးတွေ၊ တစ်ရပ်ကွက်လုံးပေါင်းလို့မှ အိမ်ကောင်းကလေး သုံးလေးငါးလုံးလောက်သာကျန်တော့လောက်အောင် လောင်သွားတဲ့မီးကြီးတွေ၊ သစ်တောကြီးတစ်ခုလုံးလောင်ကျွမ်းသွားလို့ လူတွေရော တောရိုင်းတိရစ္ဆာန်တွေ ပါ မီးထဲပါ၊ ပိုးလိုးပက်လက်တွေဖြစ်လို့ အကုန်ဒုက္ခရောက်ကုန်ကြရတဲ့မီးကြီးတွေ၊ လူ့သမိုင်းမှာ ဆိုးရွား ပြင်းထန်စွာလောင်မြိုက်ခဲ့တဲ့မီးကြီးတွေ အတော်များခဲ့တာကို တွေ့ရမှာပါ။ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်တဲ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ဆိုင်ရာအချက်အလက်တွေကိုကြည့်လိုက်ရင်လည်း ဒီမီးတွေကြောင့် လူပေါင်း များစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးပါးလွင့်ပျောက်ခဲ့ရတာတွေ တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာ ကြတယ်ဆိုတာကို တွေ့ရမှာပါ။
ဒီမီးကြီးတွေရဲ့အစကနဦးဖြစ်တည်မှုကိုလေ့လာကြည့်လိုက်မယ်ဆိုရင် လမ်းသွားရင်းဆေးလိပ် သောက်ပြီး မီးမငြှိမ်းရသေးတဲ့လက်ကျန်ဆေးလိပ်တိုကလေးကို လွှင့်ပစ်လိုက်မိရာက ကောက်ရိုးပုံပေါ် ကျပြီး ကောက်ရိုးပုံကိုမီးထလောင်၊ ဒီကတစ်ဆင့် ဘေးနားက နွားစာတိုက်၊ ပြီးတော့ မီးဖိုချောင် စသည် အားဖြင့် တစ်ဆင့်တစ်ဆင့်ကူးပြီး ရွာလုံးကျွတ်ရတဲ့အဖြစ်မျိုးတွေရှိတတ်သလို ဝါဂွမ်းကနေ ဗိုင်းတောင့် ဖြစ်အောင်၊ ဗိုင်းတောင့်ကနေ ချည်ခင်ဖြစ်အောင်ဆောင်၊ ဗိုင်းတောင့်ကချည်ဖြစ်၊ ချည်ကနေစောင်ဖြစ်အောင် လုပ်နေတဲ့စက်ထဲမှာ ကျောက်ခဲသေးသေးလေးတစ်လုံးညပ်ပါသွားလို့ ကျောက်ခဲကမီးပွင့်၊ မီးပွင့်ကနေ နီးစပ်ရာအကုန်ကူးပြီး စက်ရုံတစ်ခုလုံးလောင်ကျွမ်းသွားတာမျိုးလည်းရှိတတ်ပါတယ်။ မီးပူတိုက်ရင်း ဖုန်းလာလို့ စကားထပြောနေရာကတစ်ဆင့် အင်္ကျီတွေမီးလောင်၊ ဒီကတစ်ဆင့် တစ်အိမ်လုံး ပြောင်ရ တာတွေ၊ စာကျက်ရင်းငိုက်သွားလို့ ဖယောင်းတိုင်လဲကျပြီး ခြင်ထောင်ကတစ်ဆင့် မီးလောင်သွားတာတွေ၊ ရေနွေးအိုးတည်ရာက အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်လို့ မီးလောင်ရတာတွေ စသည်စသည်အားဖြင့် အမျိုးမျိုးရှိကြပါတယ်။
လေတိုက်လို့ သစ်ကိုင်းချောက်ချင်းပွတ်တိုက်မိရာက တောမီထလောင်တတ်သလို တောင်စောင်းကလိမ့်ကျလာတဲ့ ကျောက်တုံးနဲ့ အောက်ခံကျောက်တုံးတိုက်မိ၊ မီးတွေပွင့်၊ ဘေးကသစ်ရွက်ခြောက်ကိုကူးလာပြီး တစ်တောလုံးနီးပါး လောင်သွားတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။
မီးရဲ့အစက ဘယ်လောက်ပဲသေးငယ်သည်ဖြစ်စေ သူတကယ်အင်အားကြီးလာချိန်မှာတော့ တွေ့တွေ့သမျှ သက်ရှိသက်မဲ့တွေကို သနားညှာတာမှုကင်းမဲ့စွာနဲ့ ဝါးမြိုလောင်မြိုက်သွားတတ်ပါတယ်။ တောမီးလောင်ရင် တောကြောင်လက်ခမောင်းခတ်သတဲ့။ မီးလောင်လို့ အသက်လုပြီး ပြေးလွှားထွက်ပြေးလာတဲ့ အကောင်ပလောင်လေးတွေကို တောကြောင်တွေက စောင့်ဆိုင်းခုန်အုပ်ပြီး သတ်ဖြတ်စားသောက်ကြဟန်တူပါရဲ့။ ရပ်ထဲရွာထဲမီးလောင်တဲ့အခါမှာလည်း သူ့အိမ်ကိုယ့်အိမ်မခွဲခြားဘဲ လောင်တဲ့အိမ်ဆီအကုန်ပြေးလာပြီး တွေ့ကရာရေတွေ၊ သဲတွေနဲ့ တက်ညီလက်ညီဝိုင်းဝန်းငြှိမ်းသတ်ပေး ကြသူတွေရှိသလို မီးသင့်အိမ်ကိုကူညီသလိုလိုနဲ့ အိမ်ထဲပြေးဝင်၊ တွေ့ကရာအထုပ်ထမ်းပြီး ကိုယ့်အိမ်ကိုယ် လစ်ပြေးသူတွေလည်း ရှိတတ်ပါတယ်။ မီးလောင်နေတုန်းမှာ၊ မီးလောင်ပြီးတဲ့အခါ လူဆိုးသူခိုးအန္တရာယ် ကင်းအောင် စောင့်ရှောက်ပေးရတာကလည်း အလုပ်ကြီးတစ်ခုဖြစ်လာပါတယ်။
လောင်ကျွမ်းမှုအန္တရာယ်ကြီးရင်ကြီးသလောက် ဒုက္ခတွေရောက်တတ်ကြတာမို့ မီးလောင်ချိန် မှာဆိုရင် စိတ်ပူတာကတစ်ဖက်၊ ဒေါသထွက်တာကတစ်ဖက် ဖြစ်နေတတ်ကြပါတယ်။ ဒီမီးကိုဘယ်သူရှို့ သလဲဆိုတာသိလို့ကတော့ ဒီလူကိုအမဲဖျက်လိုက်ကြဖို့ဝန်မလေးဘဲဖြစ်သွားတတ်ကြပါတယ်။ ပေါ့ဆမိလို့ လောင်ရတာပါဆိုတဲ့အဖြစ်မျိုးကိုတောင် တစ်ခါတစ်ခါခွင့်မလွှတ်တတ်ကြပါဘူး။ စလောင်တဲ့အိမ်ကလူကို ဆွဲပြီးမီးထဲတွန်းပို့ချင်သူတွေရှိတတ်တာကြောင့် မီးကြီးကြီးများလောင်ပြီဆိုရင် စလောင်တဲ့အိမ်ကလူက အသက်လုပြီး ဒီရပ်ရွာနဲ့ဝေးနိုင်သမျှ ဝေးဝေးပြေးပုန်းနေရပြီး စိတ်လက်အေးကြချိန်လောက်ရောက်မှ ကိုယ့်အိမ်ကိုယ့်ရွာပြန်ကပ်ရတာမျိုးတွေတောင်ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် မီးဆိုတာကတော့ ဘယ်အချိန်လောင်လောင်၊ ဘယ်လောက်ပဲလောင်လောင် ဆုံးရှုံး ပျက်စီးမှုတွေကိုသာဖြစ်စေနိုင်တာမို့ မီးသတိရှိသူတွေက မီးဘေးအန္တရာယ်ကင်းဝေးရေးကို အထူး အလေးထားပြီး ဆောင်ရွက်နေကြပါတယ်။ အချိန်အခါအလိုက် ချက်ပြုတ်ပြီးတာနဲ့ မီးဖိုထဲမှာ မီးကြွင်းမီးကျန်တွေရှိမနေရစ်အောင်၊ မီးလောင်လွယ်တဲ့ပစ္စည်းပစ္စယတွေ ရပ်ထဲရွာထဲမှာ ရှိမနေအောင်၊ အမှိုက်သရိုက်တွေရှင်းလင်းနေအောင်၊ မီးချိတ်၊ မီးခတ်၊ မီးသတ်ဆေးဘူး၊ ရေ၊ သဲအစုံအလင်အဆင်သင့်ထားနိုင်အောင် စသည်အားဖြင့် ဆောင်ရွက်ကြရတာတွေရှိသလို တောမီး လောင်ချိန်မြို့ထဲရွာထဲကူးမလာအောင် မီးတားလမ်းတွေ ဖောက်ကြရတာလည်း ပုံမှန်အလုပ်ဖြစ်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ မီးသတ်ဥသြသံကြီးတွေမကြားရဖို့ အရေးအတွက် တစ်ယောက်တစ်လက် ပါဝင်ဆောင်ရွက်ကြဖို့လည်း အရေးကြီးတာကို တွေ့ရမှာပါ။
အကောင်အထည်ဒြပ်နဲ့ ကိုယ်ထင်ပြပြီး တဝုန်းဝုန်းလောင်မြိုက်သွားတဲ့မီးကိုတော့ တကယ်ကြောက် ကြလို့ တကယ်ကာကွယ်ကြသလို၊ လောင်နေချိန်မှာ တကယ်ဝိုင်းဝန်းငြှိမ်းသတ်ကြသလို၊ မီးဘေးအန္တရာယ်ကို လူတိုင်းသိရှိနားလည်ကြသလို လူတွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတတ်တဲ့ မီးတွေရဲ့ အန္တရာယ်ကိုလည်း သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။
ဝိဋဋူဘရဲ့ရင်ထဲမှာပေါက်ဖွားခဲ့တဲ့ မီးပွားလေးတစ်ခုကြောင့် ဘုရားရှင်ရဲ့ သကျသာကိယ ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်း သေကြေပျက်စီးခဲ့ရတဲ့အဖြစ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဟစ်တလာရဲ့ ရင်မှာဖြစ်တည်ခဲ့တဲ့ မီးစလေးတစ်ခုကြောင့် ဂျူးမျိုးနွယ်တွေ သေကြေပျက်စီးခဲ့ရပါတယ်။ တစ်ခါတစ်ခါ ကျတော့လည်း အဖြစ်အပျက်တွေက မယုံနိုင်လောက်အောင်ဖြစ်နေကြပြန်တယ်။ ကျောင်းသားလူငယ် တွေနဲ့ အရပ်သားလူငယ်တွေ ဟိုသီချင်းဖွင့်မယ်၊ ဒီသီချင်းဖွင့်မယ်အငြင်းပွားရာကတစ်ဆင့် ခိုက်ရန်ဒေါသတွေဖြစ်ပြီး တစ်စတစ်စကူးစက်လောင်ကျွမ်းလို့ အရေးအခင်းကြီးအသွင်ပြောင်းသွားတာမျိုး၊ ဆန္ဒပြသူတစ်ယောက် မကျေမနပ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်မီးရှို့ပစ်ရာကတစ်ဆင့် အနီးပတ်ဝန်းကျင်က လူတွေရဲ့ရင်ထဲကို ဒေါသမီးကူးစက်လောင်ကျွမ်းပြီး တစ်နိုင်ငံလုံးထိန်းမနိုင်သိမ်းမရလောက်အောင် ရုန်းရင်းဆန်ခတ်ဖြစ်သွားတာမျိုး၊ အစကဘာမှမဖြစ်လောက်ဘူးထင်ရတဲ့မီးပွာလေးတစ်ခုက မယုံနိုင် လောက်အောင် ကူးစက်လောင်ကျွမ်းပြီး မီးဟုန်းဟုန်းတောက်ရတာမျိုးတွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ဖူးကြတာကိုတွေ့ရမှာပါ။ ကိုယ့်ပတ်ဝန်းကျင်ထဲမှာလည်း ဘာမှမဖြစ်လောက်တဲ့ သေးသေးငယ်ငယ်ပြဿနာလေးကနေ ပြဿနာကြီးဖြစ်လာတာကို တွေ့ဖူးကြမှာပါ။
စလိုက်တဲ့မီးပွားလေးတစ်ခုက ဘယ်အတိုင်းအတာအထိ ကြီးမားကျယ်ပြန့်သွားနိုင်မယ်ဆိုတာက သူဘယ်နေရာမှာစတင်ဖြစ်ပွားခဲ့သလဲ၊ စတင်ဖြစ်ပွားရာပတ်ဝန်းကျင်မှာ ဘယ်လိုလောင်စာတွေ ရှိနေသလဲ ဆိုတဲ့အခြေအနေအပေါ်မှာ မူတည်နေမှာပါ။ အစကရှိနေတဲ့ အထွေထွေမကျေနပ်မှုတွေက ပေါက်ကွဲ ပွင့်အန်စရာအခြေအနေတစ်ခုနဲ့ကြုံလာတဲ့အခါ အားလုံးထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဝုန်းခနဲပွင့်ထွက်ကုန်ကြ တာပါ။
ကိုယ်ကစကားလေးတစ်ခွန်းသွားပြောလိုက်မိတယ်။ ပြောလိုက်တဲ့စကားလေးကလည်း ဘာရယ် လို့တော့ သိပ်မဟုတ်ဘူး။ ပြောတဲ့သူကလည်း ရိုးရိုးတန်းတန်း သဘောရိုးနဲ့ပြောလိုက်တာ။ ဒါပေမဲ့ ဟိုတစ်ဘက်မှာကျတော့ အကြီးအကျယ်ပေါက်ကွဲမှုကြီးဖြစ်သွားပြီးတော့ ပြဿနာက တမုဟုတ်ချင်း အဆမတန်ကြီးသွားရော။ ဒီအဖြစ်မျိုးတွေကြုံဖူးကောင်း ကြုံဖူးကြပါလိမ့်မယ်။
တကယ်တော့ ဒီလိုမီးမျိုးကို သေသေချာချာဖန်တီးယူလိုတဲ့သူတွေ၊ တကယ်လက်တွေ့ ဖန်တီးနေ သူတွေ အများကြီးရှိကြပါတယ်။ ဘယ်နေရာမှာပြဿနာရှိသလဲ၊ ဘယ်သူနဲ့ဘယ်သူ မကျေမလည်ဖြစ်နေ ကြသလဲ၊ ဘယ်အဖွဲ့အစည်းကြားမှာ ဘယ်သူတွေမကျေမချမ်းဖြစ်နေကြသလဲဆိုတာမျိုးတွေကို စနစ်တကျ လေ့လာတယ်။ ပြဿနာရဲ့လမ်းစကိုတွေ့ပြီဆိုတာနဲ့ ပြဿနာသေးရာကကြီးလာအောင်၊ ကြီးရာက ဖြေရှင်းမရတော့လောက်အောင် ဖြစ်လာဖို့အတွက် မီးလောင်ရာလေပင့်တတ်ပါတယ်။ မီးမလောင်သေးဘူး ဆိုရင် စမွှေးလိုက်တတ်ပါတယ်။
ဘာ့ကြောင့်လေပင့်ချင်ကြသလဲ၊ ဘာ့ကြောင့်မီးမွှေးချင်ကြသလဲဆိုတော့ ဒီမီးကြားကနေ အကျိုးအမြတ်ရလိုလို့ပဲဖြစ်ဖြစ် လောင်ကျွမ်းသွားမယ့်နေရာတွေမှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာတာကို မြင်ချင်လို့ပဲဖြစ်ဖြစ် ရည်ရွယ်ချက်တစ်မျိုးမျိုးတော့ ရှိနေတတ်ကြပါတယ်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်တဲ့ကိန်းလို သူများတွေအဆင်မပြေဖြစ်နေတဲ့အခြေအနေကြားမှာ အကျိုးအမြတ်တစ်ခု ရအောင်ဖန်တီးယူလိုတာကြောင့် မီးပွားလေးတွေ ဟိုမွှေးဒီမွှေးနဲ့ အကုန်ပတ်ပြီးမီးရှို့နေတတ်ကြပါတယ်။
တစ်ဖွဲ့နဲ့တစ်ဖွဲ့အဆင်ပြေနေရင် ဒီနှစ်ဖွဲ့ကြားက ညီညွတ်ရေးကို မပျက်ပျက်အောင်၊ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်ရင်းနှီးနေကြရင် ဒီနှစ်ယောက်ကြားက ချစ်ချင်းမေတ္တာတွေ ကွယ်ပျောက်သွားအောင် တစ်နည်းနည်းနဲ့ ကြံဖန်ပြီး သွေးခွဲတတ်ကြပါတယ်။ ပိသုဏဝါစာအဖုံဖုံနဲ့ မီးရှို့တတ်တဲ့နည်းလမ်းတွေကို နယ်ပယ်အသီးသီးမှာ ကျင့်သုံးသူတွေရှိနေတတ်ပါတယ်။ ရပ်ကွက်သာရေးနာရေးအသင်းလေးထဲမှာ သပ်လျှို သွေးခွဲသူတွေရှိတတ်သလို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကြားမှာ တစ်ဘက်နဲ့တစ်ဘက် သို့လောသို့လော သံသယပွားအောင်တို့ချင်ရှို့ချင်သူတွေလည်းရှိနေတတ်ပါတယ်။ ဒီ့ထက်တစ်ဆင့်တက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ဟိုဘက်နိုင်ငံအစုနဲ့ ဒီဘက်နိုင်ငံအစု အချင်းချင်းမသင့်မမြတ်ဖြစ်သွားအောင် ရှို့ချင်သူတွေလည်း ရှိတတ်ပါတယ်။ တို့ခြင်းရှို့ခြင်းအလုပ်ကိုမှ မဟာဗျူဟာတစ်ရပ်အဖြစ်ချမှတ်ထားပြီး ဟိုတို့ဒီရှို့လုပ်ကြလေ့ရှိပြန်ပါတယ်။ ဖြစ်လာတဲ့ပြဿနာတွေ ကြီးလေလေ သူတို့ရဲ့အောင်မြင်မှု ကြီးလေလေ လို့ မှတ်ယူပြီး ကျေနပ်နေတတ်ကြပါတယ်။
ရည်ရွယ်ချက်ရှိရှိရှို့ကြသူတွေအတွက်က သူတို့ကြောင့်မီးလောင်သွားတာအကြောင်းမဟုတ်ပေမယ့် သူလိုကိုယ်လိုသာမန်လူတွေအတွက်ကျတော့ မရည်ရွယ်ဘဲအမှတ်တမဲ့အနေနဲ့ ကိုယ့်စကားလေးတစ်ခွန်း၊ ကိုယ့်လုပ်ရပ်လေးတစ်ခုကြောင့် တစ်နေရာရာမှာ မီးလောင်မသွားဖို့ သတိထားကြရမှာပါ။ မှန်ရာကို လုပ်ပေမယ့် တစ်ဘက်မှာ မဟုတ်တာတွေဖြစ်သွားမယ်ဆိုရင်၊ ဟုတ်တာတွေပြောပေမယ့် တစ်ဘက်နဲ့ တစ်ဘက်ကြားမှာ ဒေါသတွေအမုန်းတွေပွားသွားစေမယ်ဆိုရင် ဒီအလုပ်၊ ဒီအပြောတွေကို ရပ်တန်းက ရပ်နိုင်ဖို့လိုမှာပါ။
ပေါ့ဆမီးကြောင့် တစ်ရွာလုံးတစ်ရပ်လုံးဒုက္ခရောက်ရတတ်သလို အမှတ်မထင် ပေါ့ပေါ့ဆဆ ပြောလိုက်တဲ့စကားလေးတစ်ခွန်း၊ ပေါ့ပေါ့ဆဆလုပ်လိုက်တဲ့ လုပ်ရပ်လေးတစ်ခုကြောင့် တစ်ဘက်မှာ အမုန်းမီး၊ သံသယမီးတွေပွားပြီး ဒုက္ခများကုန်တတ်တာကို သတိပြုကြရမှာဖြစ်ပါတယ်။
ရည်ရွယ်ချက်ရှိရှိနဲ့လုပ်လိုက်လို့ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့နဲ့လုပ်လိုက်လို့ပဲဖြစ်ဖြစ် ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခရောက်သွားရမယ်ဆိုရင်တော့ မကောင်းပါဘူး။ ဒါ့ကြောင့် ပြောဆိုလုပ်ကိုင်ရာမှာ ကိုယ့်ရဲ့စကားတစ်ခွန်း၊ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုက တစ်နေရာရာမှာများ မီးပွားလေးဖြစ်ပြီး လောင်မြိုက် သွားလေမလားဆိုတာကို သတိထားပြီး မပြောသင့်မလုပ်သင့်တာကို မပြောမိမလုပ်မိအောင် ဆင်ခြင် ကြရမှာဖြစ်ပါတယ်။
မီးမလောင်ဖို့အတွက် သတိထားရသလို တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ ဒေါသမီး၊ သံသယမီး၊ အာဃာတမီးတွေမလောင်စေဖို့အတွက်လည်း သတိကြီးကြီးထားကြရမှာဖြစ် ပါတယ်။ တောမီးအန္တရာယ်မသင့်စေဖို့ မီးတားလမ်းတွေဆောင်ရွက်ကြရသလို မေတ္တာမီးတားလမ်း၊ အပြန်အလှန်နားလည်ယုံကြည်မှု မီးတားလမ်းတွေလည်း ဖောက်ထားကြရမှာဖြစ်ပါတယ်။ မတော်လို့ လောင်ခဲ့ရင် အမြန်ငြှိမ်းနိုင်ဖို့ကြိုးစားကြရသလို တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ အမုန်းမီးတွေလောင်နေတာတွေ့ရင်လည်း ကိုယ်စွမ်းနိုင်ရာဘက်က ဝိုင်းဝန်းငြှိမ်းသတ်ပေးကြရမှာ ဖြစ်ပါတယ်။ ငြှိမ်းပေးနိုင်တာ၊ မပေးနိုင်တာနောက်ထားလို့ မီးလောင်ရာကို လေမပင့်ဖြစ်ဖို့တော့ သတိထား ရမှာဖြစ်ပါတယ်။
ဘယ်သူ့ကြောင့်မီးလောင်တာ၊ မလောင်တာနောက်ထားလို့ ကိုယ့်ကြောင့်တော့ မီးမလောင်ဖို့ အရေးကြီးပါတယ်။ ပညာရှိ သတိဖြစ်ခဲဆိုသလို အမှတ်တမဲ့ဖြစ်သွားတတ်လွန်းလို့ သတိပေးလိုက်ပါရစေ။
‘သင့်ကြောင့် မီးမလောင်ပါစေနှင့်’
သိုက်စိုးထွန်း(နတ်ရွာ)
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ်
The Voice Daily သတင်းစာ
Keep Reading